Sunday, February 3, 2013

ပါရမီဖြည့်ခြင်း အနုပညာ...

ပါရမီဖြည့်ခြင်း အနုပညာဆိုတာ နှလုံးသားနဲ့ အသိဥာဏ် ကြီးကျယ်မြင့်မြတ်မှုက စတင်ဖြစ် ပေါ်လာတာပါ။
အတ္တခြံစည်းရိုးကို ချိုးဖျက်ပြီး တစ်လောကလုံးကို နေရာပေး မြတ်နိုးနိုင်လောက်အောင် မိမိရဲ့ နှလုံးသားက ကြီးမားကျယ်ပြန်လာတဲ့အခါလောကကျေးဇူးကိုသိမြင်ပြီးလောကနဲ့ဝန်းကျင်ကိုကောင်းကျိုးပြုမြှင့်တင်နိုင်
လောက်အောင်မိမိရဲ့အသိဥာဏ်ပညာကကြီးကျယ်မြင့်မြတ်လာတဲ့အခါလူသားတစ်ဦးဟာသူ့ရဲ့ပါရမီခရီးကို စတင်တော့တာပါပဲ။ပါရမီဆိုတာမြင့်မြတ်သူတွေရဲ့ပုံရိပ်၊သူတော်ကောင်းတွေရဲ့နှလုံးသား၊ သူတော်စင်တွေရဲ့စရဏဖြစ်ပေမဲ့မြင့်မြတ်သူတွေနဲ့သာမန်လူတွေရဲ့ကြားမှာကာရံစည်းခြားထားတဲ့ နံရံတံတိုင်း ကြီးတစ်ခုတော့ မဟုတ်ပါ။
လူတိုင်းသွားလာနိုင်လောက်အောင် ကြီးမားကျယ်ပြန့်စွာဖောက်လုပ်ထားတဲ့အဝေးပြေးလမ်းမကြီးတစ်ခုပါ။ ဒီလမ်းမကြီးပေါ်မှာလျှောက်လှမ်းနိုင်ဖို့ဆိုတာရွှေတွေ၊ငွေတွေ၊ရားထူးတွေ၊ဂုဏ်အရှိန်အ၀ါပကာသနတွေ ဘာတစ်ခုမှရှိဖို့ မလိုအပ်ပါဘူး။ဒါပေမဲ့သဒ္ဓါ၊မေတ္တာ၊ပညာစတဲ့သူတော်ကောင်းတရားတွေ အပြည့်အ၀ရှိဖို့တော့လုံးဝလိုအပ်ပါတယ်။သတ္တ၀ါတွေဟာ နေ့စဉ်”အာရုံ”လမ်းမကြီးပေါ်မှာ “ကံ”ခြေထောက်တွေနဲ့ လျှောက်လှမ်း နေရင်း “ဘ၀”ခြေရာသစ်တွေကိုထင်ကျန်ရစ်စေနေကြတာပါ။ အဲဒီအထဲမှာ အသိဥာဏ်နဲ့ နှလုံးသား ကောင်းမွန်သူတွေရဲ့ခြေရာတွေက ပြည့်ပြည့်စုံစုံ လှလှပပဖြစ်နေတတ်ပြီး အသိဥာဏ်နည်း နှလုံးသား မည်းသူတွေရဲ့ခြေရာတွေကတော့ တစ်ပိုင်းတစ်စ မလှမပဖြစ်နေတတ်ပါတယ်။ ပြည့်စုံလှပတဲ့ ခြေရာ သစ်တွေဟာ နောက်ဆုံးမှာ “ပါရမီရှင်”တွေဖြစ်လာကြပြီး တစ်ပိုင်းတစ်စ မလှပတဲ့ခြေရာသစ်တွေ ကတော့ သံသရာဝဋ်ကြွေးနွံထဲမှာပဲ နစ်ဝင်ပျောက်ကွယ်ကုန်တတ်ကြပါတယ်။

