Monday, February 11, 2013

ရင်ဘတ်အဟောင်းကြီး ကလေးတွေကို တပ်မပေးနဲ့


Untitled-9


“ဖေဖေက…ကျနော့်စကားကို နားမထောင်ဘူး”
ငါးတန်းကျောင်းသားကျနော့်သား…ကျောင်းကပြန်ရောက်တာနဲ့မီးဖိုခန်းကကျနော်စွန့်ပစ်ထားတဲ့ ပလပ်စတစ်အမှိုက်ခြင်းသုံးပုံးထဲကအမှိုက်တွေကိုသေချာလိုက်ကြည့်ရင်းကျနော့်ကိုပြောလိုက်တော့ ဟင်းချက်ဖို့ပြင်နေရင်းပြုံးမိတယ်။ဟိုတနေ့ကပဲသူကျောင်းကယူလာတဲ့အစိမ်းရောင်၊အပြာရောင် ကျွတ်ကျွတ်ထုတ်တွေကိုစက္ကူပုံးသုံးခုလုပ်ပြီးပုံးတွေမှာရိုးရိုးအဖြူရောင်အိတ်၊နောက်တပုံးကအပြာ၊
နောက်အစိမ်းဆိုပြီးခွဲထားတယ်။
ပြီးတော့ကျနော့်ကိုသေချာမှာတယ်။အိတ်အစိမ်းမှာစားကြွင်းစားကျန်၊အပြာမှာပလပ်စတစ်ပစ္စည်း၊ ကျန်တဲ့အိတ်မှာစက္ကူဆိုပြီးသီးသန့်ခွဲ စွန့်ပစ်ဖို့ပြောတာပါ။ဒါတွေကကျနော်လည်းသိထားပြီးသား။ ဒီလိုပဲလုပ်ခဲ့တာပဲ။ ဒါပေမယ့်…တခါတလေအမှတ်တမဲ့အလွယ်တကူ၊ပျင်းရိစိတ်တွေနဲ့စည်းကမ်းကို သတိပြုမနေတော့ဘူး။ပြီးစလွယ်ပစ်ထည့်လိုက်တယ်။အဲဒါကို သားကအပြစ်တင်တာပါ။
ကျနော်ကလည်းကိုယ့်အပြစ်နဲ့ကိုယ်မို့…“အေးပါသားရယ်၊ဆောရီး…၊ဖေဖေသတိမေ့သွားလို့ပါ၊
နောက်တခါသတိထားပါ့မယ်”လို့ ပြန်တောင်းပန်လိုက်ရတယ်။“ဖေဖေခဏခဏ… ဒါပဲပြောနေတာ”
သားကကျနော့်အပေါ်အားမရမှန်းကျနော်သိတယ်။ကျနော်ကိုယ်တိုင်ကခေါက်ရိုးကျိုးနေတာ၊ ခပ်ပေါ့ပေါ့နေတာ၊ကလေးစကားဆိုပြီးအလေးအနက်မရှိလိုက်တာဖြစ်တယ်။ရှေ့ဆက်တိတိကျကျဖြစ်အောင်
ပြင်ရမယ်ဆိုတဲ့အသိကရင်ဘတ်ထဲမှာရော၊ဦးနှောက်ထဲမှာပါဖြတ်ခနဲခုန်ဝင်လာတယ်။
ဒီမှာက…စည်းကမ်းကိုအမိန့်နဲ့လိုက်နာတာမဟုတ်ဘူး၊အသိတရားနဲ့လိုက်နာကြတာ။ဒီအရာကိုဘာ့ကြောင့်
လုပ်ဆောင်သင့်တယ်ဆိုတာကိုအဖက်ဖက်ကသုတေသနလုပ်ထား၊အပြန်အလှန် ဘက်ပေါင်းစုံဆွေးနွေးသုံးသပ်ပြီးမှအကောင်အထည်ဖော်တော့မယ်ဆိုနယ်ပယ်အစုံပညာပေးမှုတွေလုပ်ပြီး
