သူငယ်ချင်း……..
မင်းတို့ငါတို့ ငယ်ငယ်က ကလေးဘ၀ကို ပြန်စဉ်းစားမိတိုင်း ငါအမြဲ
ပျော်နေမိတယ်။ ငါတို့တစ်တွေ ငယ်ငယ်က ကစားလည်းအတူတူ စားလည်းအတူတူ
ကျောင်းသွားလည်းတတွဲတွဲ ဘောလုံးပွဲကြည့်လည်း လက်မခွဲတမ်းပဲလေ။ ဘ၀ပေး
အခြေနေတွေပြောင်းလာတော့ မင်းကတော့ ဆေးတက္ကသိုလ်တက်ဖို့ ကံပါပေမယ့် ငါတော့
ဆယ်တန်းပြီးတာနဲ့ အလုပ်ထဲ တန်းဝင်ခဲ့ရတယ် သူငယ်ချင်း။
ငါ့ဘ၀က ခါးခဲ့တယ် သူငယ်ချင်း။ “ပညာမတတ် သူ၏၀န်ထမ်း” ဆိုသလိုပဲ ငါ ကြုံရာ
ကျရာ အလုပ်ပေါင်းစုံ လုပ်ခဲ့တယ်။ ဆယ်တန်းပြီးတော့ အဝေးပြေးကားလိုက်တယ်
ရန်ကုန်-ပဲခူး၊ ရန်ကုန်-မန္တလေး စသဖြင့်ပေါ့။ ခရီသည်တင်ကားလိုင်းဆိုတော့
သိပ်မပင်ပန်းဘူးလေ။ ဒါပေမယ့် လခတော့ နည်းတယ်။ ရသမျှ လုပ်ရတာပေါ့။ နောက်
အပေါင်းသင်းတွေကောင်းမှုနဲ့ ကုန်ကား အကူလိုက်တယ်။ တစ်ခါတစ်လေလဲ
ကိုယ်တိုင်မောင်း ခွင့် ရတာပေါ့။ အထူးသဖြင့် လားရှိုးဘက်၊ မူဆယ်ဘက်တွေ
ကုန်ရရင် ငါတို့ ငွေရွှင်တယ်လေ။ ငွေများများရရင် အပျော်ရှာကြတာပေါ့ကွာ။
မင်းတို့လို ပညာတတ်တွေ မဟုတ်တော့ ဥာဏ်ကလည်း နည်းတယ်လေ။ ရရ စားစား
ပျော်ပျော်ပါးပါးပေါ့ကွာ။ ငွေလုံးငွေရင်းလေး ရရင်တော့ လက်စွပ်လေး
ဆွဲကြိုးလေး လုပ်လိုက်တယ်။ ငါ့အိမ်ကိုလည်း ပြန်ပေးရတာပေါ့ကွာ။ အိမ်မှာလည်း
ငါ့ညီတွေ ညီမတွေက ကျောင်းသားတွေကိုး။ သုံးစရာ မရှိတော့လဲ လက်စွပ်လေး
ပေါင်ပြီး ဒီလိုပဲ လည်ပတ်ရတာပေါ့ကွာ။ ကုန်ကားနောက်လိုက်တဲ့ ဘ၀ဟာ ငါ့အတွက်
အလွန်ပဲ အေးချမ်းတယ်ထင်တယ်။ ခရီသည် တင်ကားတွေလို စကားများများပြောစရာ
မလိုဘူး။ ကုန်ကို လိုတဲ့နေရာ ရောက်အောင်ပို့မယ်။ အင်း.. ကားပျက်ရင်တော့
အချိန်ပုပ်တာပေါ့ကွာ။ ဒီလိုနဲ့ ငါလည်း ပျင်းလာတယ်။ အပျင်းပြေ
ရည်စားထားတာပေါ့ကွာ။ ငါတို့ဘ၀က လမ်းပေါ်မှာပဲလေ။ လမ်းမှာစား၊ လမ်းမှာအိပ်၊
လမ်းမှာပဲ ကျင်လည်နေကြရတာ မဟုတ်လား။ လမ်းပေါ်က မိန်းကလေးကိုပဲ အပျော်တမ်း
ရည်းစားထားရတာပေါ့ကွာ။