“ပါရမီ”လို့ ခေါ်ဆိုသတ်မှတ် မြင့်မြတ်တဲ့အမှုကိစ္စအပေါင်းက (၁၀)ခု ရှိပါတယ်။

(၁) စွန့်ကြဲပေးကမ်းခြင်း= ဒါနပါရမီ (Generosity giving)
(၂) ကိုယ်ကျင့်တရား ထိန်းသိမ်းစောင့်ရှောက်ခြင်း= သီလပါရမီ (Morality)
(၃) စည်းစိမ်ချမ်းသာကို စွန့်ခွာ၍ တောထွက်ခြင်း= နေက္ခမ္မပါရမီ (Renunciation)
(၄) အရာရာ၌ တတ်သိနားလည်မှုရှိခြင်း= ပညာပါရမီ (Wisdom)
(၅) ကောင်းမှုကိစ္စမှန်သမျှကို သက်စွန့်ကြိုးပမ်းအားထုတ်ခြင်း= ၀ီရိယပါရမီ (Effort)
(၆) သည်းခံခြင်း= ခန္တီပါရမီ (Patience)
(၇) မှန်ကန်ဖြောင့်မှတ်စွာ ပြောဆိုလုပ်ကိုင်ခြင်း= သစ္စာပါရမီ (Truthfulness)
(၈) ရည်မှန်းချက်ကို ဖြည့်ဆည်းရန် စွဲမြဲစွာ မဖြစ်မနေ အာရုံစိုက်၍ ဇွဲရှိရှိရပ်တည်ခြင်း=
အဓိဋ္ဌာန်ပါရမီ (Determination)
(၉) သတ္တ၀ါများအပေါ် ချစ်ခင်ကြင်နာ ကောင်းကျိုးလိုလားခြင်း= မေတ္တာပါရမီ
(Loving-kindness)
(၁၀) ချစ်ခြင်း မုန်းခြင်းကင်း၍ အညီအမျှ ထားနိုင်ခြင်း= ဥပေက္ခာပါရမီ (Equanimity)
တို့ပဲဖြစ်ပါတယ်။

သာသနာတော်မှဗုဒ္ဓမြတ်စွာရဲ့အဆုံးအမသြ၀ါဒကိုခြေခြေမြစ်မြစ်လက်ခံရရှိပြီးသားသူတစ်ဦးအဖို့ ဘ၀သံသရာရှေ့ရေးနဲ့ပတ်သက်လာရင်(၁)ဒီဘ၀မှာကျွတ်တမ်းဝင်ဖို့၊(၂)ဆုတစ်ခုခုကိုရည်ရွယ်ပန်ဆင်ကာ ပါရမီဖြည့်ဖို့၊ဒီအရေးကိစ္စနှစ်ခုကလွှဲလို့တခြားရွေးချယ်စရာမရှိပါဘူး။ဗုဒသာသနာဝင်တွေအဖို့ ဘ၀ချမ်းသာဟူသမျှရဲ့နောက်ဆုံးပန်းတိုင်ဟာအရိယာပုဂ္ဂိုလ်ဖြစ်ဖို့ပါ။အရိယာပုဂ္ဂိုလ်ဖြစ်ဖို့ဆိုတာ အရိယသစ္စာကိုသိမြင်နိုင်ရမှာပါ။အရိယသစ္စာကိုသိမြင်နိုင်ဖို့ဆိုတာပါရမီမရှိဘဲမဖြစ်နိုင်ပါ။
