Saturday, February 2, 2013

နှလုံးရောဂါ ကြိုတင်ကာကွယ်ပါ

နှလုံးသွေးကြောရောဂါကြောင့်အသက်အန္တရာယ်ဖြစ်ပွားနိုင်သဖြင့်ရောဂါမဖြစ်ပွားစေရန်အတွက်ကြိုတင် ကာကွယ်မှုများပြုလုပ်ထားသင့်ကြောင်းသိရသည်။ကမ္ဘာ.ကျန်းမာရေးအစီအရင်ခံစာ၂၀၀၂အရ ကမ္ဘာပေါ်တွင်စုစုပေါင်းသေဆုံးသူ၅၇သန်းအနက်နှလုံးသွေးကြောရောဂါဖြင့်သေဆုံးသူသည်၁၇သန်းခန့် ရှိကြောင်း၊၁၉၀၀ပြည့်နှစ်မှ၁၉၃၀ပြည့်နှစ်အထိအနှစ်သုံးဆယ်ကာလအတွင်းနှလုံးသွေးကြောရောဂါဖြင့် နာမကျန်းဖြစ်ခြင်းမှာ ၅ ရာခိုင်နှုန်း မြင့်တက်လာနိုင်ကြောင်းသိရသည်။

နှလုံးရောဂါ ဘာကြောင့်ဖြစ်

နှလုံးသွေးကြောရောဂါသည်သွေးတိုးရောဂါရှိသူများ၊ဆီးချိုသွေးချိုရောဂါရှိသူများ၊ အဝလွန်သူများ၊ဆေးလိပ်သောက်သူများ၊သွေးတွင်းအဆီဓာတ်များသူများတွင်ဖြစ်ပွားနိုင်ကြောင်း သိရသည်။
အသက်ဆုံးရှုံးနိုင်

“နှလုံးသွေးကြောကျဉ်းရောဂါဟာHeartAttackဝင်ရင်အသက်ဆုံးရှုံးနိုင်ပါတယ်။ အဲသလိုမဝင်အောင်သွေးချို၊ဆီးချို၊သွေးတိုးထိန်းထားနိုင်ရမယ်။သွေးတွင်းအဆီဓာတ်၊သွေးတွင်း သကြားဓာတ်တွေကိုမြင့်တက်မသွားအောင်ထိန်းနိုင်ရမယ်။တက်လာရင်HeartAttackဝင်လာပြီး အသက်ဆုံးရှုံးနိုင်ပါတယ်”ဟုတောင်ဒဂုံမြို့နယ်မူးယစ်ဆန့်ကျင်ရေးအသင်း အတွင်းရေးမှူးဒေါက်တာအောင်ဆန်းဝင်းကပြောသည်။

အစားအသောက် ဆင်ခြင်ရန်

သွေးတိုး၊ဆီးချို၊သွေးချိုရောဂါရှိသူများအနေဖြင့်ကျန်းမာရေးနှင့်ညီညွတ်ရန်ဟင်းသီးဟင်းရွက်များ၊ အသီးအနှံများစားသုံးရမည်ဖြစ်ကြောင်း၊ခြေလေးချောင်းသားရှောင်ကြဉ်ရမည်ဖြစ်ကြောင်းသိရသည်။ ထို့ပြင်ပြည့်ဝဆီများကိုလည်းရှောင်ကြဉ်ရမည်ဖြစ်ကြောင်း၊ပဲဆီနှင့်ဟင်းသီးဟင်းရွက်ဆီအချို့၌ပင်
ပြည့်ဝဆီများပါရှိနေသဖြင့်ပဲပိစပ်အဆီကိုသာစားသုံးရန်အသင့်တော်ဆုံးဖြစ်သည်ဟုလည်း စားသုံးသူအချို့ထံမှသိရသည်။အချိုကဲ၊အငန်ကဲသည့်အစားအသောက်များကလည်းလူကို ဒုက္ခပေးနိုင်သဖြင့်ဟင်းချိုမှုန့်များအသုံးပြုခြင်းကိုလည်းရှောင်ကြဉ်ရမည်ဖြစ်ကြောင်း သိရသည်။ဆေးလိပ်သောက်ခြင်း၊အရက်သောက်ခြင်းတို့ကိုလည်းရှောင်ကြဉ်ရမည်ဖြစ်ကြောင်းသိရသည်။

