Monday, February 18, 2013

ဒုစရိုက်လား သုစရိုက်လား

ငယ်ဘ၀ဖြစ်စဉ်တစ်ခုကိုကောင်းကောင်းမှတ်မိနေပါသေးတယ်။၁၉၆၃ ပြည်သူပိုင်သိမ်းတော့ မစ်ရှင်ကျောင်းတွေကပြောင်းလာကြရတယ်။ဗုဒ္ဓဘာသာကိုဘာသာတစ်ရပ်အနေနဲ့သင်ခွင့်ရလိုက်တယ်။ ကလေးဘ၀မို့မပြောတတ်ခဲ့ပေမယ့်အတော်ကလေးကြည်နူးချမ်းမြေ့စရာကောင်းတဲ့ဘာသာရပ်လို့ခံစား ခဲ့ရတယ်။ထားပါတော့အဲဒီအချိန်က၁၀နှစ်သားလောက်ပဲရှိဦးမလားမသိဘူး၊အဲဒီတုန်းက၀န်းကျင်ကို ခပ်ရေးရေးမြင်ကြည့်မိတယ်။
အခုနောက်ပိုင်းလူ့လောကကြီးကိုနှစ်၅၀လောက်ထပ်ပြီးဖြတ်သန်းခဲ့ပြီးပြီ။အခုရှိနေဆဲ ၀န်းကျင်ကတော့
ပြတ်ပြတ်သားသားပုံရိပ်ဖော်လို့ရတယ်။ငယ်စဉ်တုန်းက၀န်းကျင်ရဲ့ပုံရိပ်နဲ့အခုဖြတ်သန်းနေဆဲဝန်းကျင်ရဲ့ ပုံရိပ်နှစ်ခုကိုနှိုင်းယှဉ်ကြည့်မိတဲ့အခါအကွာအခြားဟာအတော်ကလေးသိသိသာသာပါပဲ။ တစ်ချိန်ကမြန်မာတွေဟာယဉ်ကျေးပျူငှာတတ်ကြလို့နာမည်ကြီးခဲ့တယ်။ရိုးသားကြတယ်လို့လည်း ဂုဏ်မြင့်ခဲ့ဖူးတယ်။အခုမြန်မာတွေအဲဒီဂုဏ်ကိုပိုင်ဆိုင်ကြပါရဲ့လား။
ယဉ်ကျေးပျူငှာကြပါရဲ့လား။အထပ်ထပ်တစ်ကိုယ်တည်းမေးမိတယ်။၁၀ နှစ်သားတုန်းကကိစ္စကတော့ ထားတော့၊လွန်ခဲ့တဲ့နှစ်၂၀လောက်ကဘမောင်တို့ဝန်ထမ်းဘ၀ပင်စင်ယူပြီးစီးပွားရေးထဲစပြီးအခြေချ ခဲ့တယ်။အဲဒီနှစ်၂၀ ဆိုတဲ့ကာလတွင်းမှာတောင်အပြောင်းအလဲတွေအတော်ကြီးဖြစ်သွားတာ အတော်ကလေးသတိထားမိနေတယ်။
အရင်တုန်းက “ကတိ” တစ်လုံးဟာခါးဝတ်ပုဆိုးလိုပဲ။အခုခေတ်“ကတိ”ဆိုတာဟိုတယ်ရေချိုးခန်း ထဲကခြေသုတ်သာသာလောက်တောင်တန်ဖိုးထားကြတော့ရဲ့လားမသိဘူး။အရင်တုန်းက စိမ်းစိမ်းကျက်ကျက်၊“ကတိ”ဟာကတိပဲ။အခုဆရာတပည့်၊ဆွေမျိုးသားချင်းတောင်ယုံရင်ယုံတဲ့သူရဲ့အပြစ် တစ်ခုလိုဖြစ်နေကြပြီ။အရင်တုန်းကလည်ပင်းဖက်ကြတဲ့သူငယ်ချင်းတစ်ဦးဦးကောင်းစားရင်ဝိုင်းပြီး ဂုဏ်ယူလေ့ရှိကြတယ်။အခုတစ်ဖက်အိမ်ကလင်ခရူဇာစီးရင်ကျန်တဲ့အိမ်ကမေးငေါ့တတ်နေပြီ။
