Monday, April 22, 2013

အရက်၏ဆိုးကျိုးများ (များစွာသောက်သုံးမိလျှင်)

အရက်အလွန်အကျွံသောက်တဲ့သူတွေဟာ...

၁.Accidents...ကားတိုက်မှုအပြင်အခြားတိုက်ခိုက်မှု၊ခိုက်ရန်ဖြစ်ပွားမှုတွေဖြစ်နိုင်တယ်လေ။
   Body ထဲမှာAlcohol level 0.05 ဆိုရင်ကားတိုက်မှုဖြစ်နိုင်ချေ ၅ ဆ၊
   Alcohol level 0.08 ဆိုရင်ကားတိုက်မှုဖြစ်နိုင်ချေ ၂၅ ဆ၊
   Alcohol level 0.15 ဆိုရင်ကားတိုက်မှုဖြစ်နိုင်ချေ ၈၀ ဆ ပိုပြီးမြင့်တက်လာကြောင်းတွေ.ရပါတယ်။

၂.ကင်ဆာရောဂါ...အထူးသဖြင့်အစာအိမ်ကင်ဆာ၊လည်ချောင်းကင်ဆာ၊အသဲကင်ဆာတွေဖြစ်နိုင်ပါတယ်။

၃.အသဲရောဂါ...နှစ်ရှည်အရက်စွဲသောက်သူတွေမှာအသဲရောဂါဖြစ်ကိုဖြစ်တာတွေ.ရပါတယ်။သေဆုံးမှု           ဟာလည်းအသဲရောဂါဖြစ်ပြီးသေဆုံးတာအဖြစ်များပါတယ်။

၎.အစာအိမ်ဝေဒနာ...အရက်မှာပါတဲ့အဆိပ်ဓာတ်ကြောင့်ရင်ပူခြင်း၊အစာအိမ်လောင်ခြင်းအပြင် အစာအိမ်ကင်ဆာအထိတောင်ဖြစ်နိုင်ပါတယ် ။

.သွေးတိုးရောဂါ...သတိမထားမိတဲ့အချက်တခုပါ။အရက်ဟာသွေးတိုးစေတာတွေ.ရပါတယ်။ဒါကြောင့် နဂိုသွေးတိုးရှိသူတွေအရက်သောက်မိရင်ပိုဆိုးလာပါမယ် ။

.နှလုံးရောဂါ...အရက်ဟာသွေးတိုးစေတဲ့အတွက်နောက်ဆက်တွဲပြသနာတွေဖြစ်တဲ့နှလုံးသွေးကြော
 ရောဂါတွေကိုပါဆက်ပြီးဖြစ်စေပါတယ်။နဂိုနှလုံးရောဂါအခံရှိသူတွေမှာနှလုံးရပ်ပြီးသေဆုံးတဲ့အထိကို ဖြစ်နိုင်ပါတယ်။

.လေဖြတ်ခြင်း...အရက်သောက်သူတွေမှာအသက်ငယ်ရွယ်သူတွေအပါအ၀င်ဦးနှောက်သွေးကြောပိတ်ပြီး
 လေဖြတ်ဖို့ ၈၀ % ရှိနေပါတယ်။

၈.အ၀လွန်ရောဂါ...အရက်မှာသကြားဓာတ်ပါဝင်မှုများတာကြောင့်လူကိုဝစေပါတယ်။နောက်ဆက်တွဲ ဆီးချိုရောဂါပါဖြစ်နိုင်ပါတယ်။

၉. အရိုးပွရောဂါ...နှစ်ရှည်အရက်သောက်သူတွေအရိုးပွနေတာကိုတွေ.ရပါတယ်။

၁၀. Pancreatitis...ပန်ကရိယယောင်တာလဲဖြစ်နိုင်ပါတယ်။အစာအိမ်ရောဂါနဲ့ဆက်စပ်နေပါတယ်။

၁၁. အိပ်မပျော်ခြင်း...တချို့တွေမှာပဲတွေ.ရတာပါ ။

၁၂. ခုခံအားကျခြင်း...အရေးကြီးပါတယ်။အရက်ဟာbodyရဲ့ရောဂါတွေကိုကာကွယ်နိုင်တဲ့စွမ်းအားကို ကျဆင်းစေပါတယ်။ဒါကြောင့်အရက်သောက်တဲ့လူတွေဟာမကြာခဏဖျားခြင်း၊ရောဂါပိုးဝင်ခြင်း၊ အနာရင်းခြင်းတွေအပြင်ဝေဒနာဖြစ်ပြီးရင်လဲပျောက်ဖို့ကြာတတ်ပါတယ် ။

၁၃. စိတ်ဝေဒနာ...အရက်ကြောင့်ဖြစ်တဲ့စိတ်ဝေဒနာ(alcohol-related dementia )၊ပိုဆိုးရင်စိတ်ရောဂါ
(Korsakoff’s psychosis) အထိကိုဖြစ်စေပါတယ် ။

အဲ့ဒီရောဂါတွေအပြင်...

၁၄. စွမ်းဆောင်ရည်ကျဆင်းခြင်း

၁၅. အမှားအမှန်ဝေဖန်ပိုင်းခြားနိုင်မှုအားနည်းလာခြင်း၊တက်ကြွမှုပျောက်ဆုံးခြင်း၊လူမှုရေးပြသနာများ၊ အဆိုးဆုံးကမိမိကိုယ်ကိုသတ်သေခြင်းအထိကိုဖြစ်စေပါတယ်။
ကိုယ်ဝန်ဆောင်အမျိုးသမီးများအရက်သောက်တာမြန်မာအမျိုးသမီးတွေမှာမရှိသလောက်ကိုရှားပါတယ်။
ဒါကြောင့်ဒီအကြောင်းကိုချန်ခဲ့ပါမယ်။

ဤသို့သောအမျိုးသမီးများ”သင်”တွေ့ဖူးပါသလား?

၁။နံနက်စောစောအိပ်ရာထတတ်သူ၊နာက်ဆုံးမှအိပ်တတ်သူ၊အိမ်မှုကိစ္စနိုင်နင်းသူ၊
    ဈေးဝယ်ကျွမ်းကျင်သူ။မိန်းမမြတ်စာရင်းဝင်

၂။လင်ယောင်္ကျား၏လုပ်ငန်းများအားကျွမ်းကျင်စွာလုပ်ကိုင်နိုင်၍မျက်နှာလွှဲရသူ။အဖိုးတန်မိန်းမ။

၃။ရည်းစားဘ၀ထဲကအလျှော့ပေးကာအနွံအတာခံတတ်သူ၊သင့်မျက်နှာသာတစ်ကမ္ဘာထင်သူ။
   သင့်ကိုအားကိုးသောမိန်းမ

၎။မိမိခင်ပွန်းအားဝတ်ကောင်းစားလှများသပ်ရပ်စွာစီစဉ်ပေးကာကိုယ်တိုင်လည်းသပ်သပ်ရပ်ရပ်နေတတ်သူ။
   အရည်အချင်းရှိသောမိန်းမ

၅။သင်ကျန်းမာရေးချို့တဲ့နေသည့်အခါတိုင်းမိမိမကျန်းမာသည်ကိုနောက်ချန်ကာသင့်ကိုသာဦးစားပေး၍
   မငြီးမငြူပြုစုသောသူသင့်ကိုချစ်သောမိန်းမ

၆။ချစ်သူဘ၀တွင်သင်နှင့်စိတ်တူကိုယ်တူသင်ကြိုက်တာမှန်သမျှအပေးအယူမျှတစွာဒိုးတူဘောင်ဖက်
   နေထိုင်တတ်သူ။သူငယ်ချင်းနှင့်တူသောမိန်းမ

၇။သင်မူးယစ်ဆေးစွဲနေသည်ကိုသိသော်လည်းစိတ်မပျက်ပဲသင့်အားချစ်လျှက်တွဲခေါ်ဖေးမဆေးပြတ်စေသူ။
   စိတ်ထားကောင်းသူမိန်းမ

၈။သင်ရိုင်းပျစွာပြောဆိုသော်လည်းသင့်ကိုအပြုံးနှင့်တုန့်ပြန်ကာဟာသလုပ်၍တုန့်ပြန်သူ။မိခင်လိုမိန်းမ

သင်နှစ်သက်သောလိင်ပိုင်းဆိုင်ရာကိစ္စရပ်များကိုစိတ်မပါသော်လည်းအလိုလိုက်ဖြည့်စည်းပေးသူ
   နားလည်မှုပေးစွမ်းနိုင်သောမိန်းမ

၁၀။ရည်းစားဘ၀တွင်သင့်အားချစ်သည့်စိတ်ဖြင့်”ကာမ”အလိုလိုက်မိသော်လည်းသင်၏
     စွန့်ပစ်မှုအပေါ်တွင်အသိတရားရှာကာသင့်ထက်သူမကိုတန်ဖိုးထားချစ်တတ်သူယောင်္ကျားကို
     ပြတ်သားစွာရှာဖွေတတ်သောမိန်းမ။ထက်မြက်သောမိန်းမ

၁၁။အားလုံးပြည့်စုံသောသင့်ကိုမရွေးချယ်ပဲသင့်ထက်အဆပေါင်းများစွာနိမ့်ကျသူကိုရွေးချယ်ခြင်းသည်
     သင့်ကိုမချစ်၍ဖြစ်သည်သတ္တိရှိသူမိန်းမ

၁၂။မိမိဆွေမျိုးများကိုအလိုက်အထိုက်သာဆက်ဆံပြီးသင့်ဆွေမျိုးများအားပေးကမ်းရက်ရောသူ။
     လိမ်မာပါးနပ်သောမိန်းမ

၁၃။လုပ်ဖေါ်ကိုင်ဖက်များနှင့်ပျော်ရွှင်စွာနေထိုင်တတ်ပြီးသင့်ထက်သူငယ်ချင်းကိုပို၍အလေးထားသူ။
     အပျိုကြီးလုပ်မဲ့မိန်းမ

၁၄။သင့်ကိုနေရာတကာအနိုင်ယူကာဗိုလ်ကျဆိုးနွဲ့တတ်သူသင့်ကိုမျက်စေ့အောက်ကအပျောက်မခံနိုင်အောင်
     ချစ်သူ။ကလေးဆန်သောမိန်းမ

၁၅။သင်တစ်ယောက်အတွက်သာဘ၀ကိုပုံပေးကာယာင်္ကျားဆိုသင်တစ်ယောက်သာသူမအတွက်
     ရှိသည်ဟုထင်မှတ်သူ။အချစ်ကြီးသောမိန်းမ

လောကမှာမိန်းမကောင်းတွေအများကြီးပါ…ရှာဖွေတတ်ဖို့တော့လိုတယ်နော်…(၁၅)ချက်ကလွတ်ကင်းတဲ့ယောင်္ကျားများဤကဲ့သို့သောမိန်းမမျိုးများရရန်လွယ်ကူပါကြောင်း။

အရှင်ဆန္ဒာဓိကရဲ.ဆုံးမစာ

ဘယ်သူကဲ့ရဲ့ကဲ့ရဲ့ ဘုရားမကဲ့ရဲ့အောင်နေ၊
စိတ်မှာအသိဥာဏ်နည်းရင် ရိုင်းတယ်၊
စိတ်မှာအသိဥာဏ်များရင် ယဉ်ကျေးတယ်။

ဆဲဆိုတာသူ့အလုပ် သည်းခံတာကိုယ့်တာဝန်၊
ကဲ့ရဲ့တာသူ့အလုပ် သည်းခံတာကိုယ့်တာဝန်၊
ချစ်စရာကောင်းတာသူ့အလုပ်၊ မချစ်မိအောင်သည်းခံတာကိုယ့်တာဝန်၊
မုန်းစရာကောင်းတာသူ့အလုပ်၊ မမုန်းမိအောင်သည်းခံတာကိုယ့်တာဝန်။

စိတ်မပူလောင်ချင်ရင် ဘယ်သူ့ကိုမှမချစ်ပါနဲ့၊
စိတ်မဆင်းရဲချင်ရင် ဘယ်သူ့ကိုမှမမုန်းပါနဲ့။

ကိုယ့်ကိုကိုယ်စိတ်ကောင်းရှိတယ်၊ သဘောထားကြီးတယ်လို့ ယူဆထားရင်၊
ကြီးတဲ့အပြစ်သေးအောင်၊ သေးတဲ့အပြစ် ပပျောက်အောင် ပြုလုပ်နိုင်စွမ်းရှိရမယ်။

သူတစ်ပါးရဲ့အမှားချို့ယွင်းချက်ကို အပြစ်မြင်၊ အပြစ်တင်မယ်ကြံတိုင်း၊
ငါ့မှာရော အမှားလုံးဝမရှိဘူးလား လို့ ဆင်ခြင်နှလုံးသွင်းနိုင်မယ်ဆိုရင်တော့၊
သူတစ်ပါးရဲ့လုပ်ရပ်တွေအပေါ် သည်းခံခွင့်လွှတ်နိုင်စွမ်း တိုးပွားလာမှာအမှန်ပဲ။