တညီတညွတ်တည်းလုပ်ကြတာ။တိုးတက်ပြီးယဉ်ကျေးမှု၊အဆင့်အတန်းမြင့်မားသွားပြီဆိုစည်းနဲ့ကမ်းနဲ့
သပ်သပ်ရပ်ရပ်ဖြစ်သွားကြတာပဲ။ဒီရောက်တော့အပြင်ထွက်လိုက်ရင်အမှိုက်တစတွေ့ဖို့ခဲယဉ်းတယ်။
ချိုချဉ်ပတ်တဲ့စက္ကူအစအနလေးကအစအမှိုက်ပုံးထဲသေချာသွားထည့်ကြတာ။နိုင်ငံခြားက အခြေစိုက်နေထိုင်သူများတဲ့ကျနော်တို့ရပ်ကွက်ထဲကလမ်းဘေးမြက်ခင်းမှာပလပ်စတစ်စ၊ ကျွတ်ကျွတ်အိတ်နဲ့အမှိုက်စတချို့တွေ့ရတတ်တယ်။နော်ဝေးလူမျိုးအဖိုးကြီးအဖွားကြီးတွေ လက်အိတ်ကလေးတွေစွပ်ပြီးလမ်းဘေးကအမှိုက်တွေလိုက်ကောက်တာလည်းတွေ့ရတတ်တယ်။
ဒီနိုင်ငံမှာမူကြိုကလေးငယ်ဘဝကတည်းကအမှိုက်စတွေအမှိုက်ပုံးထဲပဲပစ်ရမယ်ဆိုတာ သင်ကြားပေးပြီးသား။စည်းမဲ့ကမ်းမဲ့မလုပ်ဘူး။တခါကစူပါမတ်ကက်ထဲကအမှိုက်ပုံးဘေးမှာ စက္ကူစတွေကျနေလို့အမြင်မတော်တဲ့ကျနော့်သားငယ်ကကောက်ပြီးပုံးထဲထည့်တာကို အဝေးကလှမ်းမြင်လိုက်တဲ့လုံခြုံရေးရဲကပြေးလာပြီးသားကိုကျေးဇူးတင်စကားပြောပြီးလက်ဆွဲနှုတ်ဆက်တယ်။
ခုလိုလူမှုစိတ်ရှိတာကောင်းတဲ့အကြောင်းချီးမွန်းတယ်။တကယ်တော့အဲဒီလုံခြုံရေးရဲကတကူးတက လာချီးကျူးတာဟာကလေးရဲ့စိတ်ဓာတ်ကိုမြှင့်တင်ပေးတာဖြစ်တယ်။ကလေးစိတ်ထဲမှာနောက်လည်း အမြင်မတော်တာတွေ့ရင်ပြုပြင်သွားလိုစိတ်တိုးပွားလာအောင်လှုံ့ဆော်ပေးတာဖြစ်တယ်။သားသမီးတွေကို ကျနော်တို့မိဘတွေကပဲသွန်သင်ညွှန်ပြနေတာမှုတ်ဘူး။တနေ့ကို ၅ နာရီကျောင်းစာသင်ခန်းမှာ ထိတွေ့နေတဲ့ဆရာ၊ဆရာမတွေကမိဘနဲ့မခြားအကျင့်သီလကောင်းရအောင်၊လိမ္မာရေးခြားရှိအောင် လမ်းညွှန်ပေးနေတာဖြစ်တယ်။ဒီနိုင်ငံမှာဆရာ၊ဆရာမတွေဆိုတာကကလေးတွေကို ဘာသာရပ်ဆိုင်ရာတွေပါသင်ကြားဖို.လေ့လာရတာမဟုတ်ဘူး၊ကလေးစိတ်ပညာနဲ့ သင်ကြားနည်းအဖုံဖုံပါလေ့လာရတာလို့သိရတယ်။စာသင်ပေးရုံမကဘူး၊လူမှုရေးဆိုင်ရာ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာနဲ့အထွေထွေဗဟုသုတတွေ၊အားကစား၊အနုပညာ၊စာကြည့်တိုက်တွေပါ