အရင်ကရည်းစားထားကြရင်ယူဖြစ်ဖို့ကြိုးစားကြတယ်။အခုရည်းစားဘ၀မှာတောင်တစ်နေရာမှာ တစ်ယောက်စီအချိန်ခွဲပြီးချိန်းတွေ့ကြတယ်တဲ့။ယူပြီးကြတော့လည်းဟိုဟိုသည်သည်နေရာတွေကို သွားကြတာထမင်းစား ရေသောက်ပဲ၊ Living Together ဆိုတဲ့အတူနေဘ၀ဟာအရင်တုန်းက အနောက်ဘက်ကမ္ဘာမှာ လောက်သာရှိခဲ့ပြီးအရှေ့ကမ္ဘာအတွက်ရှက်စရာတစ်ခုဖြစ်ခဲ့ပေမယ့်အခုအရှေ့ ကမ္ဘာအတွက်မဆန်းတော့တဲ့ယဉ်ကျေးမှုတစ်ခုဖြစ်လို့နေပြီ။
စပွန်ဆာတွေသိပ်ခေတ်စားနေတာကြားနေရတယ်။ဘာလုပ်လုပ်စပွန်ဆာနဲ့၊စပွန်ဆာကောင်းဖို့ပဲ လိုတယ်ဆိုပဲ။အရည်အချင်းတွေ၊ကြိုးစားမှုတွေ၊လုံ့လတွေအားလုံးမြောင်းထဲရောက်ကုန်ပြီလားမသိဘူး။ အရည်အချင်းနဲ့သွားတဲ့သူထက်စပွန်ဆာသမားကရှေ့ရောက်နေတတ်တော့လည်းအတော်များများက သိပ်မကြိုးစားချင်ကြတော့ဘူး။စပွန်ဆာရှာတဲ့အလုပ်ပဲလုပ်ကြတော့တယ်။အဲဒီလိုနဲ့ပဲအရည်အချင်း
ဖြည့်တင်းရေးကမှေးမှိန်သထက်မှေးမှိန်လာတော့တယ်။
သားသမီးတွေအရွယ်ရောက်၊အိမ်ထောင်ကျကုန်ကြလို့စိတ်အေးရမလားမှတ်တယ်။မြေးတွေကအရွယ် မရောက်တရောက်ဖြစ်လာပြီ၊ဘမောင်တို့ပူပန်ရဦးမယ်။ဗုဒ္ဓရဲ့အဆုံးအမကိုအလေးအနက်ထားတဲ့နိုင်ငံ၊ ကုသိုလ်၊အကုသိုလ်ကို ကောင်းကောင်းခွဲခြားသိပါတယ်ဆိုတဲ့ နေရာဟာသိပ်များများစားစားရှိတာ မဟုတ်ဘူး။ရှားပါးလှတဲ့နိုင်ငံထဲမှာမြန်မာနိုင်ငံဟာထိပ်ဆုံးကလို့သတ်မှတ်ခြင်းခံထားခဲ့ရတာပါ။ဘမောင်တို့ လုပ်နေကိုင်နေ၊ကျင့်ကြံပြုမူနေကြတာတွေဟာဒုစရိုက်သဘောဆောင်နေသလား၊သုစရိုက်သဘော
ဆောင်နေသလားဆိုတာမခွဲခြား၊သတိမထားမိကြတဲ့သူတွေပိုပိုပြီးများလာနေသလားလို့။
“ဒုစရိတ” ကလာတဲ့ ဒုစရိုက်ဆိုတာ“ဒု”- မကောင်းသော၊“စရိတ” - ကျင့်ကြံပြုလုပ်ခြင်းဖြစ်ပါတယ်။ မကောင်းတဲ့ကိုယ်မှု၊မကောင်းတဲ့နှုတ်မှု၊မကောင်းတဲ့စိတ်မှုတစ်ခုခုနဲ့ပြုလုပ်ဆောင်ရွက်ခြင်းဟာဒုစရိုက် မည်ပါတယ်။ငယ်ငယ်ကသင်ခဲ့ရတဲ့ဗုဒ္ဓဘာသာမှာအခြေခံအနေနဲ့ကိုပါလာတာပါ။