ဘယ်အာရုံနဲ့တွေ့တွေ့တုန်လှုပ်မှုမရှိပဲ စိတ်ချမ်းသာအောင် နေတတ်ခြင်းဟာ စိတ်ကျန်းမာရေးပါပဲ။
စိတ်ကျန်းမာရေး ချို့ယွင်းသူတွေရဲ့ အဓိကအားနည်းချက်ကတော့၊ အရာရာကို နားလည်မှု ခွင့်လွှတ်မှုခေါင်းပါးခြင်းပဲ။

ကောင်းတဲ့အခြေအနေနဲ့ပဲတွေ့တွေ့၊ ဆိုးတဲ့အခြေအနေနဲ့ပဲတွေ့တွေ့၊ ကောင်းတဲ့အချက်ကို မရရအောင်ရှာကြံတွေးပြီး စိတ်ချမ်းသာအောင်ထားတတ်တာကိုစိတ်ထားတတ်တယ်လို့ခေါ်တယ်။ စိတ်မထားတတ်ရင် စိတ်ချမ်းသာစရာနဲ့ တွေ့နေတာတောင်မှ စိတ်ဆင်းရဲနေတတ်ပါတယ်။

သူတစ်ပါးကောင်းတာ မကောင်းတာကို ဝေဖန်နေရမယ့် အချိန်မဟုတ်တော့ပါဘူး။ ကိုယ်ကောင်းအောင်ပဲ နေရမယ့်အချိန်ဖြစ်နေပါပြီ။
ဘာဖြစ်လို့လဲဆိုတော့ သေဖို့ရာ တဖြည်းဖြည်းနီးလာပြီလေ။

ကောင်းမှုကုသိုလ်အလုပ်ဆိုတာ လုပ်ချင်စိတ်ထက်ထက်သန်သန်ရှိတုန်း မြန်မြန်သွက်သွက် ထလုပ်လိုက်မှ ထမြောက်အောင်မြင်တတ်ပါတယ်။ အကြောင်းတစ်ခုခုပြပြီး အချိန်ဆွဲမယ်ဆိုရင် မလုပ်ဖြစ်တော့ပဲ လွဲချော်သွားတတ်ပါတယ်။

စိတ်ညစ်တယ် စိတ်ဓာတ်ကျတယ်ဆိုတာ တစ်ကယ်တော့ လောကသဘာဝကို မသိလို့သာဖြစ်တယ်။ လောကမှာ ဘယ်အရာမှ ကြာရှည်တည်တံ့တယ်ဆိုတာ မရှိပါဘူး။ ရှုံးလို့စိတ်ဓာတ်ကျနေတာ၊ နိုင်လို့သွေးနားထင်ရောက်နေတာ၊ အားလုံးဟာလောကဓမ္မတာကိုသဘောမပေါက်လို့ဖြစ်ပါတယ်။ တကယ်တော့ ဘယ်အရာမဆို ရေပွက်ပမာပါပဲ။ နိုင်ခြင်းနဲ့ရှုံးခြင်း၊ ပျော်ရွှင်ခြင်းနဲ့စိတ်ညစ်ခြင်း၊ ထောင်လွှားခြင်းနဲ့နိမ့်ကျခြင်း၊ ရှင်ခြင်းနဲ့သေခြင်းဆိုတာတွေရဲ့ကြားမှာ ခြားထားတဲ့စည်းကြောင်းက ပါးပါးသေးသေးမျှင်မျှင်လေးဖြစ်တယ်။ တစ်ဖက်ကတစ်ဖက်ကိုရုတ်တရပ်ချက်ချင်းကြီး ကူးပြောင်းရောက်ရှိသွားနိုင်ပါတယ်။ နိုင်ချိန်မှာ မီးကုန်ယမ်းကုန်ပျော်မြူးပြီး မာနထောင်လွှားတာဟာ အသိဥာဏ်နည်းသူများရဲ့ လက္ခဏာဖြစ်တယ်။ အဲဒီအနိုင်က ဘယ်လောက်ကြာကြာခံမှာမို့လို့လဲ။ တစ်သက်လုံးနိုင်တဲ့နေရာကချည်းနေရမယ်များ ထင်နေလား။ ရှုံးနိမ့်သူက ရှုံးလို့ဆိုပြီး စိတ်ဓာတ်တွေကျဆင်းကာ ဘ၀ပျက်သလို ခံစားနေရတာဟာ လူညံ့ ဖြစ်ကြောင်းပြတဲ့ လက္ခဏာဖြစ်တယ်။ ရှုံးပေမယ့် မညံ့ရင် အနိုင်ဘက်ကို ကူးပြောင်းရောက်ရှိသွားနိုင်တယ်။ အခွင့်ထူးဆိုတာ မြင်တတ် ကြည့်တတ်တဲ့သူတွေအတွက်တော့ အခါမလပ်ရှိနေပါတယ်။ ယူတတ်ဖို့ ယူရဲဖို့လိုတယ်။ လူညံ့ဖြစ်နေရင်တော့ တစ်သက်လုံးအရှုံးချောက်ကမ်းပါးက တက်ဖွယ်မရှိဘူး။

စိတ်ညစ်စရာနဲ့ ကြုံတွေ့ရင် တစ်ကိုယ်ရေတိတ်တိတ်လေး ကျိတ်ကျိတ်မဆွေးပါနဲ့။ ဖြစ်လာတာဟာ ကောင်းဖို့ဖြစ်လာတာပဲလို့ နှလုံးသွင်းပါ။

လူတွေမှာ တစ်ခါတစ်လေ တစ်ယောက်ကိုတစ်ယောက် အနိုင်ယူချင်တဲ့စိတ်ဖြစ်တတ်တယ်။ သားသမီးအပေါ်၊ ခင်ပွန်း ဇနီးအပေါ်ကိုသာမက အလုပ်ခွင်မှာလည်း တစ်ယောက်ကိုတစ်ယောက် အနိုင်ယူချင်တဲ့စိတ်ရှိနေရင်တော့ စိတ်မချမ်းသာမှုမရှိနိုင်ပါဘူး။ နိုင်တဲ့သူလည်းစိတ်မအေးချမ်းဘူး။ရှုံးတဲ့သူလည်း စိတ်မအေးချမ်းဘူး။ အနိုင်အရှုံးမရှိဘဲ တစ်ယောက်နဲ့တစ်ယောက် လေးလေးစားစားဆက်ဆံပြောရတာပိုပြီး စိတ်ချမ်းသာတယ်။

Wednesday, April 10, 2013

အမျိုးသား နဲ. အမျိုးသမီးကွာခြားချက်





၁။ အမျိုးသားတစ်ဦးဟာ၁ဒေါ်လာတန်အတွက်၂ဒေါ်လာပေးကောင်းပေးပါလိမ့်မယ်။အမျိုးသမီးကတော့၂
ဒေါ်လာအတွက်၁ဒေါ်လာသာပေးပါလိမ့်မယ်။

၂။ အမျိုးသမီးဟာအိမ်ထောင်မပြုမချင်းအနာဂတ်အတွက်တွေးပူးပြီးအမျိုးသားများကတော့ အိမ်ထောင်မပြုမချင်းအနာဂတ်အတွက်ဘာမှတွေးမပူပါဘူး။

၃။ အောင်မြင်သောယောင်္ကျားဆိုတောမယားဖြစ်သူသုံးစွဲရန်ငွေအလုံလောက်ရှာဖွေပေးနိုင်သူဖြစ်ပြီး
အောင်မြင်သောအမျိုးသမီးကတော့ယင်းကဲ့သို့ယောင်္ကျားကိုရှာဖွေယူထားနိုင်သူဖြစ်ပါတယ်။

၎။ အမျိုးသားတစ်ယောက်နဲ့ပျော်ရွှင်မှုတစ်ခုတည်ဆောက်မယ်ဆိုရင်သူ့ကိုအများကြီးချစ်ဖို့ထက်အများကြီး နာလည်ပေးနိုင်မှုကပိုလိုအပ်ပါတယ်။အမျိုးသမီးတစ်ဦးနဲ့ပျော်ရွှင်ဖို့ဆိုရင်တော့အများကြီးချစ်ဖို့သာ ပိုလိုအပ်ပါတယ်။

၅။ အိမ်ထောင်ရှင်အမျိုးသားများဟာလူပျိုကြီးများထက်အသက်ပိုရှည်ပါတယ်။သို့ပေမယ့် အိမ်ထောင်ရှင်အမျိုးသားများဟာလူပျိုတွေထက်အသက်မရှည်ဖို့ဆန္ဒပိုရှိကြပါတယ်။

၆။ အိမ်ထောင်ရှင်များအနေနဲ့အတိတ်ကမိမိအမှားများကိုမေ့မေ့ပျောက်ပျောက်ထားသင့်ပါတယ်။အမှား တစ်ခုတည်းကိုနှစ်ယောက်စလုံးကပြန်သတိရနေရင်အသုံးမဝင်ပါဘူး။

၇။ အမျိုးသားများဟာညမအိပ်ခင်မျက်နှာနဲ့အိပ်ယာထချိန်မျက်နှာပြောင်းလဲမှုသိပ်မရှိပါဘူး။ အမျိုးသမီးများကတော့မနက်အိပ်ယာထချိန်မှာဖရိုဖရဲဖြစ်နေပါတယ်။

၈။ အမျိုးသမီးတစ်ဦးဟာအမျိုးသားတစ်ယောက်ကိုသူပြောင်းလဲလာမယ်မျော်လင့်ချက်နဲ့ လက်ထက်ပါတယ်။သို့ပေမယ့်အမျိုးသားကပြောင်းလဲမသွားပါဘူး။အမျိုးသားတစ်ဦးကတော့အမျိုးသမီး တစ်ဦးကိုမပြောင်းလဲစေဖို့မျော်လင့်ချက်နဲ့လက်ထက်ပါတယ်။သို့ပေမယ့်သူမပြောင်းလဲသွားပါတယ်။

၉။ ရန်ဖြစ်တဲ့အခါအမျိုးသမီးကအဆုံးသတ်စကားပြောနိုင်ပြီးအမျိုးသားပြောတဲ့စကားကတော့ပြဿနာရဲ့  အစပဲဖြစ်ပါတယ်။

၁၀။ အမျိုးသားတို့အတွက်ဘဝမှာနှစ်ကြိမ်ပဲသူ့အမျိုးသမီးကိုနားမလည်တာပါ။အိမ်ထောင်မပြုခင်နဲ့ အိမ်ထောင်ပြုပြီးပဲဖြစ်ပါတယ်။

Thursday, March 14, 2013

ခွေးလေခွေးလွင့်ပုံပြင် (လေးချောင်းထောက်နှင့်လေးဘက်ထောက်)