ကျောင်းမှာထားပြီးလေ့လာသင်ကြားရတယ်။စာသင်ခန်းပြင်ပထွက်ပြီးလေ့လာရတယ်။
ဥပမာ…တောထဲလည်တာ၊တောင်တက်တာ၊အမျိုးသားပြတိုက်၊ကဇာတ်ရုံ၊ရုပ်ရှင်ရုံ၊ကုန်ထုတ်လုပ်ငန်းတွေနဲ့
စက်ရုံတွေ…စသဖြင့်ပေါ့။မိန်းကလေး၊ယောင်္ကျားလေးဆိုပြီးလည်းခွဲခြားပြီးသင်နေတာမဟုတ်ဘူး။
ဥပမာ…ချက်ပြုတ်ရေးနဲ့မုန့်လုပ်နည်းတွေဆိုလည်းတတန်းလုံးကိုသင်ပေးတာပဲ။အတန်းတတန်းမှာ
လူအနည်းဆုံး၁၅ယောက်ကနေအများဆုံး၂၅ယောက်ပဲ။ဆရာတယောက်ထဲကကျောင်းသားအများကြီးကို တာဝန်မယူဘူး။အတန်းခွဲထားတယ်။ဒါမူလတန်းနဲ့အလယ်တန်းအဆင့်ပဲရှိသေးတယ်။ဆရာတယောက်
တာဝန်ကလည်းလွယ်တာမဟုတ်။ကျောင်းသားတဦးချင်းစီရဲ.မှတ်တမ်းအသေးစိတ်ကိုကွန်ပြူတာထဲ ဖိုင်ဖွင့်ပြီးအချက်အလက်တွေအားလုံးထည့်ထားတယ်။နောက်ခံသမိုင်း၊ပညာရေး၊လူမှုဆက်ဆံရေး၊ ကျန်းမာရေး၊စိတ်ဓာတ်ရေးရာ၊ကိုယ်လက်လှုပ်ရှားမှုနဲ့ဝါသနာတွေကအစ၊သူ့အကန့်နဲ့သူမှတ်တမ်းတင်ထား
တယ်၊လေ့လာထားတယ်။ဒီမှာလည်းမိဘဆရာအသင်းရှိတယ်။ကျနော်တို့ဆီမှာလိုအဖြစ်သဘောလုပ်နေတာ
မဟုတ်ဘူး။ဒီမှာကတနှစ်ကိုနှစ်ကြိမ်မိဘ၊ဆရာနဲ့ကျောင်းသားတွေ့ဆုံဆွေးနွေးကြသလိုတနှစ်နှစ်ခါ မိဘစုံညီနဲ့ ဆရာစုံညီဆွေးနွေးအကြံပြုကြတာရှိတယ်။မိဘနဲ့ ဆရာသီးခြားတွေ့ရင်ကိုယ့်သားသမီးရဲ့ တိုးတက်မှု၊ဆုတ်ယုတ်မှု၊အားသာချက်၊အားနည်းချက်တွေနဲ့ စိတ်ပိုင်းဆိုင်ရာ၊ အမူအကျင့်တွေကအစဆွေးနွေးရတာဖြစ်တယ်။ဆရာကလည်းမိဘလိုပဲတာဝန်ယူစိတ်အပြည့်အဝနဲ့ လုပ်ကြတယ်။မိဘကလည်းသားသမီးပညာရေးနဲ့တိုးတက်ရေးကိစ္စဆရာကိုပံ့ပိုးလုပ်ဆောင်ရတယ်။
ဆရာတွေကကျောင်းသားတွေကိုရိုက်ဖို့မဆိုထားနဲ့၊ဆူတာငေါက်တာတောင်လုပ်လေ့လုပ်ထမရှိဘူး။ ကလေးစိတ်ဓာတ်ရေးရာကျဆင်းအောင်မလုပ်ဘူး။စိုးရိမ်ကြောက်ရွံ့စိတ်မဖြစ်အောင်ထားတယ်။ စာတွေချည်းဖိသင်နေတာလည်းမဟုတ်၊အိမ်စာလည်းနင်းကန်မပေးဘူး။ကလေးတွေပေါ့ပေါ့ပါးပါး၊ သက်သက်သာသာ၊ပျော်ပျော်ရွှင်ရွှင်ပညာသင်နိုင်အောင်ဖန်တီးပေးတယ်။ကွန်ပြူတာနဲ့လေ့ကျင့်သင်ကြားရတဲ့