ပါရမီဆိုတာမြင့်မြတ်မှုသို့သွားရာတစ်ကြောင်းတည်းသောခရီး၊တစ်ခုတည်းသောလမ်းမကြီးဖြစ်ပါတယ်။ ပါရမီလမ်းမကြီးကိုစွန့်ပြီးမြင့်မြတ်မှုပန်းတိုင်ဆီကိုရောက်နိုင်ရိုးမရှိပါဘူး။ဒါကြောင့်ဗုဒ္ဓမြတ်စွာရဲ့ကရုဏာနဲ့ ပညာရနံ့တွေသင်းပျံ့နေဆဲယခုလိုကာလမျိုးမှာမြင့်မြတ်မှုကိုမြတ်နိုးကြသူတိုင်းဟာပါရမီကောင်းမှု တစ်ခုခုကိုနေ့စဉ်“၀တ်”ထားပြီးပြုလုပ်အားထုပ်သင့်ကြပါ တယ်။
တကယ်တော့“ပါရမီ”ဆိုတာလူ့ဘ၀ရဲ့မြတ်နိုးတန်ဖိုးထားစရာအလှပဆုံး“တော်ဝင်ပန်းတစ်ပွင့်”ပါ။ဒီပန်းကို ခွတ်ဆူးနိုင်ဖို့ဆိုတာအခြေခံအားဖြင့်တစ်ပါးသူတွေရဲ့ဒုက္ခကိုလျော့ပါးအောင်ပြုလုပ်လိုတဲ့ကရုဏာ၊ အများအကျိုးလောကအကျိုးကိုတိုးပွားအောင်ရွက်ဆောင်နိုင်တဲ့ပညာရှိဖို့လိုပါတယ်။တကယ်လို့ ဒီတရားနှစ်ပါးကသာကိုယ့်နှလုံးသားမှာခမ်းခြောက်နေပြီဆိုရင်ပါရမီဆိုတဲ့ပန်းကိုလက်လှမ်းမီစရာအကြောင်း မရှိပါဘူး။ပါရမီဆိုတာလုပ်ငန်းအပေါ်မှာအခြေမခံဘဲနှလုံးသွင်းအပေါ်မှာသာအခြေခံပါတယ်။
နှလုံးသွင်းစေတနာကကရုဏာနဲ့ပညာတရားတို့ဝန်းရံပြီးမြင့်မြတ်မှုရှိပါမှပါရမီမည်နိုင်ပါတယ်။သို့မ ဟုတ်ပါကပါရမီမမည်နိုင်ပါ။ဒါကြောင့်ဒါနလုပ်ငန်းတိုင်းပါရမီမဖြစ်၊သီလလုပ်ငန်းတိုင်းပါရမီမခေါ်၊ ဘာဝနာလုပ်ငန်းတိုင်းပါရမီမမြောက်ပါ။အချုပ်ဆိုရရင်ကုသိုလ်ကောင်းမှုလုပ်တိုင်းပါရမီမဖြစ်နိုင်ပါ။
ဘ၀ကောင်းနဲ့စည်းစိမ်ချမ်းသာကိုတိမ်းညွတ်တဲ့စိတ်လည်းမရှိ၊မှားယွင်းတဲ့အတွေးခေါ်ဒိဋ္ဌိနဲ့လည်းမယှဉ်၊ မိုးကောင်းကင်သဖွယ်အတွယ်အတာလည်းကင်းပြီး၊ဗောဓိဥာဏ်ဆိုတဲ့တစ်ဖက်ကမ်းကိုသာတမ်းတမ်းစူးစူး အထူးရည်ရွယ်ကာစင်ကြယ်တဲ့စိတ်နဲ့ပြုလုပ်အားထုတ်အပ်တဲ့ဒါနမှု၊သီလမှုစတာတွေသာပါရမီအစစ်ဖြစ်နိုင်ကြပါတယ်။ ပါရမီဆိုတာအရေအတွက်ပြဋ္ဌာန်းတဲ့ဆောင်ရွက်ချက်မဟုတ်ဘဲအရည်အချင်းပြဋ္ဌာန်းတဲ့ဆောင်ရွက်ချက်ဖြစ်ပါတယ်။ ကရုဏာတရားနဲ့ဒေါသကိုဖယ်ရှင်း၊ပညာတရားနဲ့လောဘမောဟတို့ကိုပယ်ခွင်းနိုင်ပြီး လုပ်ရပ်တိုင်းမှာ လောဘ၊ ဒေါသ၊ မောဟအငွေ.အသက်ကင်းပါမှပါရမီရနံ့သင်းပျံ့နိုင်တာပါ။