ကျွန်တော်တို့၏ရွာကလေးတွင်ခွေးလေခွေးလွင့်များနှင့်လူများသည်၂နှစ်ကျော်အနေကြာလာသဖြင့်နေ သားတကျဖြစ်လာလေပြီ။ခွေးများခွေးပါးဝသည်ကိုလည်းအတော်အတန်ခံနိုင်ရည်ရှိလာယုံသာမက
ခွေးနှင့်ပေါင်းပြီးခွေးစိတ်ပေါက်သူများလည်းတစ်နေ့တစ်ခြားပိုမိုများပြားလာလေတော့သည်။
ထိုအချိန်တွင်ရွာအုပ်ချုပ်သူပညာရှိများကရွာသားများ၏အော်သံနှင့်ခွေးဟောင်သံတို့အကြားခြားနားမှု ရှိစေရန်အတွက်လေးချောင်းထောက်အဆောက်အအုံကြီးကိုအခိုင်အမာတည်ဆောက်ကြလေ၏။
ထိုအခိုင်အမာအဆောက်အအုံကြီးအားပုံနှိပ်ဥပဒေကြမ်းအဆောက်အအုံဟုအမည်ပေးပြီးလိုအပ်ချက်များ မရှိရလေအောင်အဆင့်ဆင့်စီမံကြလေ၏။ 
ထို့နောက်တွင်ကားရွာရှိပညာရှိလူကြီးများအစည်းအဝေးတွင်အဆိုပါအဆောက်အအုံကိစ္စအားအကျယ် တ၀င့်ဆွေးနွေးအတည်ပြုချက်တောင်းခံခဲ့ကြ၏။ပညာရှိရွာလူကြီးများကလည်းရွာ၏ကောင်းကျိုးအတွက် အမှန်တကယ်ဖြစ်ထွန်းစေနိုင်သဖြင့်စဉ်းစားသုံးသပ်ကြလေ၏။
ထိုအချိန်တွင်ရွာတွင်းရောက်ခွေးတို့မှာကားထိုလေးချောင်းထောက်အဆောက်အအုံကြီးအားမလိုမုန်းထား  သဖြင့်ဟောင်ပြီးကန့်ကွက်ကြလေ၏။ပညာရှိရွာလူကြီးများပြောဆိုကြသည့်ဒို့ရွာသားများဂရုစိုက်ရမည့် တာဝန်(၃)ရပ်ကိုလေးချောင်းထောက်အခိုင်အမာအဆောက်အအုံကြီးတွင်ပဋက်ရိုက်ခဲ့သည်ကို ဦးတည်၍ခွေးများအပြင်းအထန်ဆန့်ကျင်ကြ၏။အကြောင်းမှာထိုခွေးများသည်ကားထိုသို့ရွာသားများ ဂရုစိုက်ရမည့်တာဝန်(၃)ရပ်ကိုအလွယ်တကူနားလည်သဘောက်ပေါက်နိုင်ခြင်းမရှိသည်က တစ်ကြောင်း၊ခွေးများဟောင်လိုက်တိုင်းရွာသားများဂရုစိုက်အလေးထားသည့်တာဝန်(၃)ရပ်အားထိခိုက် လွန်းသည့်အတွက်ထိုအချက်ကိုအဆိုပါလေးချောင်းထောက်အဆောက်အအုံကြီးတွင်မထည့် သွင်းသင့်ကြောင်းဟောင်ကြခြင်းပင်ဖြစ်သည်။လေးဘက်ထောက်ခေါင်းဆောင်ကြီးမှဦးဆောင်ကန့်ကွက် သည့်အဆိုပါကိစ္စတွင်လေးဘက်ထောက်ငယ်များပါပါဝင်လာသဖြင့်ခွေးလေခွေးလွင်ကြီးစိုးသည့်ရွာတွင် ထိုပြဿနာကြောင့်လူများကောင်းစွာမနေရတော့ပေ။
ခွေးဟောင်တိုင်းထမကြည့်တော့သည့်ရွာမှပညာရှိကြီးများသည်ကားလေးချောင်းထောက်အခိုင်အမာ အဆောက်အဦကြီးအတွက်သာကြိုးပမ်းကြလေ၏။ရွာမှပညာရှိလူကြီးများအစည်းအဝေးမတက်ရ သည့်ခွေးလေခွေးလွင့်အပေါင်းတို့သည်ကားအစည်းအဝေးပြင်ပမှဟောင်ကြလေ၏။ဟောင်လွန်း မကဟောင်လွန်းယုံသာမကခွေးလေခွေးလွင့်အုပ်စုကြီးများထူထောင်ကြကာထိုလေးချောင်းထောက် အဆောက်အအုံကြီးအားလေးဘက်ထောက်များကန့်ကွက်ရမည်ဆိုသည့်ကြွေးကြော်သံဖြင့်တစ်ရွာ လုံးပတ်ကာဟောင်သံပေးကြလေတော့၏။ခွေးချစ်သူရွာလူကြီးအချို့ကိုလည်းလေးချောင်းထောက် အဆောက်အဦအားလေးဘက်ထောက်များနှင့်ပူးပေါင်းမဆန့်ကျင်ပါကလေးဘက်ထောက်များ၏ပြဿနာ ရှာခြင်းခံရမည်ဖြစ်ကြောင်းခြိမ်းခြောက်ကြ၏။အချို့ကိုကားလေးဘက်ထောက်များငယ်စဉ်ကတည်းက
ဟောင်ခဲ့သည့်ဟောင်နည်းများဖြင့်ဟောင်ကြ၏။အချို့ကိုကားမာန်ဖီပြ၏။ဤသို့ဖြင့်ခွေးလေခွေးလွင့်များကို
နေရာပေးမိသည့်ရွာကလေးမှာလေးချောင်းထောက်အဆောက်အဦကြီးအားအခြေခံအုတ်မြစ်များ၊ ရွာသူရွာသားတို့၏ကောင်းကျိုးများရည်စူး၍ဆောက်လိုသော်လည်းလေးဘက်ထောက်များ၏ ပတ်လည်ဟောင်သံကြောင့်လုပ်ငန်းမတွင်နိုင်ရှာတော့ပေ။လေးဘက်ထောက်များ ၏အော်သံကြောင့်လေးချောင်းထောက်အဆောက်အဦကြီးရပ်သွားမည်လား၊သို့တည်းမဟုတ်
လေးဘက်ထောက်များပဲဟောင်ရင်းမောသွားလေမလားကိုတော့နောက်ထပ်အပိုင်းများတွင်စောင့်ကြည့် ရပေတော့မည်ဖြစ်သည်။

မြန်မာမလေးတွေ အိမ်ထောင်ဘက်ရွေးတဲ့အခါ ဒါတွေကိုသိထားသင့်တယ်

တစ်မိသားစုနှင့်တစ်မိသားစုအချိန်တန်အရွယ်ရောက်လာသော်တစ်ဦးနှင့်တစ်ဦးအကြောင်းပေါင်းဖက်
ရသည်မှာဓမ္မမှာပင်ဖြစ်ပေသည်။ယခုဘဝတွင်ဘဝတစ်သက်တာပျော်ရွှင်ချမ်းမြေ့ဖွယ် အိမ်ထောင်တစ်ခုဖြစ်နိုင်ဖို.ရာအတွက် …

( ၁ ) အိမ်ထောင်ဖက်သည်ရောဂါဘယကင်းရှင်းပြီးကျန်းမာရေးကောင်းဖို.လိုပါသည်။
( ၂ ) ဘွဲ.ရခေတ်ပညာတတ်ကြီးမဟုတ်လင့်ကစားသင့်တင့်သောပညာရှိဖို.လိုပါသည်။
( ၃ ) နှစ်ဦးနှစ်ဖက်သင့်တင့်သောစီးပွားရေးရှိဖို.လိုပါသည်။တူနှစ်ကိုယ်တဲအိုပျက်မှာထမင်းရည်ပူ   လျက်ရစေတော့ဟူသည်သီချင်းထဲမှာပဲရှိသည်။
( ၄ ) ပတ်ဝန်းကျင်နှင့်သဟဇာတဖြစ်အောင်ပေါင်းသင်းဆက်ဆံဖို.၊လူဝင်ဆံ့ဖို.လည်းလိုအပ်ပါသည်။
( ၅ ) စိတ်ကောင်း၊နှလုံးကောင်း၊သဘောထားကောင်းသူဖြစ်ဖို.လိုအပ်သကဲ့သို့အကျင့်
စာရိတ္တကောင်းမွန်သူဖြစ်ရန်လည်းအရေးကြီးသည်။အိမ်ထောင်ဖက်ရွေးချယ်ခြင်းနှင့်ပတ်သက်ပြီး
“ပါသုံးပါ၊ချာသုံးချာ၊ကွာသုံးကွာ”ဟူသောရှေးရိုးစဉ်လာစကားမှာလည်းမှတ်သားလိုက်နာဖွယ်ကောင်း လှသည်။၎င်းတို့ မှာ..

“ ပါသုံးပါ “ ဟူသည်
( ၁ ) အကြွေးတွေပါလာသူ၊
( ၂ ) ရောဂါဘယ ပါလာသူ၊
( ၃ ) အပိုစားမည့်သူ ပါလာသူ၊

“ ချာသုံးချာ “ ဟူသည်
( ၁ ) ပညာအရည်အချင်း နုံချာသူ၊
( ၂ ) အကျင့်စာရိတ္တ နုံချာသူ၊
( ၃ ) အလုပ်အကိုင် နုံချာသူ၊

“ ကွာသုံးကွာ “ ဟူသည်
( ၁ ) တိုင်းနိုင်ငံနှင့် လူမျိုးမတူ ကွာခြားသူ၊
( ၂ ) အယူဝါဒမတူ ကွာခြားသူ၊
( ၃ ) စိတ်သဘောမတူ ကွာခြားသူတို့ ဖြစ်ကြသည်။

ရှေးလူကြီးသူမများ၏ပြောပြချက်အရယင်းအချက်ကိုးချက်နှင့်မကိုက်ညီသောအိမ်
ထောင်ရေးများသည်စိတ်ဆင်းရဲ၊ကိုယ်ဆင်းရဲဖြစ်တတ်ကြပြီး၊ကိုက်ညီသောအိမ်ထောင်ရေး
များသည်များသောအားဖြင့်အဆင်ပြေချောမွေ့ ပြီးစိတ်ချမ်းသာ၊ကိုယ်ချမ်းသာရှိကြသည်ဟု
ဆိုသည်။