ဘာသာရပ်တွေလည်းရှိတယ်။မူကြိုကလေးဘဝကတည်းကကွန်ပြူတာနဲ့မကင်းသလိုပထမတန်းရောက်တာနဲ့
ကွန်ပြူတာနဲ့လေ့ကျင့်ခန်းတွေသင်ကြားပေးတယ်။အလယ်တန်းအဆင့်ရောက်တာနဲ့ကွန်ပြူတာကို ကျင်ကျင်လည်လည်အသုံးချနိုင်နေပြီ။ငါးတန်းကျောင်းသားတယောက်ကကွန်ပြူတာပါဝါပွိုင့်အသုံးချ
နည်းပညာကိုတတ်မြောက်ထားပြီးဖြစ်တယ်။ကျနော်မူကြိုကျောင်းမှာ၃လလောက်လုပ်အားပေးဖူးတယ်။ ဒီနိုင်ငံမှာကလေးတွေကိုအလေးထားပြီးဆက်ဆံတယ်ဆိုတာလက်တွေ့မြင်လာခဲ့တယ်။ကလေးတွေကို တန်းတူရည်တူဆက်ဆံတယ်။ဝန်ကြီးချုပ်ပဲဖြစ်စေ၊ကျောင်းကိုလာရင်ကလေးတွေကိုသေချာထိုင် စကားပြောတယ်။ကလေးကလူကြီးကိုခေါင်းမော့ကြည့်ပြောဆိုရတဲ့ပုံစံနဲ့စကားမပြောဘူး။ဆရာတွေဖြစ်စေ၊
လူကြီးတွေဖြစ်စေကလေးငယ်တွေကိုသူတို့အရပ်နဲ့အညီဒူးထောက်ထိုင်ချပြီးမျက်နှာချင်းဆိုင် စကားပြောတယ်။တန်းတူညီတူပြောပြီးကလေးတွေရဲ့မိမိကိုယ်ကိုယုံကြည်မှုစိတ်ဓာတ်ကိုမြှင့်တင်ပေးတယ်။ ဒါဟာအသေးအမွှားကိစ္စမဟုတ်ဘူးလို့သဘောပေါက်ပြီးကျင့်ကြံကြတာဖြစ်တယ်။ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာကိုသူတို့လေ့လာထားပြီးဖြစ်တယ်။လူမျိုး၊ဘာသာ၊အသားအရောင်လည်း မခွဲဘူး။နှိမ့်ချဆက်ဆံမှုမရှိဘူး။တကယ့်ကိုတန်းတူညီတူဆက်ဆံတယ်။မိခင်ဘာသာစကားကို လွတ်လွတ်လပ်လပ်သင်ကြားခွင့်ရှိတယ်။“ကလေးတယောက်ကိုသူနားလည်တဲ့စကားနဲ့ပြောရင်
ခေါင်းထဲဝင်မယ်၊သူ့ရဲ့မိခင်ဘာသာစကားနဲ့ပြောရင်တော့နှလုံးသားထဲဝင်လိမ့်မယ်” ဆိုတဲ့တောင်အာဖရိက လွတ်မြောက်ရေးခေါင်းဆောင်နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်နယ်လ်ဆင်မန်ဒရဲလားရဲ့အဆိုကို