ကြီးကျယ်ခန့်ညားပြီးမြင့်မြတ်လှတဲ့သူတော်ကောင်းတွေရဲ့နှလုံးသားဆိုတာဘယ်ဘက်ခြမ်းမှာ ကရုဏာရှိပြီး၊ညာဘက်ခြမ်းမှာပညာအပြည့်ရှိပါတယ်။အဲဒီကရုဏာပညာတရားတွေနဲ.ကိုယ်ပိုင်ဘ၀၊ ကိုယ်ပိုင်အခွင့်အရေးတွေကိုစတေးပြီးအများကောင်းစားရေးအတွက်လောကအပေါ်စေတနာအပြည့်အ၀ ထားရှိခြင်းဟာ“သူတော်ကောင်းတို့ရဲ့အစဉ်အလာတာဝန်တစ်ခု”ပါ။
ပါရမီနယ်ပယ်မှာတာဝန်နဲ့လုပ်ငန်းဟာအင်မတန်ကွဲပြားခြားနားပါတယ်။သူတော်ကောင်းနှလုံးသားကို အမှီရကာမြင့်မြတ်တဲ့သဘောကိုဆောင်ရင်“တာဝန်”ဖြစ်ပြီးသို့မဟုတ်ပါက“လုပ်ငန်း”မျှသာဖြစ်ပါတယ်။ တာဝန်ဟာပါရမီအရာမြောက်ပြီးလုပ်ငန်းကတော့ကုသိုလ်အရာမှာပဲတည်ပါတယ်။ကြေးနဲ့ရွှေဟာ “၀ါ”တာခြင်းတူပေမဲ့“တန်ဖိုး”ခြင်းမတူညီနိုင်သလိုရိုးရိုးကုသိုလ်နဲ့ပါရမီကုသိုလ်ဟာ
လည်းကုသိုလ်ခြင်းတူပေမဲ့အရှိန်အ၀ါအကျိုးပေးတာခြင်းအင်မတန်ခြားနားပါတယ်။
ရိုးရိုးကုသိုလ်ဟာကိုယ်ကျိုးရှာအသာစံလိုမှုပါဝင်နေတတ်တာမို.အကြောင်းအားမကောင်းသလို အကျိုးပေးလည်းမသန်တတ်ပါဘူး။ရိုးရိုးကုသိုလ်ရဲ့ပန်းတိုင်ဟာလောကီကျိုးမှာလမ်းဆုံးနေတတ်ပြီး အကျိုးပေးပြီးရင်လည်းအသစ်ကပြန်စရတာမို့(ရှာလိုက်ရလိုက်ကုန်သွားလိုက်နဲ့)သံသရာ လည်နေတတ်ပါတယ်။တစ်ခါတစ်ရံအကြောင်းမညီညွတ်လို့လုံးဝအကျိုးမပေးဘဲအဟောသိကံဖြစ် သွားရတာတွေကလည်းမရေမတွက်နိုင်အောင်ပါပဲ။ပါရမီကုသိုလ်ကတော့ကိုယ်ကျိုးစွန့်အနစ်နာခံမှုကို အရင်းတည်တာမို့အကြောင်းအားကောင်းသလိုအကျိုးပေးလည်းသန်ပါတယ်။ပါရမီ ကုသိုလ်ရဲ့ပန်းတိုင်ဟာလောကုတ္တရာဖြစ်တာမို့လောကီသံသရာထဲမှာလည်မနေတတ်သလိုလမ်းဆုံး မရောက်ခင်ပျောက်ပျက်သွားရိုးမရှိတာကြောင့်အဟောသိကံဖြစ်သွားတာမျိုးလည်း မရှိပါဘူး။