Tuesday, March 12, 2013

စစ်မှန်သော ကိုးကွယ်မှုမှတစ်ပါး


ဗုဒ္ဓဘာသာမှာထေရ၀ါဒဗုဒ္ဓဘာသာနဲ့မဟာယာနဗုဒ္ဓဘာသာဆိုပြီးတော့နှစ်မျိုးရှိပါတယ်။ ကျနော်တို့မြန်မာလူမျိုးတွေကိုးကွယ်နေတဲ့ဗုဒ္ဓဘာသာဟာထေရ၀ါဒဗုဒ္ဓဘာသာပါ။ထေရ၀ါဒရဲ့ အဓိပ္ပါယ်ကတော့ထေရဆိုတာခိုင်မြဲခြင်း၊၀ါဒဆိုတာတော့အယူအဆပါ။ဘာတွေနဲ့ခိုင်မြဲလည်းဆိုတော့ သရဏဂုံသုံးပါး၊သိက္ခာသုံးရပ်၊မဂ္ဂင်(၈)ပါးတို့နဲ့ခိုင်မြဲပါတယ်။အဲ့ဒီ့သုံးရပ်တို့နဲ့ခိုင်မြဲတဲ့မထေရ်တို့ရဲ့ လက်ဆင့်ကမ်းသယ်ဆောင်ခဲ့တဲ့ဝါဒ(အယူအဆ)ကိုထေရ၀ါဒလို့ခေါ်ပါတယ်။ဗုဒ္ဓဘာသာဆိုတာကတော့ ဗုဒ္ဓဟုခေါ်သည့်သဗ္ဗညုဘုရားရှင်တော်မြတ်၏တရားတော်ကိုဗုဒ္ဓဘာသာလို့ခေါ်ပါတယ်။ ဗုဒ္ဓရှင်တော်မြတ်၏အဆုံးအမအတိုင်းလိုက်နာကျင့်ကြံနေထိုင်သူကိုတော့ဗုဒ္ဓဘာသာဝင်လို့ခေါ်ပါတယ်။
ထေရ၀ါဒဗုဒ္ဓဘာသာဝင်စစ်စစ်ဆိုတာကတော့ဘုရား၊တရား၊သံဃာဟူသောရတနာမြတ်သုံးပါးကို စစ်မှန်သောသဒ္ဓါတရားဖြင့်သက်ဝင်ယုံကြည်ပြီးသရဏဂုံဆောက်တည်ပါမှဗုဒ္ဓဘာသာဝင် စစ်စစ်ဖြစ်တယ်လို့ဆိုပါတယ်။ဒီလိုဆိုရင်ဗုဒ္ဓဘာသာဝင်တစ်ဦးစစ်စစ်ဖြစ်ဖို့ရတနာမြတ်သုံးပါး အကြောင်းကိုကောင်းစွာသိရှိထားရန်လိုအပ်သလိုပညာနဲ့ယှဉ်ပြီးကိုးကွယ်ဆည်းကပ်ပူဇော်တတ်ဖို့လည်း အရေးကြီးပါတယ်။
စစ်မှန်သောကိုးကွယ်မှုဆိုတာကတော့တရားနာမြတ်သုံးပါးဟုဆိုအပ်သောဘုရား၊တရား၊သံဃာမှတပါး အခြားသောမည်သည့်အရာမှကိုးကွယ်ဆည်းကပ်ခြင်းမပြုတာကိုခေါ်ပါတယ်။ဒါဆိုတခြားသော အရာတွေကိုကိုးကွယ်ဆည်းကပ်ရင်ဘာဖြစ်မလဲ?ဘုရား၊တရား၊သံဃာမှတပါးအခြားအရာတွေကိုကိုးကွယ် ဆည်းကပ်မယ်ဆိုရင်တော့ဗုဒ္ဓဘာသာဝင်စစ်စစ်လို့ပြောလို့မရတော့ပါဘူး။အဲ့လိုမျိုးဗုဒ္ဓဘာသာကိုတော့ မျိုးမစစ်ဗုဒ္ဓဘာသာလို့ခေါ်ပါတယ်။ဘာလို့ဒီအချက်ကိုအဓိကထားပြောရလဲဆိုတော့ကျနော်တို့တွေရဲ့ ဗုဒ္ဓဘာသာမှာသရဏဂုံဆိုတာအသက်ပါ။သရဏဂုံမှကောင်းစွာတည်မထားတဲ့လူတစ်ယောက်ဟာ ဘယ်လောက်ပဲတရားတွေအားထုတ်နေပါစေ...သရဏဂုံကောင်းစွာတည်မထားတဲ့အတွက်တရားရဖို့ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ဒါဘာလို့လည်းဆိုတော့ဘုရား၊တရား၊သံဃာမှတပါးအခြားအရာကို ကိုးကွယ်လိုက်ပြီဆိုတကည်းကသူ့မှာကံနဲ့ကံရဲ့အကျိုးကိုမယုံကြည်တော့ဘူးဆိုတာယူဆလို့ ရပါတယ်။နောက်ပြီးဘုရားမှတစ်ပါးအခြားအရာကိုကိုးကွယ်လိုက်ပြီဆိုကတည်းကဘုရားကိုသာမက ဘုရားရဲ့အဆုံးအမကိုပါမယုံကြည်ရာရောက်တဲ့အတွက်ဘုရားကိုစော်ကားရာရောက်ပါတယ်။
ကျနော်တို့လူမျိုးတွေအများဆုံးဖြစ်နေကြတဲ့အယူစွဲတွေရှိပါတယ်။အတိတ်နမိတ်၊နက္ခတ်၊ဗေဒင်၊ယတြာ၊ လက္ခဏာ၊အိမ်မက်တိတ္တုံ၊ရက်ရာဇာ၊ပြဿဒါးစသည့်အယူအစွဲတွေတော်တော်ရှိကြပါတယ်။နောက်ပြီး.. ဘိုးတော်၊အမ်းကုန်း၊သူရဿတီ၊ဘိုးမင်းခေါင်၊အောင်မင်းခေါင်၊နတ်အမျိုးမျိုးစသည့်အရာတွေကို ကိုးကွယ်ကြတာတွေရှိပါတယ်...ပြောရမယ်ဆိုရင်တော့အများကြီးပေါ့။အထူးသဖြင့်မိန်းမတွေပေါ့ဗျာ၊
သူတို့ဘာသာသူတို့ဘာတွေပဲဖြစ်နေပါစေ...ဘုရား၊တရား၊သံဃာမှတပါးအခြားသောအရာတွေကို ကိုးကွယ်လိုက်ပြီဆိုရင်စစ်မှန်သောကိုးကွယ်မှုမဟုတ်တော့ပါဘူး။အဲ့လိုမျိုးဘုရား၊တရား၊သံဃာကို မျက်နှာလွဲပြီးအခြားအရာကိုကိုးကွယ်လိုက်ပြီဆိုကတည်းကဘုရားအဆုံးအမကိုပါမျက်နှာလွဲရာ
ရောက်သွားပါတယ်။
 အိမ်မှာဘုရားဆင်းတုရှိတယ်...ဘုရားရှင်ဆုံးမထားခဲ့တဲ့တရားတော်တွေရှိတယ်။ဒီဟာတွေကို မျက်နှာလွဲပြီးတော့ကိုယ်ကဗေဒင်သွားမေးမယ်ဆိုပါစို့။ဗေဒင်သွားမေးလိုက်ပြီဆိုကတည်းက ဘုရားရှင်အဆုံးအမကိုပါယ်လိုက်ပါပြီ။ဗေဒင်မေးပြီဆိုကတည်းကကံနဲ့ကံရဲ့အကျိုးကိုမယုံကြည်တော့ဘူး။ ဘုရားအဆုံးအမတွေကိုမယုံကြည်တော့ဘူး..။ဘုရားရှင်ဆုံးမခဲ့တဲ့ကောင်းတာလုပ်ရင်ကောင်းကျိုးပေးမယ်.. မကောင်းတာလုပ်ရင်မကောင်းကျိုးပေးမယ်ဆိုတာကိုလည်းမယုံကြည်တော့ပါဘူး။သူများကိုအားကိုးမှ ရမယ်ဆိုတဲ့စိတ်တွေဝင်လာတယ်..အချောင်ရချင်တဲ့စိတ်တွေဝင်လာတယ်..။ဒီလိုဆိုရင်ဘုရားဟောတဲ့ မိမိကိုယ်သာကိုးကွယ်အားကိုးရာဆိုတဲ့စကားကိုပယ်လိုက်ရာရောက်ပါတယ်။
နောက်ပြဿဒါး၊ရက်ရာဇာဆိုတာတွေလည်းဒီအတိုင်းပါပဲ။ဘုရားရှင်ကဆုံးမခဲ့တယ်..သုနက္ခတ္တံသုမင်္ဂလံ တဲ့.. ကောင်းတာလုပ်နေတဲ့အချိန်ဟာကောင်းတဲ့နက္ခပဲတဲ့။ဒါဆိုရင်မကောင်းတာလုပ်နေတဲ့ အချိန်ဆိုရင်တော့မကောင်းတဲ့နက္ခတ်ပေါ့။ဒီအချက်ကိုပါယ်ပြီးတော့နေ့ကောင်းရက်မြတ်ရွေးတာတို့.. ရက်ရာဇာရွေးတာတို့..ဒါတွေဟာဘုရားဆုံးမခဲ့တဲ့တရားကိုပါယ်ရာရောက်သွားပါတယ်။သကြားဟာ ဘယ်နေ့စားစားချိုသလိုပါပဲ..ဆားဟာလည်းဘယ်နေ့စားစားငန်မှာပါပဲ။ဒါကိုရက်ကောင်းတွေရွေးပြီးမှ လုပ်ကြတယ်ဆိုရင်..ဒီအချက်ဟာလည်းကံနဲ့ကံရဲ့အကျိုးကိုမယုံကြည်တော့တာပါပဲ။ဒါဆိုရင် အဲ့ပုဂ္ဂိုလ်ဟာဘုရားအဆုံးအမကိုပါယ်သွားပြီ။ဒီအချက်တွေဟာမြင်သာအောင်အနည်းငယ်လောက်ကိုပဲ ထုတ်ပြလိုက်တာပါ။တခြားဟာတွေကိုလည်းဖြန့်တွေးလို့ရလောက်ပါပြီ..။ကိုယ့်ကိုကိုယ် တိုးတက်အောင်..ကြီးပွားအောင်..အောင်မြင်အောင်..ဘယ်သူမှမစလို့မရနိုင်ပါဘူး။ဘယ်နတ်၊ ဘယ်ဘိုးတော်၊ဘယ်ဗေဒင်ဆရာ၊ဘယ်နက္ခတ်မှလည်းအားကိုးလို့မရပါဘူး။မိမိကိုယ်သာလျှင် အားကိုးရမှာပါ။ဘုရားရှင်ကလည်းသူ့ကိုတိုင်တည်..သူ့ကိုသာအားကိုးလို့မမှာခဲ့ပါဘူး။ဒါပေမယ့် ဘုရားရှင်ကနည်းလမ်းတော့ပေးခဲ့ပါတယ်။မင်းတို့ရဲ့ကံ၊ဥာဏ်၊၀ရိယကိုအားကိုးပါတဲ့။တုနှိုင်းမဲ့တဲ့ တန်ခိုးတော်အနန္တနဲ့ပြည့်စုံတဲ့ဘုရားရှင်တောင်သူ့ကိုအားမကိုးခိုင်းခဲ့ဘူးနော်။သူများကိုအားကိုးဖို့ဆိုရင်တော့ မပြောပါနဲ့တော့။
 ဒီလောက်ဆိုရင်သရဏဂုံသုံးပါးမှတပါးအခြားအရာတွေကိုမကိုးကွယ်ထိုက်ဖူးဆိုတာလက်ခံလောက်ပြီ ထင်ပါတယ်။ဘုရား၊တရား၊သံဃာကိုယုံကြည်ကိုးကွယ်ရင်..စိတ်လည်းရှင်းတယ်..ခေါင်းလည်းရှင်းပါတယ်။ ဘယ်သူ့ကိုမှအားမကိုးပဲကိုယ့်အားကိုယ်ကိုးတဲ့အတွက်လည်းကိုယ့်ကိုကိုယ်ယုံကြည်မှုရှိလာပါတယ်။ ဟိုဗေဒင်ဆရာပြောဟုတ်နိုးနိုး..ဒီဘိုးတော်ပြောဟုတ်နိုးနိုး...ပြဿးဒါးရက်ရာဇာရွေးရဟုတ်နိုးနိုးနဲ့ ကိုယ့်ကိုကိုယ်အားမကိုးပဲသူများပြောဟုတ်နိုးနိုးလိုက်နေရတဲ့အရူးဘ၀ကလည်းလွတ်ကင်းပါတယ်။ အရူးဘ၀ကကင်းလွတ်တဲ့အတွက်လည်းစိတ်ချမ်းသာပါတယ်။စိတ်ချမ်းသာတဲ့အတွက်လည်းတရားထူး တရားမြတ်ရဖို့လွယ်ကူပါတယ်။ဒါ့ကြောင့်စစ်မှန်သောရတနာမြတ်သုံးပါးကိုးကွယ်မှုမှတစ်ပါး..အခြားသော မည်သည့်ပုဂ္ဂိုလ်၊မည်သည့်နက္ခမည်သည့်အယူမှအားမကိုးပဲကိုယ့်အားကိုယ်ကိုးပြီး ဗုဒ္ဓရဲ့ဆုံးမသြ၀ါဒတွေကိုလက်ကိုင်ထားနိုင်ကြဖို့အရေးကြီးပါတယ်။ဗုဒ္ဓဘုရားရှင်ရဲ့ ဆုံးမသြ၀ါဒတွေကတော့..

အားကိုးရာအစစ်ကား ဗုဒ္ဓ၊ ဓမ္မ၊ သံဃာ
မိတ်ဆွေအစစ်ကား ကံ၊ ဥာဏ်၊ ၀ရိယ
ရန်သူအစစ်ကား လောဘ၊ ဒေါသ၊ မောဟ
နေ့စဉ်အလုပ်ကား ဒါန၊ သီလ၊ ဘာဝနာ
အမြဲနှလုံးသွင်းရန်ကား အနိစ္စ၊ ဒုက္ခ၊ အနတ္တ
အမြဲလက်ကိုင်ထားရန်ကား ခန္ဓီ၊ မေတ္တာ၊ သစ္စာ

စစ်မှန်သောကိုးကွယ်မှုဖြင့်ဗုဒ္ဓဘုရားရဲ့ဆုံးမသြ၀ါဒများကိုလက်ကိုင်ထားလိုက်နာကျင့်သုံးပြီး မဂ်ဖိုလ်နိဗ္ဗာန်သို့တက်လှမ်းနိုင်ကြပါစေ…။

တစ်နေ.ကျရင် သေရမှာပဲ

သေခြင်းတရားကိုဆင်ခြင်အောက်မေ့မူဟာဝိပဿနာအလုပ်အားထုတ်မူကိုအင်အားကြီးမားစွာနဲ့
အထောက်အကူပြုတယ်။သေခြင်းတရားကိုအဆင်ခြင်မိတဲ့ပုဂ္ဂိုလ်များကတော့အကာအလုပ်တွေနဲ့ပဲ အချိန်ကုန်နေတတ်တယ်။အနှစ်သာရရှိတဲ့အလုပ်တွေကိုaမ့လျော့ပြီးနေတတ်ကြတယ်။
လောကီအာရုံကာမဂုဏ်ချမ်းသာတွေကိုခံစားနေတယ်၊မကောင်းမူဒုစရိုက်တွေကိုပြုလုပ်နေတယ် ဆိုတာကတော့အကာအလုပ်တွေလုပ်နေတယ်ဆိုတာထင်ရှားပြီးသားပါ။
အဲဒီအကာအလုပ်တွေမလုပ်ပါဘူး၊ကုသိုလ်အလုပ်တွေပဲလုပ်နေတယ်လို့ဆိုပြန်တော့လည်း ကုသိုလ်အမည်ခံထားတဲ့အပေါ်ယံဂုဏ်ပကာသန၊ထင်ပေါ်ကျော်ကြားမူ၊လာဘ်လာဘအစရှိတဲ့ အကျိုးတွေအတွက်ပဲအချိန်ကုန်နေတတ်ကြတယ်။အဲဒီအလုပ်တွေလုပ်နေတာလည်းအကာအလုပ်တွေနဲ့ အချိန်ကုန်နေခြင်းပါပဲ။အဲဒီအကာကိစ္စတွေလည်းမလုပ်ပါဘူး၊အနှစ်စစ်အနှစ်မှန်ဖြစ်တဲ့ ၀ိပါဿနာအလုပ်ကိုပဲအားထုတ်တယ်လို့ဆိုပြန်တော့လည်းအဲဒီဝိပဿနာအလုပ်ကိုအေးအေးဆေးဆေး