ဒီလူမျိုးတွေကလက်ခံထားတယ်။ကျောင်းပိတ်ရက်မှာ၊ကျောင်းအားရက်မှာစာသင်ခန်းကို ငှားရမ်းသင်ကြားခွင့်ရှိတယ်။မိခင်ဘာသာစာပေ၊စကားသင်ပေးမဲ့ဆရာကိုလည်းငှားရမ်းရင် ဆရာ့လစာကိုထောက်ပံ့ပေးတယ်လို့သိရတယ်။နော်ဝေနိုင်ငံရောက်တာနဲ့ကျနော်ဟာ စိတ်လွတ်လပ်သွားတယ်။ကလေးတွေအနာဂတ်ကိုစိတ်ချသွားတယ်။ကျနော်တို့ပြည်ပရောက်
မြန်မာတွေအများစုဟာအမိနိုင်ငံမှာနေစဉ်ကရော၊နယ်စပ်တွေနဲ့ခိုလှုံရာနိုင်ငံမြို့တွေမှာနေစဉ်ရော ဒုက္ခတွေများစွာ၊မပြည့်စုံမှုများစွာ၊ဆုံးရှုံးမှုများစွာ၊မကျေနပ်မှု၊ခါးသီးမှုများစွာကိုကြုံခဲ့ရသူတွေဖြစ်တယ်။ အားလုံးနီးပါးစိတ်ဒဏ်ရာတွေရှိနေတယ်။နုပျိုခဲ့စဉ်ကတည်းကအလွဲလွဲအချော်ချော်တွေများစွာနဲ့ ကြီးပြင်းလာခဲ့တယ်။စိုးရိမ်မှုတွေ၊အကြောက်တရားတွေ၊စိတ်မလွတ်မလပ်မှုတွေနဲ့ပတ်ဝန်းကျင်ကြီးထဲမှာ အနေကြာလာခဲ့တယ်။လူမှုလောကထဲကမကျေနပ်မှု၊အလိုမကျမှုတွေရောပြွန်းနေတဲ့စိတ်ပိုင်းဆိုင်ရာ
ပြဿနာတွေ၊စနစ်မကျတဲ့အတွေးအခေါ်၊အလေ့အကျင့်တွေဟာကိုယ့်ရဲ့မသိစိတ်ထဲစနစ်တကျနဲ့ ကိန်းအောင်းနေခဲ့တယ်။စည်းမရှိကမ်းမရှိအမူအကျင့်၊အပြုအမူတွေဟာကိုယ့်ဘဝမှာစည်းကမ်းတကျလေး စွဲကပ်နေတာကိုတောင်ကိုယ်ကသတိမပြုမိဘူး။ဘဝမှာစနစ်တကျဖြတ်သန်းနေထိုင်ဖို့အခွင့်အရေးသာမက ကိုယ်နဲ့ကိုယ့်လူ့အဖွဲ့အစည်းအတွက်အကောင်းဆုံးအရာတွေလုပ်နိုင်ဖို့အခွင့်အရေးလည်းမရှိခဲ့ဘူး။
ကိုယ်သာမကကိုယ့်မိသားစုတွေဟာနှစ်ပေါင်းများစွာအသက်ရှင်သန်ရေးနဲ့စားဝတ်နေရေးကိုဘဝရဲ့ အကြီးကျယ်ဆုံးတာဝန်တခုလိုသဘောထားခဲ့ရတယ်။ရုန်းကန်ခဲ့ရတယ်။အခုမှမဟုတ်ဘူး၊ ကျနော်တို့ငယ်ငယ်ကတည်းကကိုယ့်ကျောင်းစရိတ်ကိုယ်ရှာရတဲ့ဆင်းရဲတဲ့စနစ်ကြီးထဲကြီးပြင်းခဲ့တယ်။ မတော်တဆမှားယွင်းမှုတွေကြောင့်(အဲဒီမတော်တဆဟာသေးသေးမွှားမွှားလေးဆိုရင်တောင်)၊မိဘနဲ့ အကြီးအကဲတွေကရိုက်နှက်မလား၊ဆရာတွေကဆူပူကြိမ်းမောင်းမလားဆိုတဲ့စိုးရိမ်ကြောင့်ကြမှု၊ မလွတ်လပ်မှုနဲ့အနာတရတွေဟာကြီးပြင်းလာတဲ့အထိစိတ်ဒဏ်သင့်ခဲ့တယ်။