ရိုးရိုးကုသိုလ်အများစုဟာလူမင်း၊နတ်မင်း၊ဗြဟ္မာမင်းစတဲ့အဖြစ်တွေနဲ့လောကကိုမိမိဘ၀အတွက် သိမ်းပိုက်ရန်အားထုတ်တတ်တာကြောင့်အတ္တအသိနဲ့ငြိနေပြီးတဏှာ၊မာန၊ဒိဋ္ဌိတရားဆိုးတွေကို အားပြုတတ်ပါတယ်။ဒီလိုမျိုးကုသိုလ်တွေဟာလောကအတွက်ဆေးမဖြစ်ဘဲဘေးဖြစ်စေပါတယ်။ ပါရမီကုသိုလ်ကတော့အနိမ့်ဆုံးအညတရများအပါအ၀င်လောကတစ်ခုလုံးအတွက်မိမိရဲ့ဘ၀ကိုအနစ်နာခံ စွန့်လွတ်နိုင်တာကြောင့်အနတ္တဥာဏ်နဲ့ဆက်ဆံနေပြီးသဒ္ဓါ၊မေတ္တာ၊ပညာတရားတို့ကိုအားပြုတတ်ပါတယ်။ ဒီလိုကုသိုလ်မျိုးဟာလောကအတွက်ဘေးမဖြစ်ဘဲဆေးဖြစ်စေပါတယ်။
အချုပ်ပြောရရင်ရိုးရိုးကုသိုလ်ဟာလောကီကျိုးကိုသာဖြစ်စေနိုင်တယ်။အဆိပ်ရှိတယ်၊မခိုင်မာဘူး၊ ပျက်စီးပျောက်ကွယ်တတ်တယ်။ပါရမီကုသိုလ်ကတော့လောကီကျိုးကိုသာမကလောကုတ္တ ရာအကျိုးကိုပါဖြစ်စေနိုင်တယ်။အဆိပ်မရှိ၊ခိုင်မာတယ်၊မပျက်ပြယ်ပါဘူး။ဒါကြောင့်မို.အသိဥာဏ် ကြီးသူတိုင်းဟာရိုးရိုးကုသိုလ်ထက်ပါရမီကုသိုလ်ကိုပိုပြီးမြတ်နိုးတန်ဖိုးထားလေ့ရှိပါတယ်။ တကယ်တော့လည်းပါရမီကုသိုလ်ရဲ့မြတ်နိုးဖွယ်ရသကိုသူတော်ကောင်းနှလုံးသားရှိမှခံစားနားလည်နိုင်တာပါ။
ပါရမီအမှု၁၀ခုကိုကြည့်ရင်ပါရမီဖြည့်တယ်ဆိုတာဘ၀သံသရာပင်လယ်ပြင်ကျယ်ကြီးထဲမှာအစီအစဉ်မဲ့မျောပါနေခြင်း မဟုတ်ဘဲအစီအစဉ်နဲ့စနစ်တကျကူးခတ်နေခြင်းဆိုတာပေါ်လွင်လှပါတယ်။မြင့်မြတ်တဲ့ရည်မှန်းချက်အပေါ်မှာ အခြေခံတဲ့ကံအဆောက်အဦး(ပုညသမ္ဘာရ)၊ဥာဏ်အဆောက်အဦး(ဥာဏသမ္ဘာရ)တွေမြင့်တက်ရင့်
ကျက်ခိုင်မာပြည့်စုံလာခြင်းကို “ပါရမီဖြည့် တယ်”လို့ ခေါ်ဆိုတာပါ။