ပေါ့ပေါ့လျော့လျော့နဲ့ဖြည်းဖြည်းလေးလေးအားထုတ်နေတတ်ကြတယ်။သေခြင်းတရားကို မဆင်ခြင်မိဘူးဆိုရင်ပေါ့။သေခြင်းတရားကိုဆင်ခြင်မိတဲ့ပုဂ္ဂိုလ်ကတော့ဝိပဿနာအလုပ်ကို အရှိန်အဟုန်ကောင်းကောင်း၊အင်အားပါပါ၊စွမ်းရည်ပြည့်ပြည့်နဲ့လုပ်ဖြစ်ပါတယ်။ဒါနအလုပ်၊သီလအလုပ်၊ သမထအလုပ်တွေကိုလည်းအကွက်စေ့စေ့၊အနှစ်ပါပါ၊စံချိန်များများနဲ့တင်းတင်းရင်းရင်းလုပ်ဖြစ်ပါတယ်။
ဒါကြောင့်အပေါ်ယံအကာအလုပ်တွေနဲ့အချိန်မကုန်ကြစေဘဲနဲ.အနှစ်စစ်အနှစ်မှန်ဖြစ်တဲ့အလုပ်တွေကို ဦးစားပေးပြီးလုပ်နိုင်ဖို့အတွက်သေခြင်းတရားကိုအမြဲမပြတ်ဆင်ခြင်ကြရမယ်။


(၁) “တစ်နေ့ကျရင်သေရမှာပဲ”ဆိုတဲ့အသိ၊

(၂) “အချိန်မရွေးသေသွားနိုင်တယ်”ဆိုတဲ့အသိ၊

နှလုံးသားထဲမှာစွဲစွဲမြဲမြဲရှိနေအောင်ကြိုးစားကြရမယ်။

“တစ်နေ့ကျရင်ျသရမှာပဲ”ဆိုတဲ့အသိကတေျာ့သခြင်းတရားကိုအဝေးမှာထားပြီးဆင်ခြင်တဲ့သဘော သက်ရောက်ပါတယ်။ဒါပေမယ့်လည်းအဲဒီဆင်ခြင်မူကလိုအပ်တဲ့ဆင်ခြင်မူပါပဲ။
တစ်နေ့ကျရင်သေရမှာပဲလို့ဆင်ခြင်ထားတဲ့ပုဂ္ဂိုလ်ဟာလောကဓံတရားတွေနဲ.ကြုံတွေ့လာတဲ့အခါမှာ ခံနိုင်ရည်ရှိပါတယ်။လူရယ်လို့ဖြစ်လာရင်တော့လောကဓံဆိုတာတစ်ပါးပါး၊သို့မဟုတ်တစ်ပါးထက်များစွာကို ကြုံတွေ့နေရတာချည်းပါပဲ။လာဘော၊အလာဘော။တစ်ခါတစ်ရံမှာပစ္စည်းဥစ္စာတွေပြည့်စုံပြီး၊ တစ်ခါတစ်ရံမှာပစ္စည်းဥစ္စာချို့တဲ့တယ်။ယသော၊အယသော။တစ်ခါတစ်ရံမှာအခြံအရံတွေပေါများပြီး၊ တစ်ခါတစ်ရံမှာအခြံအရံတွေကင်းမဲ့တယ်။နိန္ဒာ၊ပသံသာ။တစ်ခါတစ်ရံမှာကဲ့ရဲ့ခံရပြီး၊တစ်ခါတစ်ရံမှာ ချီးမွမ်းခံရတယ်။သုခံ၊ဒုက္ခံ။တစ်ခါတစ်ရံမှာကိုယ်စိတ်နှစ်ပါးချမ်းသာပြီး၊တစ်ခါတစ်ရံမှာကိုယ်စိတ်နှစ်ပါး ဆင်းရဲတယ်။အဲဒီလိုအားဖြင့်လောကဓံရှစ်ပါးတစ်ပါးပါး၊သို့မဟုတ်တစ်ပါးထက်များတဲ့လောကဓံတွေနဲ့ လူသားတွေဟာအချိန်တိုင်းအချိန်တိုင်းတွေ့ကြုံနေကြရတာပါပဲ။
အဲဒီလိုလောကဓံတွေနဲ့တွေ့ကြုံလာတဲ့အခါမှာ“တစ်နေ့ကျရင်သေရမှာပဲ”လို့ဆင်ခြင်လိုက်မယ်ဆိုရင် ကြုံလာတဲ့လောကဓံကိုခံနိုင်ရည်ရှိသွားပါတယ်။ကြုံတွေ့လာခါမှကောက်ကာငင်ကာဆင်ခြင်မယ်ဆိုရင်တော့ သိပ်စိတ်မချရဘူး။လောကဓံတွေနဲ့မကြုံတွေ့သေးခင်ကြိုတင်ပြီးဆင်ခြင်ထားနိုင်မှစိတ်ချရမယ်။
မကြုံတွေ့သေးခင်ဆိုတာကတော့
အမှန်ကတော့လောကဓံဆိုတာကတော့အချိန်တိုင်းကြုံတွေ့နေတာချည်းပါပဲ။သို့သော်လည်း သိသိသာသာဆိုတဲ့လောကဓံ၊သိသိသာသာကောင်းတဲ့လောကဓံကိုမှလူအများကလောကဓံလို့ သတ်မှတ်ကြတော့၊အဲဒီလိုသိသာထင်ရှားတဲ့လောကဓံတွေနဲ့မကြုံတွေ့ခင်ကတည်းက “တစ်နေ့ကျရင်သေရမှာပဲ”လို့ထပ်ကာထပ်ကာဆင်ခြင်ထားနိုင်မယ်၊အင်အားပါအောင် ဆင်ခြင်ထားနိုင်မယ်ဆိုရင်တကယ်တမ်းသိသာထင်ရှားတဲ့လောကဓံကြုံလာတဲ့အခါမှာ “တစ်နေ့ကျရင်သေရမှာပဲ”လို့ဆင်ခြင်လိုက်ရုံနဲ့လောကဓံကိုအလိုအလျောက်ခံနိုင်ရည်ရှိသွားပါတယ်။
ကောင်းတဲ့လောကဓံပဲဖြစ်ဖြစ်၊ဆိုးတဲ့လောကဓံပဲဖြစ်ဖြစ်၊လောကဓံမှန်သမျှဘယ်လောကဓံမှ မတည်မြဲပါဘူး။အကောင်းပြီးရင်အဆိုးလာနိုင်သလိုအဆိုးပြီးရင်လည်းအကောင်းလာနိုင်တာပါပဲ။
နေမင်းကြီးဟာအမြဲတမ်းထွက်ပေါ်ထွန်းလင်းမနေပါဘူး။အချိန်တန်ရင်ချုပ်ကွယ်မှောင်မိုက်ရပါတယ်။ လမင်းကြီးဟာလည်းအမြဲတမ်းဆန်းတက်ပြည့်ဖြိုးမနေပါဘူး။အချိန်တန်ရင်ဆုတ်ကျကွယ်ပရပါတယ်။ လပြည့်ရက်ရှိရင်လကွယ်ရက်ရှိသလိုလဆန်းရက်ရှိရင်လဆုတ်ရက်လည်းရှိရတာပါပဲ။
လောကဓံတရားတွေဟာနေမင်း၊လမင်းကြီးတွေနဲ့သဘောချင်းတူပါတယ်။လောကဓံကောင်းဆိုး အမျိုးမျိုးနဲ့တွေ့ကြုံလာတိုင်းဆင်ခြင်ပွားများခံနိုင်အားရှိဖို့အတွက်မဃဒေ၀လင်္ကာလေးတစ်ခု လက်ဆောင်ပေးလိုက်ပါရစေ။
“နေကိုပုံပြ၊လကိုပုံထား၊မှတ်တုံငြားလော့၊နေကားထွက်ဝင်၊ပေါ်ချုပ်ထင်၏၊လပြည့်လကွယ်၊ကြီး၍ငယ်ခဲ့၊ ထို့နှယ်မလွဲ၊လူခပဲတို့၊အမြဲချမ်းသာ၊မရှိစွာရှင့်။”
သေခြင်းတရားကိုဆင်ခြင်မူရဲ့အစွမ်းသတ္တိဟာအင်မတန်အံ့သြစရာကောင်းပါတယ်။လောကဓံခံနိုင်တဲ့ စိတ်စွမ်းအားကိုသေခြင်းတရားပွားများမူကဖန်တီးပေးနိုင်ပါတယ်။
တစ်နေ့ကျရင်အများအားဖြင့်ဘ၀မှာလိုအင်ဆန္ဒတွေသိပ်များနေတတ်ကြတယ်။ဟိုဟာလည်းဖြစ်ချင်၊ ဒီဟာလည်းဖြစ်ချင်၊ဟိုဟာလည်းလုပ်ချင်၊ဒီဟာလည်းလုပ်ချင်၊ဟိုဟာလည်းရယူချင်၊ဒီဟာလည်းရယူချင်နဲ့ လိုအင်ဆန္ဒတွေများနေတတ်ကြတယ်။
တချို့ကျတော့ကိုယ်ကိုယ်တိုင်လည်းလိုအင်ဆန္ဒများရုံတင်မကဘူး၊ကိုယ်နဲ့ပတ်သက်တဲ့ ပုဂ္ဂိုလ်တွေအတွက်ပါလိုအင်ဆန္ဒများနေတတ်ကြတယ်။ကိုယ်နဲ့ပတ်သက်တဲ့ပုဂ္ဂိုလ်တွေကို ဟိုဟာလည်းဖြစ်စေချင်၊ဒီဟာလည်းဖြစ်စေချင်၊ဟိုဟာလည်းလုပ်စေချင်၊ဒီဟာလည်းလုပ်စေချင်၊ ဟိုဂုဏ်လေးလည်းယူစေချင်၊ဒီဂုဏ်လေးလည်းယူစေချင်စသည်အားဖြင့်လိုအင်ဆန္ဒတွေ များနေတတ်ကြတယ်။အဲဒီလိုအင်ဆန္ဒကဘ၀အေးချမ်းမူကိုဖြစ်စေတဲ့လိုအင်ဆန္ဒဆိုရင်တော့တော်ပါသေးရဲ.၊ ဘ၀အေးချမ်းမူကိုပျက်စီးစေတဲ့လိုအင်ဆန္ဒဆိုရင်တော့၊ဥပမာ...ဂုဏ်ပကာသနတို့၊ထင်ပေါ်ကျော်ကြားမူတို့ အဲဒီလိုလိုအင်ဆန္ဒမျိုးဆိုရင်တော့...အဲ့ဒီလိုအင်ဆန္ဒကို အကောင်အထည်ဖော်နေတဲ့အချိန်မှာလည်းလောဘစိတ်၊လောဘအပူနဲ့ပင်ပန်းဆင်းရဲရပါတယ်။ အကောင်အထည်ပေါ်လာလို့မိမိလိုချင်တဲ့ဂုဏ်ပကာသန၊ထင်ပေါ်ကျော်ကြားမူရပြန်တော့လည်း

သောကစိတ်၊သောကအပူနဲ့ပင်ပန်းဆင်းရဲရပါတယ်။ဂုဏ်ကြီးလေအပူကြီးလေ၊ထင်ပေါ်ကျော်ကြားလေ ပင်ပန်းဆင်းရဲလေပါပဲ...
တစ်နေ့ကျရင်သေရမှာပဲလို့ဆင်ခြင်ထားနိုင်တဲ့ပုဂ္ဂိုလ်၊တစ်နေ့ကျရင်သေရမှာပဲဆိုတဲ့ခံစားချက် ထင်ထင်ရှားရှားဖြစ်နေတဲ့ပုဂ္ဂိုလ်ကတော့မိမိအတွက်လည်းလိုအင်ဆန္ဒမများတော့တဲ့အတွက်ကြောင့် စိတ်အေးချမ်းပါတယ်။
မိမိနဲ့ပတ်သက်တဲ့ပုဂ္ဂိုလ်တွေအတွက်လည်းလိုအင်ဆန္ဒမများတော့တဲ့အတွက်မိမိနဲ့ပတ်သက်တဲ့ပုဂ္ဂိုလ်က မိမိရဲ့လိုအင်ဆန္ဒကိုဖြည့်မပေးတဲ့အခါမှာစိတ်ပင်ပန်းဆင်းရဲခြင်းမဖြစ်တော့တဲ့အတွက်စိတ်အေးချမ်းရပါတယ်။ တိုတောင်းလှတဲ့ဘ၀လေးမှာစိတ်အေးချမ်းစွာနေသွားရဖို့ကအဓိကပါပဲ။


ရွှေပါရမီတောရ အရှင်ဆန္ဒာဓိက မသေခင်ဘာလုပ်ကြမလဲ စာအုပ်မှ ပြန်လည်ထုတ်နုတ်ဖော်ပြပေးထားပါသည်။