ကိုယ်ကမိဘဖြစ်လာတဲ့အခါဒီအသိတွေကိုဆင်ခြင်မိပေမယ့်ခေါက်ရိုးကျိုးစိတ်ဓာတ်နဲ့ ကိုယ့်သားသမီးအပေါ်ပြုမူဆက်ဆံခဲ့တာလည်းအကြိမ်ကြိမ်။ကိုယ့်ရဲ့စိတ်ဒဏ်ရာဟာအပြစ်မရှိတဲ့ ကလေးတွေအပေါ်ထပ်ဆင့်ပြီးစိတ်ဒဏ်ခတ်သလိုဖြစ်သွားတယ်။သိသိကြီးနဲ့မှားကြတာတွေရှိသလို မသိလို့မှားနေတာတွေလည်းအများကြီး။တချိန်ကလူကြီးတွေမှားခဲ့တဲ့အမှားတွေကိုကျနော်တို့က သင်ခန်းစာယူပြီးအမှားတွေ ပြင်နေရင်းနဲ့တောင်… ကျနော်တို့သားသမီးတွေကကျနော်တို့ရဲ့အမှားတွေကို ဆက်ပြင်နေရအုံးမယ်။ကျနော်တို့သားသမီးတွေစိတ်ဒဏ်ရာမကင်းရင်ကျနော်တို့မြေးမြစ်မျိုးဆက် အဆင့်ဆင့်ဒဏ်ခံရမယ့်အန္တရာယ်ကအရှည်ကြီး။
ဒါတွေအားလုံးရဲ့အဖြေကကလေးတွေကိုဒီမိုကရက်တစ်အလေ့အကျင့်တွေမွေးပေးဖို့ပဲဖြစ်တယ်။ ကျနော်တို့ဆင်ခြင်တုံတရားတွေရှိရမယ်၊အသစ်ပြောင်းလဲရမယ်။အကျင့်ဟောင်းတွေကိုသတ္တိရှိရှိ၊ သတိရှိရှိမောင်းထုတ်နိုင်ရမယ်။အသက်ကြီးလာလေ…ကျနော်သတိပြုစရာတွေ ပိုများလာတယ်၊ ကိုယ်သိထားတာတွေကိုလက်တွေ့ကျကျလုပ်ရမယ်ဆိုတာစိတ်ကသိထားရုံပဲမဟုတ်ဘူးလို့ ပိုသဘောပေါက်လာတယ်။အဓိကကကိုယ်ကကလေးတွေကိုအမွေဆိုးတွေမပေးမိဖို့ပဲ။ တချိန်ကလူကြီးတွေတိုင်းပြည်အတွက်စေတနာကောင်းတွေထားပြီးလုပ်တာဖြစ်ချင်ဖြစ်မယ်၊ဒါပေမယ့် သူတို့မှားတဲ့ဆိုးမွေတွေနဲ့ကျနော်တို့ဘဝပျက်ခဲ့ရတယ်။ဂုဏ်သိက္ခာတွေညှိုးခဲ့တယ်။တချိန်ကမှားခဲ့သူတွေကို
ကျနော်တို့အပြစ်တင်ခဲ့သလို၊ဆဲဆိုနေတုံးပဲ။မနှစ်ကဇွန်လမှာဒေါ်အောင်ဆန်းစုကြည်
အော်စလိုကိုလာတော့ဟော်တယ်ရှေ့မှာငါးနှစ်ခြောက်နှစ်အရွယ်ကရင်၊မွန်တိုင်းရင်းသားကလေးငယ်