လမ်းပေါ်က မိန်းကလေးတွေဆိုတော့ သူတို့ကလည်း အပျော်တမ်း
ချစ်တမ်းကစားကြတာပဲ။ ကားပေါ် လမ်းတဖြတ်လိုက်ရင်း ငါတို့နဲ့ အိပ်၊
ငါတို့နဲ့စား၊ ငါတို့နဲ့ ပျော်ပါးကြတဲ့ ကောင်မလေးတွေလေ။ သူတို့လည်း
လမ်းပျော် မလေးတွေပေါ့။ ငါတို့အတွက်တော့ သူတို့က နတ်မိမယ်တွေပဲကွာ။
ငါတို့မှာ တူညီတဲ့ ဘ၀ဇာတ်ကြောင်းတွေ ရှိကြတယ်။ ခေတ်ပညာကောင်းကောင်း
မတတ်ဘူး၊ မိဘက မချမ်းသာဘူး၊ မိသားစုဝင်တွေ များတယ်၊ မိသားစုကို
လုပ်ကျွေးနေကြတယ်….ဒါတွေက ငါတို့ရဲ့ တစ်ထောင့်တစ်ည လမ်းပေါ်က လူတွေရဲ့
ဘ၀တွေပဲ။ အေး..တစ်ချို့မှာတော့ အချောင်နှိုက် အလစ်သုတ်ချင်တဲ့
ဓာတ်ခံလေးတွေရှိကြတယ်။ တစ်ချို့ ကားသမားတွေကလည်း စားပြီးနားမလည်
လုပ်တတ်ကြတာလည်း ရှိသေးတယ်။ ဒါပေမယ့် ဒါတွေက ငါတို့လောကရဲ့ မထူးတော့တဲ့
နိစ္စဓူဝတွေလေ။
ငါမင်းနဲ့ မနှစ်ကတွေ့တုန်းက အားရပါးရ နှုတ်ဆက်ချင်ခဲ့မိတယ် သူငယ်ချင်း။
မင်းလည်း အန်ဂျီအိုမှာ အလုပ်လုပ်နေတာသိတော့ ၀မ်းသာမိတယ်။ ငါတို့တွေ
ကွဲသွားကြတာ ၁၀ နှစ်ကျော်နေပြီလေ။ ငယ်ငယ်တုန်း ကလို
လက်သီးပြင်းပြင်းလေးနှစ်ချက် သုံးချက်လောက် မင်းကို စပြီး
ထိုးပြစ်လိုက်ချင်သေးတယ်။ ဒါပေမယ့် မင်းက လူအများလေးစားတဲ့
ဆရာဝန်ကြီးဖြစ်နေပြီလေ။ ငါ ငယ်မူပြန်ပြီး လက်သီးနဲ့ ထိုးဖို့ ဘယ်ဖြစ်
မလဲကွာ။ ငါမင်းအတွက် ဂုဏ်ယူပါတယ်။ ငါ့သူငယ်ချင်းထဲမှာ မင်းတစ်ယောက်
ထူးထူးချွန်ချွန်ရှိတော့ အားရ ပီတိဖြစ်မိတယ်။ အားလည်း ကိုးမိတယ်လေ။
ဒါပေမယ့် ငါ့ကို ကုန်ကားမောင်းတဲ့သူလို့ မင်းသိလိုက်တဲ့အခါ
မင်းမျက်နှာပေါ်က အထင်သေးဟန်ပြသွားတဲ့ မျက်လုံးတစ်စုံက ငါ့ရင်ကို
ဓားနဲ့ထိုးသလိုပဲကွာ။ ငါ့ဘ၀ပေး အခြေနေကြောင့် ငါ ကုန်ကားမောင်းတာ ငါသိမ်ငယ်
စရာဖြစ်သွားသလား သူငယ်ချင်း။ ငါကုန်ကားမောင်းတာလည်း ငါ့မိသားစုအတွက်
လက်ရှိဘ၀ စားဝတ်နေရေးကို ဖြေရှင်းပေးဖို့ လုပ်ဖြစ်သွားတာ ပဲလေကွာ။
လူဘုံလယ်မှာ မင်းပြောလိုက်တဲ့ စကား တစ်ခွန်းကိုလည်း အခုထိ အမှတ်ရနေသေးရဲ့….