Monday, March 11, 2013

စေတီ၊ပုထိုးများရှေ့တွင် ဟင်္သာရုပ် ထားရခြင်းအကြောင်း




ဘာသာတရားကိုအလေးထားကြသည့်ဗုဒ္ဓဘာသာဝင်တိုင်းသည်စတီများ၏ရှေ့တွင် ဟင်္သာရုပ်များကိုတွေ့ဘူးမြင်ဘူးကြပေလိမ့်မည်။တချို့သည်ဟင်္သာရုပ်ထားရခြင်းအကြောင်းကို သိကြသူများရှိသလိုမသိကြသေးသူများလည်းရှိကြသည်။
မသိသေးသူများအတွက်ဗဟုသုတအလို့ငှာလည်းကောင်း၊သိပြီးသောသူများအတွက်လည်း
ပြန်ပြီးမှတ်မိပါစေခြင်းငှာလည်းကောင်းရေးသားလိုက်ရခြင်းဖြစ်ပါသည်။
"ဗာရာဏသီပြည်ဗြဟ္မဒတ်မင်း"အုပ်ချုပ်နေစဉ်ဘုရားအလောင်းတော်သည်"ဇ၀နဟင်္သာမင်း"ဖြစ်၍ အခြံအရံဖြစ်သောဟင်္သာအပေါင်းကိုးသောင်းအားအကြီးအမှူးပြု၍ နေလေ၏။ဟင်္သာမင်းတွင် ညီငယ်နှစ်ကောင်လည်းရှိသေး၏။တနေ့တွင်ညီငယ်နှစ်ကောင်သည်သူတို့၏အစွမ်းအစကို သိလိုသောကြောင့်နေမင်းနှင့်အပြေးပြိုင်ရန်ဆုံးဖြတ်ပြီးအစ်ကိုကြီးဖြစ်သောဟင်္သာမင်းထံသွားရောက်၍ ခွင့်ပြုရန်တောင်းပန်ကြ၏။ထိုအခါဟင်္သာမင်းသည်..."သတ္တ၀ါတို့၏ခွန်အားသည်အကျိုးများသည့်နေရာများ
တွင်သာအသုံးပြုသင့်သည်။အသုံးမပြုသင်သည့်နေရာများတွင်အကျိုးမများသောကြောင့်အသုံးမပြုသင့်"
ဟုစဉ်းစားလျှက်ခွင့်မပြုချေ။သို့သော်ညီငယ်နှစ်ကောင်းသည်အစ်ကိုကြီးဖြစ်သောဟင်္သာမင်း၏စကားကို နားမထောင်သည့်အပြင်နံနက်နေမထွက်ခင်"ယုဂန္ဓိုရ်တောင်ထိပ်"သို့သွားရောက်ကြပြီးနေမင်းအလာကို
စောင့်မျှော်လျက်နေကြ၏။ဟင်္သာမင်းသည်ပျက်စီးကြမည့်အရေးရင်မအေးလှသောကြောင့်
အတူလိုက်ပါခဲ့၏။မှန်ပါသည်လောကလူသားအားလုံးတို့တွင်လည်းခေါင်းဆောင်တို့မည်သည် သူတစ်ပါးအကျိုးစီပွားကိုသာလိုလားကြ၏၊သူတစ်ပါးအကျိုးစီးပွားပျက်မည့်အရေးကိုမည်သို့မျှ မလိုလားကြချေ။ဤနေရာ၌
"ခေါင်းဆောင်နှင့်မထိုက်တန်သည့် အင်္ဂါ (၆)ရပ်"ကိုအမှတ်ရမိပါသည်။
"ဂဏန်း၊ပုတ်သင်၊ ကိုင်းပင်၊နွားသိုး၊ လိပ်မျိုး၊ ခွေးအ ဤခြောက်ဝ နာယက မတင်ထိုက်" ဆိုသည့်အတိုင်း
၁။ ဂဏန်းကဲ့သို့လက်မထောင်နေသောသူ
၂။ ပုတ်သင်ကဲ့သို့သူတစ်ပါးလုပ်သမျှ၊ပြောသမျှခေါင်းညိတ်တတ်သူ၊
၃။ လေလာရာယိမ်း၍ကိုင်းပင်ကဲ့သို့မတည်ငြိမ်သူ၊
၎။ နွားသိုးကဲ့သို့စိတ်ဆိုးတတ်သူ

၅။ လိပ်ကဲ့သို့ကိုယ့်ဖက်ကိုယက်တတ်သူနှင့်
၆။ ခွေးအကဲ့သို့စားပိုးနင့်အောင်စား၍ဇိမ်ခံတတ်သူ ဟူသော
ခေါင်းဆောင်နှင့်မထိုက်တန်သည့်သူများကိုလည်းသတိထားမိပါသည်။ဟင်္သာမင်းသည်လည်း ယင်းခြောက်ပါးကိုရှောင်ရှားသောခေါင်းဆောင်မျိုးဖြစ်၍သာညီနောင်နှစ်ကောင်၏
ကောင်းကျိုးဖြစ်စေရန်အတွက်လိုက်သွားခဲ့သည်ဟုခံစားမိပါ၏။ဟင်္သာမင်းသည်ညီငယ်နှစ်ကောင်ကို
စောင့်ကြည့်နေစဉ်နံနက်မိုးသောက်အလင်းရောက်သောအခါနေမင်းသည်ထွက်ပေါ်လာချေပြီ။ဟင်္သာမင်း၏ ညီငယ်နှစ်ကောင်သည်လည်းနေမင်းထွက်ပေါ်လာသည်နှင့်တပြိုင်နက်ယှဉ်ပြိုင်၍ စတင်ပျံသန်းလေတော့သည်။ဟင်္သာမင်း၏ညီငယ်သည်ပျံသန်း၍မကြာမြင့်မီအတောင်ကြားမှ မီးထတောက်သကဲ့သို.ဖြစ်လာလေပြီ။ဟင်္သာမင်းသည်ညီငယ်၏အသက်ဘေးရန်ရှိလာသည်ကို သိသောကြောင့်ညီငယ်ကိုအတောင်နှစ်ခုဖြင့်ပွေ့ပိုက်လျှက်"ယုဂန္ဓိုရ်တောင်"သို့ပြန်ပို့လိုက်သည်။
နေ့မွန်းလွဲချိန်ရောက်သောအခါညီလတ်ကိုလည်းညီငယ်နည်းတူအသက်ကိုကယ်တင်လိုက်၏။ ဟင်္သာမင်းက"ငါသည်လည်းနေမင်းနှင့်အပြေးပြိုင်၍အကျိုးမများပျက်စီးဖို.သာဖြစ်ချေတော့မည်။ ထို့ကြောင့်ဗာရာဏသီမင်းထံသို့သွား၍အကျိုးစီးပွားနှင့်စပ်ယှဉ်သောတရားစကားကိုဟောအံ့"ဟု အကြံထုတ်တော့သည်။ဗာရာဏသီမင်းထံသို့ရောက်သောအခါတွင်ငါသည်နေမင်းနှင့် အပြေးပြိုင်လာခဲ့သည့်အကြောင်းမင်းကြီးအားပြောပြ၏။မင်းကြီးသည်ဟင်္သာမင်းပြောသည့်စကား
ဟုတ်မဟုတ်လေးသမားလေးယောက်ကိုခေါ်၍စမ်းသပ်မှုကိုပြု၏။မင်းကြီးကဟင်္သာမင်းအား နန်းရင်ပြင်ဝယ်ရှိသောကျောက်တိုင်ထိပ်၌ရပ်နေစေပြီး၊လေးသမားလေးယောက်ကိုလည်းနည်းတူ တိုင်သို့မှီရပ်စေ၏။လေးသမားလေးယောက်တို့သည်များမကြာမီအရပ်လေးမျက်နှာသို့
မြှားတွေကိုပစ်လွတ်စေသည်။ဟင်္သာမင်းကလည်းထိုလေးသမားလေးယောက် ပစ်လွတ်လိုက်သောမြှားတွေကိုအဟုန်ဖြင့်ပျံလျက်နှုတ်သီးဖြင့်ဖမ်းယူပြီးလေးသမားလေးယောက်၏
ခြေရင်း၌ချထားလိုက်၏။ဟင်္သာမင်း၏ပျံသန်းဖမ်းယူသောအခြင်းအရာကိုမည်သူတစ်ဦးတစ်ယောက်မျှ မမြင်လိုက်ကြ။ကျောက်တိုင်ထက်၌ရပ်မြဲထင်နေကြ၏။ထိုအခါ"ဗာရာဏသီမင်းကြီး"က"ဟင်္သာမင်း"အား
"အဆွေဟင်္သာမင်းသင်၏လျှင်မြန်ခြင်းအဟုန်ကားလေသမားလေးယောက်ပစ်လွင့်လိုက်သော
မြှားလေးစင်းထက်သာလွန်သည်သာဖြစ်သောကြာင့်အံ့သြဖွယ်ကောင်းပေစွ"ဟုချီးကျူးလိုက်သည်။
ထိုအခါ"ဟင်္သာမင်း"က"အရှင်မင်းကြီးသတ္တ၀ါတို့၏အာယုသင်္ခါရသည်အကျွန်ုပ်၏မြန်ဆန်မှုအဟုန်ထက် အဆအရာထောင်သိန်းမကမြန်ဆန်လွန်းလှပါသည်"ဟုပြော၏။သတ္တ၀ါတို့၏သေခြင်းတရားအကြောင်းကို ဖွဲ့ဆိုထားသောကဗျာလေးတစ်ပုဒ်မှာအောက်ပါအတိုင်းဖြစ်ပါ၏။
လာပြီးတော့ နား ၊
မသွားသေးခင် ၊
ချိန်လေးတွင်မှ ၊
ဝန်ကျင်ဆက်နွယ်၊
နှောင်ကြိုးတွယ်ကြ ။


ပြုံးရည် ငိုမဲ့၊
ချစ်မုန်းပိုကြ၊
မလိုဒေါသ၊
လိုလောဘနှင့်၊
ဘ၀ရိပ်မြုံ၊
ကကြိုးဆုံခဲ့။

ကံကုန်မိုးချုပ်၊
လက်တွဲဖြုတ်မှ၊
သုဿာန်ဆောလျှင်၊
ခရီးနှင်သည် ၊
တို့များ ဧည့်သည်ပါတကား ။ ။
ဟူ၍ပင်ဖြစ်၏။
လောကလူသားအားလုံးတို့သည်လူ့လောကထဲဝယ်ခရီးသွားနေကြသောဧည့်သည်အဖြစ်လာရောက် နားခိုနေကြ၏။ထိုစဉ်နေ့တစ်နေ့တာအတွက်နေထွက်နေ၀င်ရှိသလိုလူသားတို့သည်လည်း ဘ၀တစ်ခုအတွက်လွှဲရှောင်၍မရသောလူဘ၀၏အစမွေးဖွားခြင်းနှင့်အဆုံးသေခြင်းတရားသည်ရှိကြ၏။ လူသားတို့သည်ဘ၀၏အဆုံးသေခြင်းသို့မရောက်ကြသေးမီလူအမျိုးမျိုး၊စရိုက်အမျိုးတို့ဖြင့်ပေါင်းသင်း ဆက်ဆံလျက်နေထိုင်ကြရပေသည်။ထိုအခိုက်တွင် လူသားအားလုံးတို့သည် ချစ်ခင်အကျွမ်းဝင်သူများနှင့်အဆင်ပြေပြေပေါင်းသင်နေရသည့်အခါအပြုံးလေးတွေကိုယ်စီဖြင့် ရယ်ကြ၊မောကြနှင့်ပျော်ရွှင်မှုတွေကိုခံစားနေကြပြီးလောဘ၏သားကောင်များဖြစ်နေကြ၏။ဖြစ်နေပုံကား ဘ၀၏အဆုံးသတ်မှုသေခြင်းတရားသည်မည်သို့ပါမည်နည်းဟုမေးရလောက်အောင်ဖြစ်နေကြ၏ ။ ချစ်ကျွမ်းမ၀င်သောမုန်းသောသူများနှင့်အဆင်ပြေပြေပေါင်းသင်းနေထိုင်မှုမပြုကြရသည့်အခါ ပြုံးရာမှမဲ့လျှက်မလိုမုန်းတီးမှုဒေါသ၏သားကောင်ဖြစ်နေကြပြီးဤနည်းအားဖြင့်ဘ၀ပင်လယ်ပြင်ဝယ် တစ်ဦးနှင့်တစ်ဦးမကျေနပ်မူတွေ၊ကလဲ့စားချေမှုတွေ၊မေတ္တာတရားကင်းမဲ့ပြီးလုယက်မှု သတ်ဖြတ်မှုတွေနှင့်သာဒေါသမုန်တိုင်းတိုက်ခတ်နေကြသည်။သေခြင်းဆိုသည့်သဘောတရားများကိုပင်
အောင့်မေ့သတိရဖို့အလွန်ဝေးစွ။လူ့ဘ၀သည်အမှန်တကယ်အားဖြင့်သတိတရားလက်ကိုင်ထားကြည့်ကြပါက ရေပွက်ပမာ ခဏတာပဲဟုရုပ်တရားနာမ်တရားတို့၏မမြဲခြင်းသဘောအစိုးမရခြင်းသဘောများကိုသိကြပေလိမ့်မည်။
လျပ်တပျက်အတွင်းရောဂါအမျိုးမျိုးကြောင့်မြန်မြန်ဆန်ဆန်သေနိုင်သည်။လူသားတို့၏ရုပ်တရား နာမ်တရားအာယုသင်္ခါရကားသေပြီးသည်နှင့်တပြိုင်နက်သုဿာန်သင်္ဂြိုင်းဝယ်မြေကြီးသာဖြစ်ကြရမည်။ ဟင်္သာမင်းသည်လူဘ၀၏မမြဲခြင်းသေခြင်းသဘောတရားတို့ကိုကောင်းစွာသိ၏။ထို့ကြောင့် ဗာရာဏသီမင်းကြီးအားသတ္တ၀ါတို့၏ရုပ်တရားနာမ်တရားတို့သည် ဖြစ်ချင်းပျက်ချင်းနောက်ဆုံး
သေခြင်းသဘောသို့ဆိုက်ရောက်ကြရမည်။ကြောက်စရာတရားသံဝေဂရစရာကောင်းလှ၏ဟု တရားစကားပြောကြားခဲ့ဖူး၏။ဤဇာတ်တော်ကိုကိုးကားလျှက်စေတီဘုရားပုထိုးများရှေ့တွင် ဟင်္သာရုပ်များကိုထုလုပ်လျှက်ပြသထားသည်ဟုဆိုချင်ပါသည်။ယင်းဟင်္သာရုပ်ကိုမြင်ကြသူတိုင်းသည် ဟင်္သာရုပ်ကိုမြင်လိုက်သည်နှင့်တပြိုင်နက်ဟင်္သာမင်းသည်ဗာရာဏသီမင်းအား
သေခြင်းတရားမြန်ဆန်ပုံကတရားသံဝေဂရစေခဲ့၏။ထို့အပြင်လူသားအားလုံးသည်လည်းဘုရားရှေ့တွင် ထုလုပ်ပြသထားသောဟင်္သာရုပ်ကိုမြင်လိုက်သောအခါ"ငါတို့အားလူဘ၀၏သေခြင်းတရားမြန်ဆန်ပုံကို
ဟောပြပေးနေသလိုပါလား"ဟုအောင်းမေ့နှလုံးသွင်းရပေမည်။ "လူသားအားလုံးသည် သေခြင်းတရားနှင့်ရင်ဆိုင်နေပါလား" ဟုတရားသံဝေဂရပါစေခြင်းငှါဘုရားရှေ့တွင် ဟင်္သာရုပ်ကိုထုလုပ်ပြသထား၏။
(ဘုရားရှေ့ကဟင်္သာရုပ်ကဒီလိုပါလား)ဟုတရားသံဝေဂယူကြပါစေခြင်းအကျိုးငှာ ဤသို့ကိုရေးသားတင်ပြလိုက်ရပါ၏။
(ဆရာတော်အရှင်အရှင်သုဇနာစာရ(တက္ကသိုလ်စာသင်သား)၏တရားတော်တစ်ပုဒ်ကိုမှီငြမ်း၍
ပြန်လည်မျှဝေဓမ္မဒါနပြုခြင်းဖြစ်ပါသည်)

