Thursday, January 31, 2013

ဆန္ဒပြမှုများကို စိုးရိမ်သူများရှိလာ

ဒီမိုကရေစီစနစ်ကိုသွားနေသည့်ကာလတွင်ဆန္ဒပြမှုများကိုစိုးရိမ်သူများရှိလာနေသည်။
ဆန္ဒပြမှုများရှိလာခြင်းသည်နောက်ပြန်လှည့်ရန်စိန်ခေါ်နေသည်ဟုခံစားရသူများရှိလာနေသည်။
နောက်ပြန်လှည့်ခြင်းသည်ဆန္ဒပြမှုများနှင့်အင်အားသုံးဖြိုခွဲမှုများထိပ်တိုက်တွေ့ရာ မှပေါ်ပေါက်လာနိုင်သောကြောင့်အင်အားသုံးဖြိုခွဲမှုသည်လစ်ဘရယ်ဒီမိုကရေစီအခြေကျရ
န် အကြီးဆုံးသော အဟန့်အတားဟု မမြင်ဘဲ ဆန္ဒပြခြင်းသည် ထိုအင်အားသုံးခြင်းကို ဖိတ်ခေါ်သောကြောင့်နောက်ပြန်မလှည့်ရန်မလုပ်သင့်ဟုဆက်ပြီး ခံစားကြခြင်းဖြစ်သည်။
ဆန္ဒပြခြင်းအတွက်ဥပဒေဘောင်အတွင်းသတ်မှတ်ထားသောစည်းကမ်းများအတိုင်းလုပ်ဆောင်ခွင့်ရှိသည်။ သတ်မှတ်ထားသောစည်းကမ်းများကိုပေါ်လာသည့်issueအလိုက်ဥပဒေအရမဟုတ်ဘဲနိုင်ငံရေးအရ ခွဲခြားသောအခါဥပဒေ၊နည်းဥပဒေများအတိုင်းဆန္ဒပြသူများကမလုပ်ဆောင်ကြတော့။
ထိုသို့ မလုပ်ဆောင်ကြသည့်ဆန္ဒပြမှုများရှိသော်လည်းIssueအပေါ်လိုက်ပြီးအာဏာပိုင်များက အရေးယူသည့်ပုံစံများကွဲပြားလာသည်။ရခိုင်ပြည်နယ်အရေးတွင်ဘင်္ဂလားဒေ့ရှ်သံရုံးရှေ့၃ကြိမ်အထိ ဆန္ဒပြခြင်းကိုမည်သည့်ရဲမှအရေးမယူသလိုပိတ်ဆို့ဟန့်တားခြင်းလည်းမရှိ။သို့သော်တရုတ်သံရုံးရှေ့ ဆန္ဒပြခြင်းကိုမူပိတ်ဆို့ဟန့်တားသည်။
နည်းဥပဒေချိုးဖောက်မှု၁၅ကြိမ်ထက်မနည်းရှိသူများတရားရုံးတွင်ဥပဒေအတိုင်းဖြေရှင်းမှုရှိနေသေးသည့် အနေအထားအောက်တွင်ကြေးနီစီမံကိန်းအရေးဆန္ဒပြသူများကိုဆန္ဒပြသည့်နေရာတွင်ပင် ရုပ်ဆိုးအကျည်းတန်စွာဖမ်းဆီးသည်။
ဆိုလိုရင်းမှာဥပဒေချိုးဖောက်ပြီးဆန္ဒပြခြင်းနဲ့ထိုဆန္ဒပြခြင်းကိုဖမ်းဆီးမှုများသည် ဥပဒေအတိုင်းဆောင်ရွက်နေခြင်းလား၊Issue ပေါ်မူတည်ပြီးနိုင်ငံရေးအရလုပ်နေခြင်းလားဆိုသည်မှာ ဥပဒေစိုးမိုးရေးဆိုသည်ကို စိန်ခေါ်နေခြင်းဖြစ်သည်။
ထိုအခါ ဘေးမှရပ်ကြည့်နေသူများထဲမှအချို့ကဆန္ဒပြခြင်းသည်မကောင်း။နောက်ကြောင်းပြန် လှည့်နိုင်သည်ဟုဆိုကြသည်။ထိုအသံကိုကျယ်ကျယ်လောင်လောင်အော်လာကြသည်။Animal Farm ထဲကသိုးများလိုခြေနှစ်ချောင်းမကောင်း၊ခြေလေးချောင်းသာကောင်း၏ဟုကြွေးကြော်ဝါဒဖြန့်မှုအောက် ပိတ်မိနေသည်နှင့်တူသည်။ဥပဒေကိုလက်တစ်လုံးခြားလုပ်ပြီးလိုရင်လိုသလို လုပ်နေသည့် ဖြစ်ရပ်ကိုထောက်ပြခြင်းမျိုးအားနည်းသည်။
(လက်ပံတောင်းတောင်သပိတ်ကိုဖြိုခွဲမှုမှာ၁၄၄ပုဒ်မထုတ်ပြန်ထားသဖြင့်ဥပဒေအရသပိတ်ကို ဖြိုခွဲခွင့်ရှိသည်။သို့သော်အကြမ်းဖက်ဖြိုခွဲမှုမှာလူယဉ်ကျေးတို့၏လုပ်ရပ်မဟုတ်။ထောက်ပြလိုသည်မှာ ဥပဒေအတိုင်းမည်သို့တရားမျှတအောင်ဆောင်ရွက်မည်ဆိုသည်ကိုIssue ပေါ်အခြေမခံဘဲ လုပ်ဖို့ဖြစ်သည်)
တရုတ်နိုင်ငံတွင်ဆန္ဒပြခြင်းကိုခွင့်မပြုသော်လည်းဂျပန်နှင့်အမေရိကန်ဆန့်ကျင်ရေးဆိုပါကလမ်းမပေါ် တရုတ်ကျောင်းသားကျောင်းသူသိန်းနဲ့ချီဆန္ဒပြသည်ကိုလွှတ်ပေးထားသည်။ တရုတ်နိုင်ငံနှင့်ပတ်သက်လာပါကတရုတ်တို့ လမ်းပေါ်ထွက်ခွင့်မရ။
ဆန္ဒပြမှုများကိုမြန်မာပြည်တွင်စိုးရိမ်စရာဖြစ်သည်၊နောက်ကြောင်းပြန်လှည့်ဖို့ဖိတ်ခေါ်နေခြင်းဖြစ်သည်ဟု ၀ါဒဖြန့်ခြင်းသည်လစ်ဘရယ်ဒီမိုကရေစီရှင်သန်စေရန်အားပေးခြင်းမဟုတ်ဘဲဥပဒေကို လက်တစ်လုံးခြားလုပ်ပြီးဖြိုခွဲမည့်အာဏာပိုင်များကိုထိပ်တိုက်ရင်ဆိုင်ခြင်းဟုနားလည်နေပြီး
နောက်ကြောင်းပြန်လှည့်နိုင်သည်ဟုစိုးရိမ်ခြင်းဖြစ်သည်။

