ဆယ်ကျော်သက်အရွယ်ကနေ နှစ်ဆယ်ကျော်အထိ လူငယ်လို့ သတ်မှတ်ခံရသလို၊
လူကြီးတွေကလည်း ကိုယ့်ထက်ငယ်သူတွေကို လူငယ်လို့ ခေါ်တတ်ကြသည်။ အသက်
သုံးဆယ်ကျော် ကျမက ဆယ်ကျော်သက်များနဲ့ နှစ်ဆယ်ကျော်သက်များကို
လူငယ်များလို့မြင်သလို၊ အသက် ငါးဆယ်ကျော် လူကြီးများက ကျမကို
လူငယ်တယောက်ဟုပင် မြင်ကြသည်။ တကယ်တော့ လူငယ်ဆိုသည်မှာ အသက်အရွယ်ကို
ရည်ညွှန်းခြင်းထက်၊ ခေတ်တခုကို လက်ဆင့်ကမ်း သယ်ဆောင်မည့် မျိုးဆက်တခုနဲ့
ပိုသက်ဆိုင်မည်။ မျိုးဆက် (generation) တခုဟာ အနှစ် ၃၀ လောက် ရှိခဲ့ရင်၊
ကျမက လက်ရှိမျိုးဆက်ရဲ့ အဆုံးစွန်နားရောက်နေသလို၊ ဆယ်ကျော်သက်တွေကတော့
အစနားမှာရှိနေသည်။
ကျမအမြဲထိတွေ့ဆက်ဆံရသော လူငယ်များမှာ အသက် ၁၈ - ၂၇ ၀န်းကျင်လောက် ရှိကြသည်။
ကျမစာသင်ခဲ့သော စင်္ကာပူနိုင်ငံရှိ ပေါ်လီတက္ကနစ် (polytechnic) မှ
ကျောင်းသား/သူ များ၊ လက်ရှိစာသင်နေသော ထိုင်းနိုင်ငံရှိ တက္ကသိုလ်မှ
ကျောင်းသား/သူ များ၊ စေတနာ့ဝန်ထမ်းအဖြစ် ကျမစာသင်ပေးသောကျောင်းမှ
ကျောင်းသား/သူ များ၊ အပြင်မှာ တခါတလေ ဆုံရသော လူငယ်များ ဖြစ်ကြသည်။ မြန်မာ၊
စင်္ကာပူ၊ ဗီယက်နမ်၊ တရုတ်ပြည်၊ မလေးရှား၊ ထိုင်း၊ အိန္ဒိယ၊ သီရိလင်္ကာ စသော
နိုင်ငံပေါင်းစုံမှ လာကြသည်။
နိုင်ငံခြားတွင် ပညာလာသင်ကြသော လူငယ်အများအတွက် လွတ်လပ်မှု (independence)
သည် ကိုယ်လုပ်ချင်ရာလုပ်တာမျိုး ဖြစ်တတ်ကြသည်။ တကယ်တော့ မိဘများနဲ့ဝေးပြီး၊
ကိုယ့်ဘာသာ ထိန်းကြောင်းရသော လွတ်လပ်မှုမျိုး ဖြစ်သည်။ ထိုအခါ
ကိုယ့်ကိုယ်ကိုယ် ဘယ်လိုစည်းကမ်းတကျနေမလဲဆိုတာ အရေးကြီးလာသည်။
လွတ်လပ်ခြင်းနောက်တွင် (ကိုယ့်ဘာသာ) တာဝန်ယူတတ်ဖို့ လိုလာသည်။
ကိုယ့်လုပ်ရပ်တိုင်းရဲ့ ရလဒ်များကို သတ္တိရှိရှိ ရင်ဆိုင် တာဝန်ယူပြီး၊
သင်ခန်းစာယူတတ်ဖို့ ပြင်ဆင်ထားရမည်။
လူတိုင်း ကိုယ်မလုပ်ဖူးတာကို လက်တည့်စမ်းလိုစိတ်ရှိသည်။ ကျမကိုယ်တိုင်လည်း
ထိုသို့ပင်။ သို့သော် ကိုယ့်ဘ၀အတွက် ထိခိုက်သွားနိုင်သည့်
လက်တည့်စမ်းမှုမျိုးကိုတော့ ဘယ်တော့မှ လုပ်ဖို့ စိတ်မကူးခဲ့ပေ။ မိဘများက