Thursday, March 7, 2013

မအီချောင်း စက်တော်ရာနှစ်ဆူ၏ သမိုင်းအကျည်း



ဘုရားရှင်သည်မဟာသက္ကရာဇ်၁၀၃-ခု၊ကဆုန်လပြည့်နေ.(ဗုဒ္ဓဟူးနေ့)တွင်ဘုရားအဖြစ်သို့ရောက်ရှိကာ မဟာသက္ကရာဇ်၁၂၃၊ဘီစီ၅၅၄တွင်ဓညဝတီရခိုင်ပြည်သို့ရဟန္တာ(၅၀၀)ဖြင့်ဒသစာရီကြွတော် 
မူခဲ့ပါသည်။ဓညဝတီပြည်ရှင်စန္ဒသူရိယမင်း၏လျှောက်ထားတောင်းပန်မှုကြောင့်ကိုယ်စားဆင်းတုတော် မဟာမြတ်မုနိကိုဘုရားရှင်ကိုယ်တော်တိုင်ရင်ငွေ့ခုနှစ်အုပ်သွင်းကာသွန်းလုပ်ပူဇော် ခွင့်ပြုတော်မူပြီးသော်တောင်စဉ်ခုနှစ်ခရိုင်ခရီးကိုဆက်လက်၍ဒေသစာရီကြွတော်မူခဲ့ပါသည်။
မအီ၊အမ်း၊မန်းမြစ်သုံးစင်းစီးဆင်းရာတြိနဒီတောင်(မြင်မတိန်တောင်)သို့ဘုရားရှင်ရောက်ရှိတော် မူသောအခါလက်ယာတော်ရံရှင်သာရိပုတ္တရာ၏လျှောက်ထားတောင်းပန်မှုကြောင့်ဘုရားရှင်သည် ဤဒေသ၌နုစဉ်ဘဝကဖြစ်တော်ပေါင်းများစွာကိုဟောပြောတော်မူပြီး “ဤတောင်ခြေရင်း မအီမြစ်ကမ်းဘေးဝယ်နောင်အခါ၌မြို့ငယ်တစ်ခုတည်၍မဟီ(မအီ)မြို့ဟုတွင်လတ္တံ့”ဟုအစချီ၍ ဤဒေသ၌ဘုရားရှင်၏ဓာတ်တော်မွေတော်များကိန်းဝပ်မည်ဖြစ်ကြောင်းဗျာဒိတ်ပေးတော်မူခဲ့ပါသည်။ ထိုမှာတဖန်မဟီချောင်းဖျားရှိနာဠာဂီရိတောင်သို့ကြွတော်မူပြီးတြိသေလမည်သောဆင့်တင်တောင် 
ကျောက်ဆောင်တွင်ဆင်မင်းဘဝကညီတော်ဖြစ်ခဲ့ဖူးသောအညာတောင်ရွာသားမုဆိုးကြီးဦးစံလှအား တရားဟောတော်မူကာဘုရားရှင်က“ငါသည်ဤမဟီမြစ်အရပ်၌မဟာဝိဟိကမည်သောဆင်မင်းဖြစ်ခဲ့စဉ်က မုဆိုးကြီးစံလှမှာစူဠဝိဟိကညီတော်ဆင်ငယ်အဖြစ်ဤအရပ်၌ကျင်လည်ခဲ့ဖူးကြောင်းနှင့်ငါဘုရားသည် မဟီဖြစ်အတွင်းရှိမဏိသေလရေအိုင်၌လည်းမဏိသေလနဂါးမင်းအဖြစ်ကျင်လည်ခဲ့ဖူးလေပြီ”ဟု မိန့်ကြားကာတရားဆုံးမလေရာမုဆိုးလည်းအကျွတ်တရားရခဲ့လေသည်။ထိုအခါမုဆိုးဦးစံလှ၏
လျှောက်ထားတောင်းပန်မှုကြောင့်ငါးထောင်သာသနာရှည်မြင့်ကြာအောင်လူ၊နတ်၊နဂါး၊သိကြား၊ဗြဟ္မာ၊ သတ္တဝါတို့၏အကျိုးကိုမျှော်ပြီးမုဆိုးကြီးအားတရားပြ၍ဆုံးမတော်မူရာဒေသဖြစ်သောနာဠာဂီရိတောင်ရှိ တြိသေလမည်သောဆင့်တင်ကျောက်ဆောင်ပေါ်တွင်လက်ဝဲ(ပါဒ)ခြေတော်ရာကိုလည်းကောင်း၊ မဏိသေလနဂါးမင်းမြင်ခဲ့ဖူးသောမဏိသေလရေအိုင်အတွင်းရှိမဏိသေလကျောက်ဆောင်ပေါ်တွင်လက်ျာ
(ပါဒ)ခြေတော်ရာကိုလည်းကောင်းချပေးတော်မူလေသည်။ထိုအခါကမ္ဘာမြေကြီးသည်အိုးထိမ်းစက်ကဲ့သို့ သွက်သွက်ခါမျှတုန်လှုပ်လေသည်။မုဆိုးလည်းဘုရားရှင်၏ဂုဏ်တော်တို့ကိုအာရုံပြုလျှက် ခုနှစ်ရက်တိုင်တိုင်ပူဇော်ပြီးမှရွာသို့ပြန်လေသည်။မုဆိုး၏ပြောပြချက်အရမင်းနှင့်တကွသောပြည်သူတို့သည် ဘုရားဖူးသွားရောက်ကြကာမုဆိုးနှင့်မိသားစုဝင်များလည်းခြေစက်တော်ရာအနီးတွင်ရဟန်းပြု၍ တရားအားထုတ်ကာတရားထူးရ၍ကျွတ်တန်းဝင်ကြလေ၏။

ဤသို့ဖြင့်ဓညဝတီခေတ်၊ဝေသာခေတ်၊လေးမြို့ခေတ်၊မြောက်ဦးခေတ်တိုင်အောင်စည်ကားသိုက်မြိုက်စွာ ပူဇော်မပျက်ရှိခဲ့ပြီးနှစ်ပေါင်းများစွာတိမ်မြုပ်ပျောက်ကွယ်ခဲ့ရာမှ(၁၉)ရာအစောပိုင်းတွင်ရေကြည်ရာမြက်နု ရာလှည့်လည်သွားလာ၍နေထိုင်ကြသောလူမျိုးတစ်စုတို့သည်ခြေတော်ရာနှစ်ဆူကိုတွေ့ရှိပြီး 
ခြေတော်ရာများ၏ထူခြားသောတန်းခိုးများကိုမြင်တွေ့ရ၍နတ်ခိုးကြီးနတ်ခြေရာဟု အယူမှားကာယစ်ပူဇော်ခြင်းစသောမဖွယ်မရာပြုမူကြကုန်သည်သာမကဘုရားရှင်ခြေတော်ရာများကိုပင် ထွင်းဖောက်၍သိုက်တူးကြကုန်သည်ဖြစ်၍ကပ်ရောဂါများကျရောက်ကာမျိုးပြုတ်သည်အထိ ကြမ္မာဆိုးနှင့်ကြုံတွေ့ခဲ့ရသောသာဓကများရှိခဲ့သည်။
ဤသို့ဖြင့်ဘုရားရှင်၏ခြေတော်ရာများတိမ်မြုပ်ပျောက်ကွယ်နေခဲ့ရာမှမအီချောင်း(ပါဒ) စက်တော်ရာနှစ်ဆူ၏ဘုရားသမိုင်းကိုလေ့လာဖတ်ရှုခွင့်ရသူရန်ကုန်မြို့၊အောင်မင်္ဂလာလမ်း၊ အမှတ် (၄၂)၊ရွှေမြိုကတော်ပုံနှိပ်တိုက်နှင့်ဝိဇယစာအုပ်တိုက်ပိုင်ရှင်ကျောင်းဆရာကြီးဟောင်းဦးစိုင်းလှိုင်၏ အကြိမ်ကြိမ်လျှောက်ထားတောင်းပန်မှုကြောင့်ရန်ကုန်မြို့၊အောင်မင်္ဂလာလမ်း၊ကျောက်မြောင်းရပ်ရှိ၊ မင်္ဂလသုခပါဠိတက္ကသိုလ်ကျောင်းတိုက်ဆရာတော်ဘန္ဒန္တအရိယဝံသဆရာတော်ကိုယ်တိုင်မအီချောင်းရှိ (ပါဒ)စက်တော်ရာနှစ်ဆူကိုရှာဖွေခဲ့ပါသည်။၁၃၂၉ ခု၊တပေါင်းလဆုပ်(၁၀)ရက်(၂၃-၃-၆၈)ရက်နေ့တွင် ဆရာတော်သည်ရှင်ဝဏ္ဏ၊အညှင်းတောင်ရွာသားများဖြစ်ကြသော ဦးဘသန်း၊မောင်စောသာ၊မောင်ညီချစ်၊မောင်ဘအေးတို့နှင့်အတူဗုဒ္ဓဘုရားရှင်၏ပါဒစက်တော်ရာနှစ်ဆူကို
တွေ့ရှိခဲ့လေသည်။
၁၃၃၀ ခုနှစ်၊တပေါင်းလဆုပ်(၁၁)ရက်၊(၁၃-၃-၆၉)ရက်နေ့တွင်ဦးစိုးလှိုင်အပါအဝင်ဆရာတော် ဘန္ဒန္တအရိယဝ့သနှင့်ရဟန်း(၁၂)ပါး၊လူ(၄၀၀)ကျော်တို့သည်မအီ၊လက်ပန်၊အညှင်းတောင်မှတစ်ဆင့် ဘုရားဖူးသွားရောက်နိုင်ခဲ့ကြသော်လည်းနောက်ပိုင်းကာလများတွင်တိုင်းရေးပြည်ရွာမငြိမ်သက်မှု များကြောင့်လည်းကောင်း၊သာရဲတိရိစ္ဆာန်တို့၏ဘေးရန်ကြောင့်လည်းကောင်းလမ်းခရီးကြမ်းတမ်း၍ သွားရောက်ဖူးမျှော်ရန်ခက်ခဲ့၍လည်းကောင်း၊ဘုရားဖူးသွားရောက်နိုင်ခြင်းမရှိတော့ဘဲမအီချောင်း စက်ရောနှစ်ဆူမှာတိမ်မြုပ်နေခဲ့ရပြီးရံဖန်ရံခါ၌သာတရားထူးရှာသောရဟန်းများနှင့်ပုဂ္ဂိုလ်ထူးများ တရားအားထုတ်ရန်ရောက်ရှိနိုင်ခဲ့ကြလေသည်။ယခုအခါဘုရားရှင်၏ဗျာဒိတ်တော်အတိုင်းမအီမြို့ဟူ၍ မြို့ငယ်တစ်မြို့လည်းစက်တော်ရာအနီးတွင်ပေါ်ပေါက်လာခဲ့ပြီဖြစ်သည်။ကားလမ်းမကြီးများလည်း ကွန်ယက်သဖွယ်ပြည်နယ်ပြည်မဖောက်လုပ်ပြီးစီးပြီဖြစ်ရုံသာမကယခင်ကခရီးလမ်းဝေးကွာ
ကြမ်းတမ်း၍လူသူအရောက်ပေါက်နည်းခဲ့ကာတိမ်မြုပ်နေခဲ့သောဘုရားရှင်၏ပါဒစက်တော်ရာနှစ်ဆူရှိရာ “အရာတော်ဒေသ”သို့ပဋ္ဌာန်းဆက်ရှိသူပုဂ္ဂိုလ်ထူးတို့ကကားလမ်းဖောက်လုပ်နိုင်ခဲ့ပြီးဖြစ်ပါသည်။သိုပါ၍ ဗုဒ္ဓဘုရားရှင်၏ပါဒစက်တော်ရာနှစ်ဆူအားဦးဦးဖျားဖျားဖူးမျှော်ကြညိုခွင့်ရကြပြီဖြစ်၍ ဘုရားဖူးသွားရောက်နိုင်ကြပြီဖြစ်ကြောင်းနိဗ္ဗာန်အကျိုးမျှော်၍တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။