စိတ်ဖိစိးမှုကြောင့်လည်း သေဆုံးနိုင်

“စိတ်ခန္ဓာဆက်စပ်မှုနဲ့ပတ်သက်တဲ့ရောဂါတွေထဲမှာနှလုံးသွေးကြောကျဉ်းတဲ့ရောဂါပါတယ်။ စိတ်ဖိစီးမှုကလဲHeartAttackဖြစ်ပြီးအသက်ဆုံးရှုံးနိုင်တယ်”ဟုတာင်ဒဂုံမြို့နယ် မူးယစ်ဆန့်ကျင်ရေးအသင်း အတွင်းရေးမှူး ဒေါက်တာအောင်ဆန်းဝင်းကပြောသည်။

ဝါသနာပါရာလုပ်ပါ စိတ်အေးချမ်းစွာ နေထိုင်ပါ

သို့ဖြစ်၍စိတ်ဖိစီးမှုလျော့နည်းစေရန်မိမိဝါသနာပါရာအလုပ်များကိုလုပ်ကိုင်သင့်ကြောင်း၊သစ်ပင်စိုက်ခြင်း၊ ပန်းချီဆွဲခြင်း၊ခရီးထွက်ခြင်း၊ထိုက်ကျိကစားခြင်း၊တရားထိုင်ခြင်း၊တရားနာခြင်း၊စိတ်အေးချမ်းစွာနေထိုင်ခြင်း၊ အကောင်းမြင်ခြင်းစသောအလေ့အထများကိုပြုလုပ်သင့်ကြောင်းဒေါက်တာအောင်ဆန်းဝင်းကဆက်လက် အကြံပြုပြောကြားသည်။နှလုံးသွေးကြောရောဂါကာကွယ်ထိန်းသိမ်းရန်အတွက်ကမ္ဘာကျန်းမာရေးအဖွဲ့နှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှပူးပေါင်းပြီးနှလုံးသွေးကြောရောဂါကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းစီမံချက်ကို ၁၉၈၂ ခုနှစ်တွင်စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

၂၀၀၅ ခုနှစ် နှလုံးရောဂါစီမံချက်

နှလုံးရောဂါကာကွယ်ထိန်းသိမ်းရေးစီမံချက်၏၂၀၀၅ခုနှစ်တွင်သုတေသနပြုချက်အရသွေးတိုးရောဂါရှိခြင်းသည် ၂၁ဒသမ၂၇ရာခိုင်နှုန်း၊ဆေးလိပ်သောက်သုံးမှုရှိခြင်းသည်၂၁ဒသမ၃၄ရာခိုင်နှုန်း၊အဝလွန်ခြင်းခြင်းသည် ၁၀ရာခိုင်နှုန်း၊အသက်လေးဆယ်ကျော်သည့်လူအုပ်စုတွင်ဆီးချိုသွေးချိုရောဂါရှိခြင်း၁၂ဒသမ၃၈ရာခိုင်နှုန်း ရှိသည်ဟုသိရသည်။

၂၀၁၀ ပြည့်နှစ် နှလုံးရောဂါစီမံချက်

၂၀၁၀ပြည့်နှစ်တွင်နှလုံးသွေးကြောရောဂါကာကွယ်ထိန်းသိမ်းရေးစီမံချက်၏မြို့နယ်လေးမြို့နယ်အတွင်း စစ်တမ်းကောက်ယူချက်အရသွေးတိုးရောဂါရှိခြင်းသည်၅၇ဒသမ၂၈ရာခိုင်နှုန်း၊ဆေးလိပ်သောက်သုံးမှု ရှိခြင်းသည်၁၈ဒသမ၈၂ရာခိုင်နှုန်း၊အဝလွန်ခြင်းသည်၁၇ဒသမ၁၈ရာခိုင်နှုန်း၊ အသက်လေးဆယ်ကျော်သည့်လူအုပ်စုတွင်ဆီးချိုသွေးချိုရောဂါရှိခြင်းသည်၁၀ဒသမ၃၁ ရာခိုင်နှုန်း၊သွေးတွင်းအဆီဓာတ်များခြင်းသည်၃၅ဒသမ၆၈ရာခိုင်နှုန်းရှိသည်ဟုသိရသည်။