ဆေးလိပ်မသောက်ရ၊ အရက်မသောက်ရ၊ ငယ်ငယ်ရွယ်ရွယ်နဲ့ ရည်းစားမထားရ၊ ညမိုးချုပ်
အပြင်မထွက်ရ စသည့် စည်းကမ်းများ ချတတ်ကြသည်။ ဒါဟာ မကောင်းဘူးလို့
ပြောကြသည်။ တကယ်လည်း အဲဒီလုပ်ရပ်တွေနောက်မှာ အမှားကျူးလွန်နိုင်စရာ အလားအလာ
အများကြီးရှိသည်။ လုံးဝရှောင်နိုင်ရင် အကောင်းဆုံးဖြစ်သည်။ အဲဒီအရာတွေ
လုပ်မိတဲ့လူငယ်တွေကိုလည်း မှားတယ် ဆိုးသွမ်းတယ်လို့ မဆိုနိုင်။ လူငယ်သဘာဝ
လက်တည့်စမ်းတာ ဖြစ်နိုင်သည်။ အဓိကက ဘယ်အရာမဆို အလွန်အကျွံ မဖြစ်ဘဲ balance
ဖြစ်ဖို့ပင်။ ကိုယ့်ဘ၀ အနာဂတ်ကို ထိခိုက်နိုင်လောက်အောင် မလုပ်ဖို့
အမြဲစဉ်းစားဆင်ခြင်ဥာဏ်ရှိအောင် ကိုယ့်ဘာသာ စည်းကမ်း (discipline)
ရှိဖို့ပင်။
နိုင်ငံခြားတွင် ကျောင်းသွားတက်ဖို့ဆိုတာ
မြန်မာလူငယ်တိုင်းလုပ်ချင်သော်လည်း မလုပ်နိုင်သောအရာ။ တချို့က ငွေကြေးအရ
မတတ်နိုင်။ တချို့ကျ ၀င်ခွင့်စာမေးပွဲ သတ်မှတ်ထားသော ၀င်ခွင့်လိုအပ်ချက်နဲ့
မပြည့်စုံ။ တချို့ဆို လေး ငါး နှစ်အထိ ၀င်ခွင့်စာမေးပွဲအောင်ဖို့
ကြိုးစားကြရသည်။
မြန်မာနိုင်ငံ မြ၀တီမြို့ တဘက်ကမ်းမှာရှိတဲ့၊ ထိုင်းနိုင်ငံ
မဲဆောက်မြို့မှာ လူငယ်တချို့နဲ့ ကျမ စကားဝိုင်းလုပ်ဖူးသည်။ သူတို့ကို
အနာဂတ်အတွက် ဘာမျှော်လင့်ချက်ရှိလဲလို့ ကျမကမေးတော့၊ အနည်းစုက
ထိုင်းနိုင်ငံ တက္ကသိုလ်တခုခုတွင် ကျောင်းတက်ချင်ကြသည်။ ဒါပေမယ့်
အဲလိုတက်နိုင်ဖို့ စကောလားရှစ် (scholarship) ရအောင် သူတို့ ကြိုးစားရမည်။
ကျောင်းသားပေါင်း ရာချီလျှောက်တဲ့ထဲက ဆယ်ဂဏန်းလောက်သာ ရွေးသောကြောင့်
စကောလားရှစ် ရဖို့က မလွယ်။ ထိုအနည်းစုကမှ သူတို့ဘာလုပ်ချင်လဲ သိကြသေးသည်။
ကျန်သည့်အများစုက သူတို့အနာဂတ်တွက် တိုးတက်ချင်သည်၊ သို့သော်
ဘာဆက်လုပ်ရမည်ဆိုတာ မသိ။ စကောလားရှစ်ရလောက်အောင် စာမေးပွဲဖြေနိုင်ဖို့
အခြေခံပညာအဆင့်အတန်းအရ သူတို့မှာမရှိ။ လုပ်နိုင်မည်လို့လည်း ကိုယ့်ဘာသာ
ယုံကြည်ချက် မရှိကြ။ မိဘတွေကလည်း ထောက်ပံ့မှုမပေးနိုင်။ သူတို့