မြန်မာ့အသွင်ကူးပြောင်းရေးသည် ၂နှစ်အတွင်းဒီမိုကရက်တိုက်ဇေးရှင်းနှင့် ယှဉ်တွဲပုံဖော်နေရသည်ကိုမေ့နေကြသည်။လစ်ဘရယ်လိုက်ဇေးရှင်းနှင့်ဒီမိုကရက်တိုက်ဇေးရှင်း တပြိုင်တည်းပုံဖော်ရာတွင်အလှုပ်အရမ်းများသည်ကိုနားလည်ထားရမည်။
ထိုအလှုပ်အရမ်းကိုနောက်ကြောင်းပြန်လှည့်နိုင်သည်ဟု ယူဆနေပါကဒီမိုကရေစီအခြေကျဖို့ မဖြစ်နိုင်။နိုင်ငံရေးခရိုနီနှင့်ဥပဒေကိုလက်တစ်လုံးခြားလုပ်သူအာဏာပိုင်များ၏မှားယွင်းမှုကို မပြောကြနဲ့ဆိုသည့်ချွေးသိပ်သောအတွေးအခေါ်သည်သာတကယ့်နောက်ကြောင်းပြန်နေသော စိတ်ဓါတ်တို့ဖြစ်သည်။
  ထိုသို့ မပြည့်ဝသော အတွေးအခေါ်တို့သည် နောက်ကြောင်းပြန်ဖို့ မျိုးစေ့ချနေခြင်းဖြစ်သည်။

No comments:

Post a Comment