ဗုဒ္ဓကဒုစရိုက်၁၀ပါးကိုဟောခဲ့တယ်။ထပ်ခွဲလိုက်ရင်ဒုစရိုက်ကာယကံ၃ပါး၊ဒုစရိုက်ဝစီကံ၎ပါးနဲ့ဒုစရိုက် မနောကံ၃ပါးတို့ ဖြစ်ကြတယ်။ကာယကံမြောက်ဖြစ်တဲ့ဒုစရိုက်၃ပါးကတော့သူ့အသက်သတ်ခြင်းဆိုတဲ့ (ပါဏာတိပါတ)၊ပိုင်ရှင်ကကိုယ်နှုတ်တို့ဖြင့်မပေးအပ်သောဥစ္စာကိုခိုးယူခြင်း(အဒိန္နဒါန)၊ကာမဂုဏ်တို့၌ မှားယွင်းစွာကျင့်ကြံခြင်း(ကာမေသု မိစ္ဆာစာရ)တို့ဖြစ်ပါတယ်။ဗုဒ္ဓဘာသာဝင်တိုင်းသိထားပြီးတဲ့ကိစ္စလို့ ထင်ပါတယ်။အတော်များများမကျူးလွန်ဖြစ်ကြတဲ့ဒုစရိုက်များလည်းဖြစ်တယ်။

ဒါပေမဲ့ဒုစရိုက်ဝစီကံ၎ပါးကိုတော့ဗုဒ္ဓဘာသာပါဆိုတဲ့ဘမောင်တို့မြန်မာတွေခပ်တွင်တွင်လေးကျူးလွန်
နေကြပါတယ်။ဒုစရိုက်ရယ်လို့တောင်မှသတိထားမိကြပါရဲ့လားမဆိုနိုင်ပါဘူး။မဟုတ်မမှန်ပြောဆိုခြင်း (မုသာ ၀ါဒ)၊ကုန်းတိုက်စကားပြောခြင်း၊ရန်တိုက်ပေးခြင်း(ပိသုဏ၀ါစာ)၊ဆဲရေးတိုင်းထွာ၊ကြမ်းတမ်းသော စကားကိုပြောဆိုခြင်း (ဖရုသ ၀ါစာ)၊အကျိုးမရှိ၊အနှစ်မဲ့သောစကားကိုပြောဆိုခြင်း (သမ္ဖပ္ပလာပ) တို့ဖြစ်ပါတယ်။
ဒုစရိုက်၁၀ပါးလုံးဟာအကုသိုလ်အကျိုးပေးတွေပါ။မဟုတ်မမှန်တာပြောတာနဲ့၊ကုန်းတိုက်တာနဲ့၊အနှစ်မဲ့ စကားဆိုတာနဲ့အကုသိုလ်တွေစုပြီးသားဖြစ်တတ်ပါတယ်။ကြမ်းတမ်းစကားဆိုသူကတော့အနည်းစုပဲ
ဖြစ်မယ်လို့ယူဆရပါတယ်။
ဒုစရိုက်မနောကံ၃ပါးကတော့-သူတစ်ပါးပစ္စည်းကိုငါ့ဟာဖြစ်ရင်ကောင်းမှာပဲလို့မတရားကြံစည်ခြင်း (အဘိဇ္ဈာ)၊ သူတစ်ပါးသေကျေပျက်စီးစေလိုခြင်း(ဗျာပါဒ)နဲ့အယူမှားခြင်း(မိစ္ဆာဒိဋ္ဌိ)တို့ ဖြစ်ကြတယ်။ အမှန်ကိုအမှားလို့ထင်တာ၊အမှားကိုအမှန်လို့ထင်တာဟာအယူမှားခြင်းဖြစ်ပါတယ်။အကျိုးမရှိအနှစ်မဲ့တဲ့ စကားကိုဆိုတာ၊အကုသိုလ်လို့မမြင်တာဟာလည်းအယူမှား၊အမှတ်မှားတာပါပဲ။