ပတ်ဝန်းကျင်မှ အများစုလုပ်ကြသလို တနေ့လုပ်တနေ့စားပဲ ၀င်လုပ်ရမည်လား မရေမရာ
ဖြစ်နေကြရှာသည်။
ဒါကြောင့် စင်္ကာပူနိုင်ငံရှိ ပေါ်လီတက္ကနစ်မှ မြန်မာကျောင်းသား/သူ တချို့ ကို
သူတို့ကံကောင်းကြောင်း၊ ရရှိထားသော အခွင့်အရေးကို အလဟဿ
မဖြစ်ဖို့အရေးကြီးကြောင်း ကျမပြောပြလေ့ရှိသည်။ ဘ၀တွင် အချိန်ဆိုသည်မှာ
ကုန်ဆုံးပြီးသော ဘယ်လိုမှ နောက်ပြန်မလှည့်နိုင်သောအရာ ဖြစ်သည်။ ရရှိသော
အခွင့်အရေးကို ရရှိသော အချိန်တွင် မြဲမြဲဖမ်းဆုတ်ပြီး၊ အကျိုးရှိရှိ
အသုံးချတတ်ဖို့ အရေးကြီးသည်။ လူငယ်သဘာဝ ပျော်ပျော်နေတတ်ကြတာ မှန်ပေမယ့်၊
တနေ့တနေ့ အလေလိုက်နေမယ်ဆိုရင် အချိန်တွေ နှမြောစရာကောင်းလှသည်။ လူတယောက်ဟာ
ကိုယ့်ဘ၀ရဲ့ ဆယ်စုနှစ်တခုစာကို ပြန်ကြည့်လိုက်တိုင်း တိုးတက်မှုရှိနေတာကိုသာ
မြင်သင့်သည်။ အဲလိုမဟုတ်ခဲ့ရင် တခုခုလုပ်ဖို့ အချိန်တန်ပြီဆိုတာလည်း
ကိုယ့်ဘာသာ သိနားလည်သင့်သည်။
လူငယ်တွေ လမ်းမှားမရောက်အောင် စာများများဖတ်ဖို့ လိုတယ်၊ စာဖတ်မှ အမှား
အမှန် သိလာမယ် လို့ ဆိုကြသည်။ ကျမအမြင်မှာတော့ စာဖတ်တာက ပထမအဆင့်ဖြစ်သည်။
သို့သော် ခုခေတ်တွင် စာဖတ်ရုံနဲ့ မလုံလောက်တော့။ စာဖတ်တာဟာ စာအုပ်ထဲက
စကားလုံးကြီးကြီးတွေသုံးပြီး၊ လူတွေအထင်ကြီးအောင် ပြောဖို့ပဲ မဟုတ်။
ဘယ်လိုစာမျိုးကို ဖတ်မလဲ၊ ဖတ်ထားတဲ့စာတွေကို ဘယ်လိုအသုံးချမလဲ၊ ဘယ်လို
ပြန်သုံးသပ်မလဲ ဆိုတာတွေက ပိုအရေးကြီးလာသည်။
ကျမကတော့ လူငယ်တွေနဲ့ ပတ်သက်လာရင် လမ်းမှားပဲ ရောက်နေနေ၊ လမ်းမှန်ပဲ
ရောက်နေနေ၊ သူတို့ပြောတာတွေကို နားထောင်ပေးဖို့ပဲ အဆင်သင့်ပြင်ဆင်ထားသည်။
သူတို့ပြောတာ နားထောင်ပြီး ကျမအမြင်ကို ပြောပြသည်။ ဘယ်လိုလုပ်လိုက်ရင်
ဘယ်လိုဖြစ်လာနိုင်တယ်၊ ဘယ်လိုအချက်တွေ ထည့်စဉ်းစားရမယ် ဆိုတာတွေ ပြောသည်၊
ဆွေးနွေးသည်။ သို့သော် ဆုံးဖြတ်ချက်ကတော့ သူတို့ကိုယ်ပိုင်
ရွေးချယ်မှုပင်ဖြစ်သည်။ ကျမကိုယ်တိုင်လည်း ကိုယ်ပိုင်ရွေးချယ်မှုကိုပင်
တန်ဖိုးထားသည်။
နာမည်ကျော် အမေရိကန် လက်ဝှေ့ထိုးသမား ဖြစ်ခဲ့ဖူးသူ Muhammad Ali ကတော့ ..