“မင်းတို့ Highway driver တွေ၊ လေးလုံးရောဂါ ပိုင်ရှင်တွေ၊
ဘယ်လောက်လုပ်ပေးပေး အလကားပဲ၊ မင်းလည်း သတိထားဦး” ဆိုတာလေ။ ဖြစ်နိုင်ပါတယ်
ငါတို့ လမ်းပေါ်က ဘ၀တွေမှာ ဒီလိုပဲ အဆင်ခြင်မဲ့ မှားခဲ့လို့၊ အရက်သောက်
ဆေးချလို့ မဖြစ်သင့်ပဲ ဖြစ်သွားတဲ့ သာဓကတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့်
သူငယ်ချင်းရာ မင်းတို့ highway driver တွေ ဆိုပြီးတော့ ၀ါးလုံးရှည်နဲ့
မရိုက်ပါနဲ့။ ကုန်ကားမောင်းပေမယ့် လူတစ်ဦးချင်း တစ်ယောက်ချင်းမှာ
မင်းတို့တွေ မသိထားတဲ့ ကောင်းတဲ့ အမူအကျင့်လေးတွေ ရှိကြပါတယ်။ မင်းတို့
အန်ဂျီအိုတွေက ဝေတဲ့ ကွန်ဒုံးတွေ၊ စာစောင်တွေကို တကယ်ဖတ်ပြီး
တကယ်လိုက်နာတဲ့ လူတွေကိုတော့ မင်းအနေနဲ့ အသိအမှတ်ပြုသင့်တယ် သူငယ်ချင်း။
ငါလေ ပြန်တွေးမိတိုင်း မျက်ရည်ကျမိတယ်ကွာ…။ မင်းတို့ အန်ဂျီအိုတွေကို ငါ
ကျေးဇူးလည်း တင်ပါတယ်။ တကယ်လည်း လေးစားတယ်သူငယ်ချင်း။ ငါတို့လို
လမ်းပေါ်မှာ ကျင်လည်နေတဲ့ ဘ၀တွေ အတွက် လေးလုံး ရောဂါ မဖြစ်ရအောင် ပညာပေးတယ်၊
အသိတွေဖြန့်တယ်၊ ဆွေနွေးပွဲတွေ လုပ်တယ်။ ဒါတွေက ငါတို့အတွက်
တကယ်အကျိုးရှိပါတယ်ကွာ။ သို့ပေမယ့် မင်းပြောသလို ငါတို့က ဒီရောဂါ
ပိုင်ရှင်တွေ မဟုတ်ဘူး သူငယ်ချင်း။ ငါတို့က ဒီရောဂါကို လိုက်ဖြန့်နေတဲ့
လူတန်းစားလည်း မဟုတ်ဘူးလေ။ မင်းတို့တွေ လုပ်ပေးတာကို ငါတို့သိပါတယ်၊
ဒါပေမယ့် “ဘယ်လောက်လုပ်ပေးပေး အလကားပဲ” ဆိုတာတော့ ငါနားမလည်ဘူး သူငယ်ချင်း။
မင်းတို့ အန်ဂျီအိုတွေ ငါတို့အတွက် ဘယ်လောက် ထိထိရောက်ရောက် လုပ်ပေးခဲ့သလဲ
ဆိုတာ မင်းတို့ပဲ သိမယ် သူငယ်ချင်း။ ပြင်ပက အလှူရှင်တွေရဲ့ ဒေါ်လာတွေကို