ဘမောင်အပါအ၀င်တော်တော်များများဟာဒုစရိုက်တစ်ပါးပါးကိုနေ့စဉ်ကျူးလွန်နေကြသူတွေပါ။ အတော်ကလေးသတိထားရှောင်ကြဉ်နေကြရမှာဖြစ်ပါတယ်။ဗုဒ္ဓဘာသာစာပေတွေကိုဖတ်ကြည့်ရင် ဒုစရိုက်၁၀ပါးဟာအပြစ်ကြီးလှပြီးအပါယ်ကိုရောက်စေတတ်လို့ “အကုသလ ကမ္မပထ” လို့ လည်းခေါ်ပါတယ်။
ဒုစရိုက်၁၀ပါးထဲမှာမိစ္ဆာဒိဋ္ဌိဖြစ်တဲ့“ကံ-ကံ”၏အကျိုးကိုမယုံကြည်မှုဟာအပြစ်အကြီးဆုံးဖြစ်တယ်လို့ ဘုရားရှင်ကဟောခဲ့တယ်။မိစ္ဆာအယူအစွဲသန်ရင်သန်သလောက်၊အယူသီးရင်သီးသလောက်အပြစ်ကြီး ပါတယ်။အယူမှားတာဟာမိစ္ဆာဒိဋ္ဌိပါ၊ကောင်းတာကိုမကောင်းထင်တာဟာမိစ္ဆာဒိဋ္ဌိဖြစ်ပြီး၊ မကောင်းတာကိုကောင်းတာထင်တာဟာလည်းမိစ္ဆာ ဒိဋ္ဌိပဲဖြစ်ပါတယ်။
သည်နေ့ဘမောင်တို့ဝန်းကျင်ကဟိုးငယ်ငယ်တုန်းက၀န်းကျင်ကြီးနဲ့အတော်ကွာသွားနေပြီဖြစ်ပါတယ်။ အကောင်းဘက်ကပိုအားကောင်းလာသလား၊အဆိုးဘက်ကပိုအားကောင်း လာသလားဆိုတာဖြစ်လာတယ်။ရုပ် ၀တ္ထုပိုင်းဆိုင်ရာတိုးတက်လာမှုကတော့အကောင်းဘက်ကလို့
ပြောရမှာပါပဲ။ဒါပေမဲ့စိတ်ပိုင်းဆိုင်ရာနဲ့ကျင့်ဝတ်ပိုင်းတွေမှာတော့အတော်ကလေး ၀မ်းနည်းစရာကောင်းအောင်ဆုတ်ယုတ်သွားတာတွေ့ရတယ်။တိုးတက်မှုဖြစ်စဉ်တစ်ခုမှာအကောင်းနဲ့ အဆိုး ဒွန်တွဲနေတာရှိတတ်တဲ့သဘာဝတစ်ခုဖြစ်ပါတယ်။အဆိုးနည်းပြီးအကောင်းများရင် လက်ခံနိုင်ဖွယ်ရာဖြစ်ပေမယ့်အကောင်းနည်းပြီးအဆိုးများရင်တော့ဝမ်းနည်းစရာတစ်ခုဖြစ်လာပါ့မယ်။
အရင်ကကျော်ကြားခဲ့တဲ့မြန်မာတွေရဲ့လက္ခဏာတစ်ရပ်ဖြစ်တဲ့ယဉ်ကျေးပျူငှာမှုဟာဖြူစင်သန့်ရှင်းပြီး ရင်ထဲကလာခဲ့တဲ့အရာတစ်ခုပါ။သည်နေ့ဝန်ဆောင်မှုပေးနေတဲ့နေရာတချို့ကလွဲရင်မလွှဲမရှောင်သာ တဲ့နေရာမျိုးမှာသာတွေ့ရတော့တဲ့အရာဖြစ်လို့သွားပါပြီ၊နှုတ်ခမ်းကအပြုံးတွေမှာအသက်မပါတော့ပါဘူး။ လုပ်ငန်းခွင်ထဲကအပြုံးကိုလုပ်ငန်းခွင်ပြင်ပအထိဆက်ပြီးသယ်မသွားနိုင်ကြတော့ဘူး။အရင်ကတစ်ဦးဦး ဒုက္ခရောက်ရင်တွေ့တဲ့တစ်ဦးဦးကမနေနိုင်ဘူး။အနည်းအများတော့ကူညီပေးလေ့ရှိတယ်။အခုတော့ ရိုင်းပင်းမှု၊ကူညီမှုတွေဟာတစ်စုံတစ်ရာအင်အားနည်းပါးလာခဲ့ကြပြီ။