လေးတွေသူတို့အချင်းချင်းနော်ဝေးဘာသာစကားနဲ့ပြောဆိုနေကြတယ်။ကျနော့်ဘေးမှာရပ်နေတဲ့ ရန်ကုန်ကကျောင်းဆရာမဟောင်းတယောက်က“ကလေးတို့ဗမာစကားနဲ့ပြောကြလေ”လို့ပြောတော့ မွန်ကလေးငယ်လေးကနော်ဝေးစကားနဲ့“ဗမာစကားဟာကျနော်တို့စကားမဟုတ်ဘူး၊ကျနော်တို့စကားက မွန်စကား”လို့ ပြန်ပြောတယ်။“ဗမာစကားလည်းတတ်တော့ကောင်းတာပေါ့၊ငါတို့အားလုံးကဗမာပြည်ကပဲ၊
ဒေါ်အောင်ဆန်းစုကြည်လည်းအခုဗမာပြည်ကလာတာပဲ” လို့ဆရာမကရှင်းပြတော့ကလေးငယ်က “ဗမာစကားတတ်စရာမလိုဘူး၊မွန်စကားနဲ့နော်ဝေးစကားတတ်ရင်ရတယ်” လို့ ဖြေပါတယ်။
ဘေးမှာရပ်နေကြတဲ့ကျနော်တို့အားလုံးငြိမ်ပြီးအတွေးကိုယ်စီဝင်သွားတယ်။ ကျနော်တို့တိုင်းရင်းသားတွေမှာဒဏ်ရာဒဏ်ချက်မြောက်မြားစွာနဲ့ပါ။လွဲမှားတဲ့စနစ်တွေ၊စစ်ပွဲတွေ၊ ဗိုလ်ကျစိုးမိုးမှုတွေ၊မတရားအနိုင်ယူလိုမှုတွေ၊အာဏာလောဘတွေကကျနော်တို့ညီအကိုတွေအားလုံးကို စည်းခြားပစ်လိုက်တယ်။လောဘ၊ဒေါသ၊မောဟစိတ်တွေကအမုန်းတွေ၊အညှိုးတွေကမ္ဘာမကြေဘူး စိတ်ဓာတ်တွေဖြစ်အောင်ရိုက်သွင်းပေးလိုက်တယ်။အဲဒါတွေကကျနော်တို့နဲ့တင်ပြီးမသွားဘူး။ကျနော်တို့ ရင်သွေးတွေ၊မျိုးဆက်တွေရဲ့ခေါင်းထဲ၊ရင်ဘတ်တွေထဲအထိထပ်ပြီးနက်နက်ရှိုင်းရှိုင်းထိုးထည့်ပေးလိုက်
သေးတယ်။ဒီတခါကျနော်တို့လွဲမှားရင်ကျနော်တို့မျိုးဆက်တွေကမ္ဘာကြီးမှာပျောက်သွားလိမ့်မယ်။
သမိုင်းမှာကျနော်တို့ပယ်ပယ်နယ်နယ်အဆဲခံရမယ်။အခုတောင်အဆဲခံနေရပြီ။ဒီတော့ကျနော်တို့ မမှားဖို့လိုတယ်ဆိုတဲ့အသိဟာကလေးတွေရဲ့အနာဂတ်အရုဏ်ဦးဖြစ်တယ်။ကျနော်တို့ရဲ့အမုန်းတွေကို ကလေးတွေခေါင်းထဲမထည့်ပေးပါနဲ့၊ကျနော်တို့အမှားတွေကိုကလေးတွေရင်ဘတ်ထဲမှာ ထပ်မထည့်ပေးပါနဲ့။ကလေးတွေလွတ်လွတ်လပ်လပ်ရယ်မောကြပါစေ။သင့်သင့်မြတ်မြတ်နဲ့
ပျော်ရွှင်တဲ့အနာဂတ်ဖြစ်ဖို့ကျနော်တို့ရင်ဘတ်အဟောင်းကြီးကလေးတွေကိုတပ်မပေးပါနဲ့။ ။

                                      မိုးမခဆိုဒ် မှ  ဆင့်ပွား တင်ပြပါသည်

No comments:

Post a Comment