ဒါကြောင့်ပါရမီဖြည့်တယ်ဆိုတာသံသရာတစ်ခွင်ကျင်လည်ခဲ့ရစဉ်ဘ၀တွေမှာကိလေသာ“မြစ်”၊ဒုစရိုက် “ချောင်း”၊အနုသယ“အင်းအိုင်”တွေရဲ့တိုက်စား,လှိုက်စား,နှိုက်စားခံရမှုတွေကြောင့်ချိုင့်ဝင်နိမ့်ပါး ပျက်စီးသွားခဲ့ရတဲ့နေရာတွေမှာအစားထိုးနိုင်ဖို့သိပ်ပေးခြင်း၊ရည်မှန်းချက်ပန်းတိုင်ကို လှမ်းကိုင်ခူးဆွတ်နိုင်အောင်စိတ်အား၊ဥာဏ်အား၊အကျင့်အားတွေကိုဖြည့်ဆည်းမြှင့်တင်ပေးခြင်းလို့ အဓိပ္ပါယ်ရပါတယ်။
ဒီနေရာမှာဘာ့ကြောင့်“ပါရမီဖြည့်ဖို့လိုသလဲ”ဆိုတဲ့မေးခွန်းဟာပါရမီဖြည့်ခြင်းအနုပညာရဲ့အဓိက အသည်းနှလုံးဖြစ်ပါတယ်။(၁)အများအကျိုး,လောကအကျိုးကိုထူးချွန်ထက်မြက်စွာသယ် ပိုးရွက်ဆောင်နိုင်ဖို့နဲ့၊(၂)ဗောဓိဥာဏ်ကိုရနိုင်ဖို့ဆိုတဲ့ရည်ရွယ်ချက်နှစ်ခုဟာပါရမီဖြည့်ဖို့ရာအဓိကလိုအပ်တဲ့ အကြောင်းပြချက်တွေပဲဖြစ်ပါတယ်။“ပါရမီဖြည့်တယ်”ဆိုတာ(တစ်နည်းအားဖြင့်ပြောရရင်) လောဘ၊ အတ္တ၊ မာနတွေကြောင့်အကျည်းတန်အရုပ်ဆိုးလှတဲ့လူ့ဘ၀၊လူ့စေတနာကိုအလှပ၊အယဉ်ကျေး၊ အသိမ်မွေ့ဆုံးဖြစ်အောင်ခြယ်မှုန်းပြုပြင်တန်ဆာဆင်ပေးတာကိုခေါ်တာပါ။ဘုရားအလောင်းတော်ဟာ
လေးသင်္ချေနဲ့ကမ္ဘာတစ်သိန်းပါရမီဖြည့်တယ်ဆိုတာမိမိရဲ့ဘ၀၊မိမိရဲ့စေတနာကိုလှသည်ထက်လှအောင် အားထုတ်ခြင်းဖြစ်ပါတယ်။ကြာပန်းရဲ့အလှဟာရေကန်ကိုတန်ဆာဆင်နိုင်သလို ဘ၀ရဲ့အလှဟာလည်းလောကကိုတန်ဆာဆင်ပေးနိုင်ပါတယ်။ပါရမီတွေပြည့်ဝလို့မိမိရဲ့ဘ၀က ပို၍ပို၍လှလေ၊လောကကိုလည်းပို၍ပို၍လှအောင်တန်ဆာဆင်နိုင်လေဖြစ်ပါတယ်။ဒါကြောင့် အများအကျိုးလောကအကျိုးကိုထူးချွန်ထက်မြက်စွာသယ်ပိုးရွက်ဆောင်လိုသူတွေဟာ ပါရမီပြည့်အောင်ဖြည့်ကျင့်အားထုတ်ကြတာပါ။နောက်ပြီးဗောဓိဥာဏ်ကိုရရှိခြင်းဟာဘ၀မှာအမြင့်မားဆုံး အကျိုးစီးပွား၊အမွန်မြတ်ဆုံးပန်းတိုင်ဖြစ်ပါတယ်။တခြားအကျိုးစီးပွားတွေဟာအ၀ိဇ္ဇာ(မသိမလိမ္မာမှု)က ရှာပေးတဲ့ပန်းတိုင်ဖြစ်ပြီး၊ဗောဓိဥာဏ်သည်သာဝိဇ္ဇာ(တတ်သိလိမ္မာမှု)ကရှာဖွေပေးတဲ့ပန်းတိုင်ဖြစ်ပါတယ်။ ၀ိဇ္ဇာကရှာဖွေပေးတဲ့ဒီပန်းတိုင်ဆိုတာပါရမီပြည့်မှရောက်နိုင်တာမျိုးပါ။ ဒါကြောင့်ဗောဓိဥာဏ်ရလိုသူတွေဟာ ပါရမီပြည့်အောင်ဖြည့်ကျင့်အားထုတ်ကြတာပါ။ပါရမီဆိုတာလူစွမ်းကောင်းလူရည်ချွန်တွေရဲ့သီးသန့်ဥစ္စာ မဟုတ်ပါဘူး။မြင့်မြတ်တဲ့နှလုံးသားနဲ့လောကကိုချစ်ခင်အလှဆင်လိုသူတိုင်းဖြည့်ကျင့်ဆည်းပူးနိုင်တဲ့ လူ့ကျင့်ဝတ်တွေပါ။ရိုးရိုးရှင်းရှင်းပြောရရင်ပါရမီဖြည့်တယ်ဆိုတာလူသားတစ်ဦးအနေနဲ့ မြင့်မြတ်တဲ့
လူ့ကျင့်ဝတ်တွေကိုလူသားဆန်ဆန်ပီပြင်စွာဖြည့်ကျင့်အားထုတ်တာကိုခေါ်တာပါ။ပါရမီဆိုတာမိမိအတွက် စွန့်လွတ်အနစ်နာခံရတာမို့အသွင်သဏ္ဍာန်အနေနဲ့နှစ်မြို့စရာမကောင်းပေမဲ့အနှစ်သာရအနေနဲ့ ကတော့လောကအတွက်မြင့်မြတ်တဲ့“စံ”တစ်ခုဖြစ်တာမို့မြတ်နိုးဖွယ်အတိဖြစ်ပါတယ်။တကယ်တော့ ပါရမီဖြည့်ခြင်းအနုပညာဆိုတာမိမိဘ၀ကိုသာမကလောကနဲ့ဝန်းကျင်ကိုပါအကောင်းဆုံးအလှဆင်ပေး တတ်တဲ့အနုပညာတစ်ခုဖြစ်ပါတယ်။စီးဆင်းနေတဲ့ရေဟာသူလိုရာမရောက်ခင်လမ်းမှာတွေ့သမျှ ချိုင့်ဝှမ်းတွေကိုဖြည့်တင်းသွားရသလိုပါရမီရှင်တစ်ဦးဟာလည်းသူလိုရာပန်းတိုင်ကိုမရောက်ခင် ဘ၀မှာတွေ့ရသမျှဟာကွက်ပျော့ကွက်လိုအပ်ချက်တွေကိုကြည်နူးဝမ်းမြောက်စွာစွန့်လွတ်ဖြည့်ဆည်းသွားမှာပါ။
ကရုဏာပညာတရားတွေနဲ့မိမိဘ၀ကိုစတေးပြီးအများအကျိုးသယ်ပိုးရွက်ဆောင်လိုတဲ့ကျင့်ဝတ်၊ သူရဲကောင်းတွေ လူသားဆန်တဲ့ သူတော်စင်တွေ၊ စာရိတ္တသတ္တိ ပြည့်ဝသူတွေ ရှိနေသမျှ ဒီကမ္ဘာပေါ်မှာ ပါရမီပန်းတွေကတော့ ဖူးပွင့်ဝေဆာ လှပနေဦးမှာပါ……………။
တော်ဝင်နွယ်
မေတ္တာများဖြင့်
မေတ္တာဥယျာဉ်......။
                              မေတ္တာဥယျာဉ်ဆိုဒ်မှကူးယူတင်ပြပါသည်...

No comments:

Post a Comment