ပိုပြီးဝမ်းနည်းစရာကောင်းတာကယဉ်ကျေးပျူငှာပြီးစိတ်သဘောကောင်းလှပါတယ်ဆိုတဲ့ မြန်မာတွေမှာ မစ္ဆရိယ စိတ်ကိုတံခါးမရှိ၊ဓားမရှိလက်ခံနေခြင်းပဲ။နေရင်းထိုင်ရင်းအယူအများဆုံးသောအကုသိုလ် လို့ မြင်တယ်။သူများအသက်သတ်တာ၊ခိုးတာ၊ကာမမှားတာတွေက ဖြစ်ခဲတဲ့ကိစ္စတွေ။ဒါပေမဲ့စိတ်ကလေး မထားတတ်ရုံနဲ့၊အကုသိုလ်လို့မမြင်လိုက်ရုံနဲ.အကုသိုလ်တွေဒလဟောဝင်လာတတ်တာမစ္ဆရိယ စိတ်ကြောင့်ပဲ။သူများတကာစီးပွားဖြစ်ရင်မုဒိတာပွားရမယ့်အစားမေးငေါ့တတ်လာကြတယ်။သူများတွေ တိုးတက်သွားရင်မဲ့ပြလာတတ်ကြတယ်။အထူးသဖြင့် ဗုဒ္ဓဘာသာကိုယုံကြည်ကိုးကွယ်နေတဲ့လူ့အသိုင်း အ၀ိုင်းမှာဖြစ်နေတာဟာပိုပြီးဝမ်းနည်းစရာဖြစ်လာတယ်။
စူပါမားကက် တွေမှာလည်းဈေးကလေးမေးလိုက်ရင်လေသံက“အဲဒါကသိန်းကျော်တယ်”ဆိုတဲ့ အဖြေမျိုးကိုကြားရသူတွေမနည်းဘူးလို့ထင်တယ်။“၀ယ်နိုင်ပါ့မလား”ဆိုတဲ့စိတ်အခံနဲ့ဖြေမှန်း သိပ်သိသာတယ်။ဒါတောင်မှလခနည်းနည်းလောက်ပဲရကြတဲ့သူတွေနော်။ပစ္စည်းကိုပြချင်သလို၊မပြချင် သလို၊တစ်ခုကနေနောက်တစ်ခုကိုများရွေးရင်သိပ်မကျေနပ်တဲ့မျက်နှာလေးတွေနဲ့၊မြန်မာလူမျိုးတွေရဲ့ ကိုယ်ပိုင်အမှတ်အသားပျောက်ဆုံးနေကြဟန်တူတယ်။
ဘမောင်တို့ကစီးပွားရေးနယ်ထဲကဆိုတော့အဲဒီကလူတွေနဲ့ပိုပြီးထိတွေ့မှုရှိနေတယ်။ ဟိုးလူငယ်ဘ၀က စီးပွားရေးသမားတွေရဲ့အမူအကျင့်လက္ခဏာနဲ့အခုဝန်းကျင်ကအတော်ကြီးပြောင်းသွားတာသတိထား မိလိုက်တယ်။အရင်တုန်းကတစ်ဦးနဲ့တစ်ဦးသိပ်ပြီးရိုင်းပင်းကြတယ်။စုပေါင်းလုပ်ရင်လည်းအဆင်ပြေတယ်။ တစ်ဦးနဲ့တစ်ဦးလည်းသံသယစိတ်တွေနည်းပါးကြလေရဲ့။အခုခေတ်ကျတော့စုပေါင်းလုပ်ရင်သိပ်အဆင် မပြေချင်တော့ဘူး။ဦးဆောင်လုပ်သူကိုအမြဲသံသယစိတ်နဲ့ကြည့်နေလေ့ရှိကြတယ်။