မင်းတို့ ငါတို့အတွက် ဘယ်လောက်ထိထိရောက်ရောက် အသုံးပြုကြသလဲဆိုတာ
မင်းကိုယ်မင်းသာ ပြန်မေးကြည့်ပေတော့ သူငယ်ချင်း။ မင်းတို့အလုပ်တွေက
ပညာရှင်ဆန်လွန်းတယ်လေ။ ငါ အတွင်း ကျကျ မသိနိုင်ဘူးကွာ။ ဒါပေမယ့်ကွာ
မင်းတို့က စာစောင်တွေဝေတယ် ကွန်ဒုံးတွေဝေပေမယ့် ငါတို့ထဲမှာ စာလုံးဝ
မတတ်တဲ့သူတွေ၊ ကွန်ဒုံးကို ဘယ်လို စနစ်တကျ သုံးရမယ်ဆိုတာ မသိတဲ့သူတွေက
ဒုနဲ့ဒေးလေ။ မင်းတို့ပြောတဲ့ အင်္ဂလိပ်တစ်ပိုင်း မြန်မာတစ်ပိုင်း
ဝေါဟာရတွေကလည်း ငါတို့အဘိဓာန်မှာ ဘယ်လိုမှ နားမလည်နိုင်ဘူးလေကွာ။ ဒီတော့
ဘယ်လောက်လုပ်ပေးရမယ် ဘယ်လို လုပ်ပေးရမယ်ဆိုတာ မင်းတို့ ပညာရှင်တွေ
အကြံထုတ်ကြပေါ့ကွာ။
မင်းငါ့ကို သတိပေးတဲ့ အတွက် ငါ တကယ်ကျေးဇူးတင်မိတယ် သူငယ်ချင်း။ ငါလည်း
ဒါတွေကို သတိထားပါတယ်။ မိသားစုအတွက် ငွေရှာနေတဲ့ ငါတို့ ဘ၀တွေအတွက်
ဒီရောဂါဆိုးကြီးသာ ငါ့မှာ ဖြစ်ခဲ့ရင် ငါ့ညီတွေ ညီမတွေ မိဘတွေကို ငါဘယ်လိုမှ
ထောက်ပံ့နိုင်မှာ မဟုတ်ဘူးလေ။ ပြီးတော့ ရပ်ကွက်ထဲမှာလဲ ငါ့မိဘတွေ
မျက်နှာငယ် အရှက်ကြီးရကြရမှာကိုး…။ ငါသတိနဲ့ ဆင်ခြင်မှာပါ သူငယ်ချင်း။
အေး…မင်းလည်း စကားပြော ဆင်ခြင်ပါ သူငယ်ချင်း။ မင်းလို
အန်ဂျီအိုမှာလုပ်နေတဲ့ ဆရာဝန်တစ်ယောက်ကတောင် ဒီလိုပြောရင် ကျန်တဲ့
သူတွေလည်း ဒီလိုပြောကြ မြင်ကြရင် မင်းတို့ ကတိတွေပြုထားတဲ့ “ခွဲခြား
နှိမ်ချ ဆက်ဆံခြင်း” ဆိုတာ စာအုပ်ထဲမှာပဲ ရှိပေမပေါ့။ ငါကတိပေးတယ်
သူငယ်ချင်း၊ ဒီရောဂါမကူးစက်အောင် ငါလဲ ဆင်ခြင်မှာပါ။ မင်းလည်း ကတိပေးပါ
ငါတို့ကို ခွဲခြားတဲ့ စကားမျိုး မပြောပါဘူးလို့လေ။
လမင်းကို
No comments:
Post a Comment