အဆိုပါစီမံချက်အရ၂၀၁၀-၂၀၁၁ခုနှစ်အတွင်းသာကေတ၊မဟာအောင်မြေ၊စဥ့်ကူး၊လယ်ဝေးမြို့နယ်
များတွင်စုစုပေါင်း၆၁၁ဦးအားစစ်တမ်းကောက်ယူခဲ့ခြင်းဖြစ်ကြောင်းသိရသည်။“နှလုံးသွေးကြောရောဂါ ကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းတွေကိုအထောက်အကူပြုစေမယ့်သုတေသနလုပ်ငန်းတွေ၊ ကွင်းဆင်းလေ့လာသုံးသပ်မှုတွေကိုနှစ်နှစ်တစ်ကြိမ်လုပ်ဆောင်ပေးလျက်ရှိပါတယ်။သွေးတိုးရောဂါ၊
နှလုံးရောဂါ၊လေးဖက်နာရောဂါနဲ့ပတ်သက်တဲ့အလုပ်ရုံဆွေးနွေးပွဲတွေကိုလဲနှစ်စဥ့်ပြုလုပ်ပေးလျက် ရှိပါတယ်။နှစ်ပတ်လည်အထွေထွေရောဂါဆွေးနွေးမှုတွေကိုလဲပြုလုပ်ပေးလျက်ရှိပါတယ်”ဟု ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှနှလုံးသွေးကြောရောဂါကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းစီမံချက်မန်နေဂျာ ပါမောက္ခဒေါ်နွယ်နွယ်ကဆိုသည်။
ထို့ပြင်နှလုံးရောဂါကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းစီမံချက်အနေဖြင့်အများပြည်သူများနှလုံးသွေးကြောရောဂါနှင့် ပတ်သက်သည့်အကြောင်းအရာများကိုသိရှိစေရန်နှင့်ကျန်းမာရေးနှင့်ညီညွတ်သည့်နေတိုင်မှုစရိုက် ရရှိစေရန်၊နှလုံးရောဂါရှိသူများကိုရောဂါနုသေးသည့်အချိန်တွင်ရှာဖွေတွေ့ရှိကုသပေးရန်၊နှလုံးရောဂါနှင့် ပတ်သက်၍ကာကွယ်ရေး၊ကုသရေး၊ပြန်လည်နေရာချထားရေးအဆင့်အတန်းပိုမြင့်လာစေရန် အစရှိသည်တို့ကိုလုပ်ဆောင်ပေးလျက်ရှိသည်ဟုလည်းသိရသည်။

စီမံချက်မှ သင်ကြားရေး ဆေးရုံများသို့ ပံ့ပိုး

နှလုံးရောဂါကာကွယ်ထိန်းသိမ်းရေးစီမံချက်အနေဖြင့်သင်ကြားရေးဆေးရုံများရှိနှလုံးရောဂါကုဌာနများသို့ အခါအားလျော်စွာစက်ပစ္စည်းများဖြန့်ဖြူးပေးဝေခြင်း၊နှလုံးအထူးကုဆရာဝန်တစ်ဦးသို့မဟုတ်နှစ်ဦးအား
ပြည်ပ၌နှလုံးရောဂါလက်တွေ့ကုသမှုသုံးလသင်တန်းအားနှစ်နှစ်လျှင်တစ်ကြိမ်စေလွှတ်ပေးခြင်း၊ အခါအားလျော်စွာပြည်ပမှနှလုံးပါရဂူများကိုဖိတ်ခေါ်၍နှလုံးရောဂါလက်တွေ့ကုသမှုပညာများပိုမို တိုးတက်အောင်လက်တွေ့ပို့ချခြင်း၊နှလုံးသွေးကြောရောဂါအားပေးသောအခြေအနေများကာကွယ်ရေးနှင့် ပတ်သက်၍အသိပညာတိုးမြင့်စေရန်နှလုံးရောဂါအထူးကုဆရာဝန်နှစ်ဦးအားနိုင်ငံခြားသို့တစ်ပတ်စေလွှတ်ခြင်း
တို့ကိုလုပ်ဆောင်ပေးလျက်ရှိကြောင်းသိရသည်။သို့ဖြစ်၍နှလုံးသွေးကြောရောဂါကြောင့်အသက်ဆုံးရှုံးခြင်း မရှိစေရန်အစားအသောက်ဆင်ခြင်ခြင်း၊မိမိဝါသနာပါရာအလုပ်များကိုလုပ်ဆောင်ခြင်းသာမက စိတ်ကိုအေးချမ်းစွာထားရပေမည်။
                                                                         

No comments:

Post a Comment