လူတယောက်ရဲ့ အသက် ၂၀ အရွယ်က ဘ၀ကိုကြည့်တဲ့ပုံစံက၊ အသက် ၅၀ အထိ
အတူတူဖြစ်နေမယ်ဆိုခဲ့ရင် အဲဒီလူဟာ သူ့ဘ၀ရဲ့ အနှစ် ၃၀ ကို အလကား
နေပစ်လိုက်သလိုပဲ .. ဟု ဆိုခဲ့သည်။ လက်ရှိ ခေတ်သစ်ရဲ့လူငယ်တွေဟာ နောင်
အနှစ် ၃၀ ဆယ် မှာ ဘယ်လို လူကြီးတွေ ဖြစ်လာမလဲဆိုတာဟာ၊ သူတို့ရဲ့
ကိုယ်ပိုင်ရွေးချယ်မှုအပေါ် များစွာမူတည်နေသည်။
ပေါ်လီတက္ကနစ်မှ ကျမကျောင်းသူတချို့က သူတို့ တကယ်စိတ်ပါဝင်စားတဲ့ profession
နဲ့ လက်ရှိတက်နေတဲ့လိုင်းတို့ ကွဲလွဲနေလို့ ဘယ်လိုလုပ်ရမလဲလို့ ကျမကို
အကြံဥာဏ်တောင်းလေ့ရှိသည်။ ထိုသို့လူငယ်များတွက် ကျမအလွန်အားရမိသည်။ အသက်
နှစ်ဆယ်ကျော်အချိန်တွင် ဘ၀မှာ ဘယ်လို profession ကို လုပ်မလဲဆိုတာ
သူတို့အသေအချာ သိကြသည်။ ကျမသူတို့အရွယ်တုန်းက အင်ဂျင်နီယာအလုပ်ကို
နှစ်ခြိုက်ခဲ့ပေမယ့်၊ သူတို့လောက် မသေချာခဲ့။ ကိုယ့်ထက်ငယ်တဲ့
မြန်မာလူငယ်တွေက ကိုယ့်ထက် စိတ်ဓါတ်ပိုင်းဆိုင်ရာ၊ အနေအထိုင်၊ ခံယူချက်
စတာတို့ သာတာမျိုးကိုပဲ ကျမမြင်ချင်မိသည်။ (အဲလိုဖြစ်အောင်လည်း
တတ်နိုင်သလောက် ကြိုးစားမည်ဟု ဆုံးဖြတ်ထားသည်)။ နာမည်ကျော် သိပ္ပံပညာရှင်
Isaac Newton က “ကျနော်ဟာ သူများတွေထက် ပိုဝေးဝေးမြင်နိုင်တာ၊ ကျနော့်အရင်
မျိုးဆက်ရဲ့ ပုခုံးပေါ် တက်ကြည့်နိုင်လို့ ဖြစ်တယ်” လို့ ဆိုခဲ့သည်။
သူဆိုလိုချင်တာ မျိုးဆက်သစ်တွေဟာ မျိုးဆက်ဟောင်းတွေလုပ်ခဲ့တာအပေါ်
တဆင့်တက်ပြီးကြည့်နိုင်ရင်၊ မျိုးဆက်တခုစီဟာ ပို ပိုပြီး တိုးတက်နေမယ်
ဆိုတဲ့သဘောပါ။
လူငယ်တို့က သူတို့အပြုအမူအပေါ် ဝေဖန်ခံရတဲ့အခါ၊ ခေတ်မမှီဘူး၊
ရှေးဆန်တဲ့အတွေးတွေနဲ့ လာပြောနေတယ်လို့ တုန့်ပြန်တတ်ကြသည်။
မျိုးဆက်တခုနဲ့တခုကြားမှာ၊ အထူးသဖြင့် လူကြီးနဲ့လူငယ်ကြား မျိုးဆက်ကွာဟမှု
(generation gap) ကို လက်ညှိုးထိုးတတ်ကြသည်။ တချို့လူငယ်တွေအတွက်
ဂျင်းဘောင်းဘီ၊ တီရှပ်၊ စကပ်တို၊ ဘောင်းဘီတိုတို့ဝတ်မှ၊ မိုဘိုင်းဖုန်း
ကိုင်နိုင်မှ၊ Facebook ရှိမှ၊ ကဖေးထိုင်မှ၊ ကလပ်သွားမှ စတာတို့
ဖြစ်နိုင်သည်။ တကယ်တော့ ထိုသို့ ခေတ်မှီတာကို အဓိပ္ပါယ်ဖော်တာက
အပေါ်ယံဆန်လှသည်။
ခေတ်မှီရေးသို့ (becoming modern) နဲ့ ပတ်သက်ပြီး ဟားဗတ်တက္ကသိုလ်မှ
ပညာရှင်များက ဖွံ့ဖြိုးဆဲခြောက်နိုင်ငံမှ (Argentina, Chile, India,
Israel, Nigeria, Bangladesh) လူငယ် ၆၀၀၀ ကို သုတေသနလုပ်ထားတာကို
ဖတ်ဖူးသည်။ နိုင်ငံတနိုင်ငံ ခေတ်မှီလာဖို့အတွက် ဘယ်လိုခေတ်မှီတဲ့ လူငယ်တွေ