ဝေဖန်တာကောင်းပေမယ့်အမြဲတမ်းဝေဖန်မှုတွေကျတော့သိပ်မကောင်းပြန်ဘူး။လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကစီးပွားရေးသမားတစ်ဦးကအတော်ကြီးကိုအဆင်တပြေဖြစ်တယ်။သိပ်ပြီးဦးစားပေး ခံရတာပေါ့။သူနဲ့သိတဲ့လူကြီးကိုသိဖို့အတွက်၊ရင်းနှီးဖို့အတွက်ဝိုင်းကြတဲ့သူတွေလည်းပါကြရဲ့။
အဲဒီစီးပွားရေးသမားကအခုတော့အတော်ကလေးအကျပ်အတည်းနဲ့ရင်ဆိုင်နေရတယ်။ရှိတဲ့ကားတွေ ထုတ်ရောင်းနေရတယ်။အဲဒီတော့ဘာပြောကြသလဲ။တစ်ချိန်က၀ိုင်းအုံနေကြတဲ့အထဲရှေ့ဆုံးက လူမျိုးတွေကပြောတာနော်။
“ကျသွားမှာပေါ့ ရမ်းတာကိုး၊ နည်းတောင် နည်းသေးတယ်” တဲ့။
ပြောလိုက်ကြတာများရက်ရက်စက်စက်။အဲဒီလူနားသိပ်ကပ်တဲ့သူမရှိတော့ဘူး။ဘမောင်တို့ကတော့ပုံမှန်ပဲ ဆက်ဆံပါတယ်။အခုအချိန်မျိုးမှာအားငယ်နိုင်တဲ့အတွက်သူ့ဆီတောင်ဖုန်းပိုဆက်ဖြစ်သေးတယ်။
လောကကြီးက အဲသလိုမျိုး။
မြေနိမ့်ရာ လှံစိုက် ချင်ကြတယ်။
ရေနည်းရာ မိုးမရွာ ကြဘူး။
တစ်ယောက်ယောက်ကောင်းစားရင်မေးငေါ့တတ်ပြီး၊တစ်ယောက်ယောက်လဲကျသွားရင်ဝိုင်းထူပေးမယ့် အစားလက်ခုပ်ဝိုင်းတီးပေးလေ့ရှိကြတယ်။မစ္ဆရိယစိတ်ဟာဘာမှမဟုတ်ဘူးလို့ထင်ရပေမယ့်စုမိရင် အင်အားကြီးတဲ့အကုသိုလ်ဖြစ်သွားတယ်ဆိုတာမေ့နေကြတယ်နဲ့တူတယ်။
တစ်ချိန်ကမြန်မာတွေဟာယဉ်ကျေးပျူငှာကြတယ်။ရိုးသားကြတယ်၊ကူညီရိုင်းပင်းကြတယ်။တစ်ဦးနဲ့တစ်ဦး ချစ်ခင်ကြတယ်ဆိုတာနာမည်ကြီးခဲ့ဖူးတယ်။သည်နေ့ မြန်မာတွေအဲဒီဂုဏ်ပုဒ်ကိုဆက်လက်ပိုင်ဆိုင် ကြပါရဲ့လားလို့ဘမောင်မကြာခဏတွေးကြည့်မိပါရဲ့။
ကျွှန်တော်ကိုယ်တိုင်တွေးတာမဟုတ်ပေမဲ့သူများရေးထားတာဖတ်ရင်းကြိုက်လို.ကျွှန်တော် Blog မှာတင်လိုက်တာပါဗျာ...                     

No comments:

Post a Comment