လိုအပ်သလဲဆိုတာကို ရှာဖွေလေ့လာခြင်းဖြစ်သည်။ သူတို့တွေ့ရှိချက်အရ
ခေတ်မှီလူသား (modern man) တွင် စရိုက်လက္ခဏာ လေးမျိုးရှိသည်။
(၁) သူဖြတ်သန်းနေသော ခေတ်မှာ အများတကာ ဘာတွေ ဖြစ်နေလဲ၊
ကိုယ့်နိုင်ငံနဲ့ကမ္ဘာမှာ ဘာတွေဖြစ်နေလဲ ဆိုတာတွေကို အစဉ်လေ့လာ၊
အသိပညာဖွံ့ဖြိုးပြီး၊ ခေတ်ကို ထဲထဲဝင်ဝင် စူးစမ်းလိုစိတ်ရှိသည်။
(၂) သူ့ကိုယ်ပိုင်လုပ်ရပ်ဟာ သူ့အတွက်သာမက၊ သူနဲ့ပတ်သက်နေတဲ့ ပတ်ဝန်းကျင်
(ကိုယ့်မိဘအသိုင်းအ၀ိုင်း၊ ကိုယ့်လူမျိုး၊ ကိုယ့်နိုင်ငံ) ကိုပါ
အကျိုးသက်ရောက်မှုရှိတယ်ဆိုတာ နားလည်သည်။
(၃) သူက လွတ်လပ်စွာ တွေးခေါ်ဆုံးဖြတ်သည်။ အထူးသဖြင့် ဘယ်တက္ကသိုလ်လိုင်းကို
ရွေးမလဲ၊ ဘယ်အလုပ်လုပ်မလဲ စတဲ့ ကိုယ်ပိုင်ကိစ္စများ ဆုံးဖြတ်ရာတွင်၊
ခေတ်ဟောင်းမှ အတွေးအခေါ် အယူအဆတို့ လွှမ်းမိုးခြင်းကို မခံ။
(၄) သူက အိုင်ဒီယာအသစ်၊ အတွေ့အကြုံအသစ်များအတွက် အမြဲ အသင့်ဖြစ်နေသည်။
သူ့တွင် ဖွင့်ထားသောစိတ် (open mind)၊ ဒါဆိုဒါမှဟု တယူသန်အစွဲမရှိသော၊
အသိအမြင်အားဖြင့် ပျော့ပြောင်းနိုင်စွမ်း (cognitive flexibility) ရှိသည်။
ထိုသုတေသနကို ၁၉၇၄ ခုနှစ်ကလုပ်ခဲ့ပေမယ့်၊ ခုချိန်ထိ အကျုံးဝင်နေသေးသည်။
ထိုသုတေသနမှာ ဖော်ပြထားသော ခေတ်မှီလူသား တယောက် ရှိထိုက်သော
စရိုက်လက္ခဏာလေးမျိုး နဲ့ ပတ်သက်ပြီး၊ မြန်မာလူငယ်တို့ သေချာစဉ်းစားသင့်သည်။
ဥပမာပြောရရင်.. ကိုယ့်နိုင်ငံ ကိုယ့်ယဉ်ကျေးမှုနဲ့ သင့်တော်တယ် မတော်တယ်
မစဉ်းစား၊ ကိုယ်အပြုအမူကြောင့် တခြားသူတွေက ကိုယ့်နိုင်ငံ
ကိုယ့်လူမျိုးအပေါ် ဘယ်လိုမြင်သွားမယ် မစဉ်းစား၊ အတုယူမှားတာတွေဟာ
ခေတ်မှီတာမဟုတ်တာတော့ သေချာသည်။ အတုယူတဲ့အခါ ကိုယ့်အတွက်
ပိုကောင်းသွားစေမယ့် အရာမျိုးကိုသာ အတုယူသင့်သည်။ ဘယ်လိုဟာမျိုးကို
အတုယူသင့်သလဲဆိုတာလည်း အရင် သေချာစဉ်းစား တွေးတောကြည့်သင့်သည်။
မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲ၊ ရှေ့လျှောက်ဖွံ့ဖြိုးဖို့
အလားအလာကောင်းနေတဲ့ နိုင်ငံဖြစ်သည်။ မြန်မာနိုင်ငံ ကမ္ဘာမှာ ခေတ်မှီရေးအတွက်
မြန်မာလူငယ်တို့ ဘယ်လောက်ထိ ခေတ်မှီလူသား ဖြစ်နိုင်ကြမလဲဆိုတာပေါ်
အများကြီးမူတည်နေပေသည်။
Ref: Becoming Modern: Individual Change in Six Developing Countries
(၃ မတ်လ ၂၀၁၂ ထုတ် Venus News ဂျာနယ်တွင် ဖော်ပြပြီး ဖြစ်သည်)
ခင်နှင်းစိုး
No comments:
Post a Comment