မအီချောင်းစက်တော်ရာနှစ်ဆူ၏ထူးခြားမှုများ


>>ကမ္ဘာပေါ်ရှိသမိုင်းဝင်(၁၂)ဆူသောစက်တော်ရာများထဲတွင်(၁)ဆူတည်းသာရှိသောဘုရားရှင်၏     လက်ျာခြေတော်ရာကိုပါဖူးတွေ့နိုင်ခြင်း၊
>>လူသူအရောက်ပေါက်နည်းကာဆိတ်ငြိမ်အေးချမ်းသောအရပ်ဒေသတွင်ရှိ၍မူလအတိုင်းဖူးတွေ့နိုင်ပြီး တစ်ကြိမ်ရောက်လျှင်နောက်တစ်ကြိမ်ဖူးမျှော်လိုသည့်စိတ်ဆန္ဒများဖြစ်ပေါ်လာစေခြင်း၊
>>လူခြေတိတ်ဆိတ်သောအခါကြီးနေ့ကြီးလပြည့်နေ့ညများတွင်ဂဠုန်၊နဂါး၊သိကြား၊ဗြဟ္မာ၊နတ်ဒေဝါဟု ယူဆရသောရောင်ဝါထွန်းလင်းသည့်ပုဂ္ဂိုလ်ထူးတို့ကိုမြင်တွေ့ရတတ်ခြင်း၊
>>တပေါင်း၊တန်ခူး၊ကဆုန်လများ၏လပြည့်နေ့ညရောက်ခါနီးညများတွင်ခြေတော်ရာတည်ရှိရာဒေသမှ
  ရောင်ခြည်တော်တို့သည်အရပ်(၁၀)မိုင်အကွာအဝေးရှိတောင်ပေါ်ယာတဲများမှပင်ဖူးတွေ့နိုင်ခြင်း၊
>>စက်တော်ရာအနီးတွင်တွေ့ရတတ်သောကျေးငှက်၊တိရိစ္ဆာန်နှင့်ငါးများကို အန္တရာယ်ပြုမိပါကဘေးဒုက္ခနှင့်လက်ငင်းကြုံတွေ့ရတတ်ခြင်း၊
>>စက်တော်ရာနှစ်ဆူကိုမှားယွင်းသောအယူအဆတို့မှယစ်ပူဇော်သောဓလေ့ရှိခဲ့ရာတွင် စိတ်မချမ်းမြေ့ဖွယ်ဆိုးရွားသောကပ်ရောဂါများကျရောက်၍လူမျိုးနွယ်တစ်စုမျိုးတုံးပျောက်ကွယ်ခဲ့ဖူးသည်၊
>>မြတ်စွာဘုရားရှင်၏ဗျာဒိတ်တော်နေရာဖြစ်၍ မြင့်မြတ်သောနေရာဖြစ်ခြင်း၊
>>ဘီစီ(၆)ရာစုတွင်ဘုရားရှင်ကိုယ်တိုင်ကြွရောက်၍ချထားပေးခဲ့သော(ပါဒ)စက်တော်ရာများဖြစ်ကာ တတိယဓညဝတီခေတ်နှင့်ဝေသာလီခေတ်များတွင်များစွာစည်ကား၍လူအများဖူးမျှော်ခဲ့ကြခြင်း၊
>>ပျောက်ကွယ်ခဲ့သည်မှာနှစ်ပေါင်းများစွာကြာမြင့်ခဲ့ပြီးယခုနှစ်မှပင်လမ်းခရီးပေါက်၍ ဖူးမျှောကြည်ညိုခွင့်ကြုံကြိုက်ခြင်း၊
>>ဗုဒ္ဓစက်တော်ရာကိုဖူးမျှော်ရခြင်းဖြင့်လောကီ၊လောကုတ္တရာနှစ်ဖြာသောအကျိုးကျေးဇူးများကို ယခုဘဝမှာပင်ရရှိခံစားနိုင်ခြင်းတို့ဖြစ်ကြပါသည်။

မအီချောင်းစက်တော်ရာသို့ ဘယ်လိုသွားရောက်နိုင်သလဲ



မအီမြို့မှ မအီ-အမ်း ကားလမ်းအတိုင်း...
မအီ-စနဲကျေးရွာသို့                                         (၇)မိုင်
စနဲကျေးရွာမှစက်တော်ရာသို့                              (၉)မိုင် (၄)ဖာလုံ
မအီ-စနဲစက်တော်ရာသို့                                    (၁၆) မိုင် (၄)ဖာလုံ
ကျောက်ဖြူ-မအီ- စနဲ-စက်တော်ရာသို့                  (၉၂) မိုင် (၄) ဖာလုံ
တောင်ကုန်-မအီ- စနဲ- စက်တော်ရာသို့                 (၅၉) မိုင် (၆) ဖာလုံ
အမ်း-စနဲ- စက်တော်ရာသို့                                 (၅၁) မိုင် (၄) ဖာလုံ
မှတ်ချက်။  ။ မအီ-စနဲကျေးရွာမှ (၃)မိုင် (၂)ဖာလုံ ခရိးထိသာ ကားကြီးများ သွားရောက်နိုင်ပြီး (၃)မိုင် (၂) ဖာလုံမှ (၄) မိုင် (၂) ဖာလုံထိ (၁) မိုင်ခရီးမှာ ပေ (၁၁၀၀)မြင့်သော တောင်တက်ခရီးဖြစ်၍ ကားငယ်များသာသွားလာနိုင်ပါသည်။ (၄) မိုင် (၂) ဖာလုံမှ (၉)မိုင် (၄) ဖာလုံထိခရီး မိုင်(၅) မိုင် (၂) ဖာလုံကွားဝေးပြီး အများအားဖြင့် တောင်ဆင်းလမ်းဖြစ်ပါသည်။ စနဲကျေးရွာမှ (၃)မိုင် (၂) ဖာလုံ ခရီးကို ကားဖြင့်သွားပြီး တောင်တက်ခရီးကို ခြေလျင်ကားလမ်းမအတိုင်း  သွားလျှင် (၆) မိုင် (၂) ဖာလုံ ခရီးအကွာဖြစ်ပါသည်။ လူသွားလမ်းအတိုင်း (၅) မိုင် ခရီးကွာဝေးပါသည်။ (ဖြတ်လမ်း) လက်ပန်ရွာမှ ခြေလျင်ခရီးသွားမည်ဆိုလျှင် (၁၄) မိုင်ခန့်ရှိပါသည်။

(၂၀၁၁ ခုနှစ်၊ မတ်လ (၁၃) ရက်နေ့၊ ဦးဇော်ဝင်းမြင့်နှင့် ဇနီး ဒေါ်စုစုလွင် တို့မှဖြန့်ဝေ ဓမ္မဒါနပြုသော လက်ကမ်းစာစောင်မှ ကူးယူဖော်ပြအပ်ပါသည်။

အင်းလေးဖောင်တော်ဦး ဘုရားသမိုင်း အကျဉ်း နှင့် ဒေသစာရီကြွချီခြင်း



 
ညောင်ရွှေမြို့၏မူလအမည်မှာရှမ်းဘာသာဖြင့်“ယောင်ဝှေ”ဖြစ်သည်။တောင်နှစ်သွယ်ကြားမှကုန်းမြေဟု အဓိပ္ပာယ်ရသည်ဆို၏။ယောင်ဝှေဟုပြောသောရှမ်းသံကိုမြန်မာတို့ကညောင်ရွှေဟုကြား၍မှတ်တမ်းတင်
ရေးသား၊ခေါ်ဆိုရာမှညောင်ရွှေဟုအမည်တွင်ခဲ့ပုံရ၏။သက္ကရာဇ်(၇၂၁)ခုနှစ်တွင်ညောင်ရွှေမြို့ကို တည်ထောင်ခဲ့သောစော်ဘွားကြီးဆီဆိုင်ဖလက်ထက်လွန်ခဲ့သောနှစ်ပေါင်း(၆၄၄)ခန့်ကာလ၊ယခု သန်းထောင်ဘုရားနယ်မြေအတွင်းတစ်ခုသောနေရာတွင်တောချုံပိတ်ပေါင်းတို့ဖြင့်ဖုံးလွှမ်း ကွယ်ပျောက်လျက်ရှိသောလိုဏ်ဂူအတွင်းမှဘုရားဓာတ်တော်၊မွေတော်များရောင်ခြည်ကွန့်မြူးသည်ကို သန်းထောင်နယ်သားတို.ဖူးမြင်တွေ့ရှိကြသည်။ထိုအခါစော်ဘွားကြီးဆီဆိုင်ဖထံသွားရောက်သတင်းပေး
လေသည်။စော်ဘွားကြီးဆီဆိုင်ဖသည်အားရ၀မ်းသာဖြစ်၍ဆွေတော်မျိုးတော်မှူးမတ်တို့နှင့် ပရိတ်သတ်လေးပါမြောက်မြားစွာခြံရံ၍သန်းထောင်အရပ်သို့ထွက်လာကာတောချုံပိတ်ပေါင်းတို့ကို ရှင်းလင်းခုတ်ထွင်ပြီးလိုဏ်ဂူကိုတူးဖော်ကြည့်ရာဘုရားရှင်ရုပ်ပွားတော်(၅)ဆူတို့ကိုဖူးမြင်တွေ့ရှိရပေသည်။ ၎င်းရုပ်ပွားတော်ငါးဆူအနက်နှစ်ဆူမှာရဟန္တာပုံတော်ဟုသိရှိရသည်။၎င်းရုပ်ပွားတော်ငါးဆူတို့ကိုဖာင်တော်ဦး ရုပ်ပွားတော်ဟုခေါ်ဝေါ်သည်။ဖောင်တော်ဦးရုပ်ပွားတော်ဟုခေါ်ရခြင်းအကြောင်းအရင်းမှာကောဇာသက္ကရာဇ် (၄၀၄)ခုနှစ်တွင်မင်းအဖြစ်ရောက်ရှိတော်မူသောပုဂံပြည့်ရှင်နရပတိအလောင်းစည်သူမင်းကြီးသည် သာသနာတော်မြတ်စည်ပင်ပြန့်ပွားထွန်းကားခြင်းကိုလိုလားသောမင်းမြတ်ဖြစ်သည်နှင့်အညီဇမ္ဗူဒိပ်ကျွန်း အလုံးစုံနှံ့အောင်ဖောင်တော်ဖြင့်တိုင်းခန်းလှည့်လည်တော်မူခဲ့ပြီးနောက်သီဟိုဠ်မင်းကဆက်သလိုက်သော သင်းကနတ်ဖောင်တော်ဖြင့်လှည့်လည်ပြန်လာတော်မူရာမလယခေါ်မလ္လာဟုကျွန်းရောက်လျှင် (၎င်းကျွန်းသည်အန္ဒိယပြည်မဒရပ်နယ်တောင်ဘက်ပင်လယ်တွင်ရှိ၍အမွှေးနံ့သာ၊ ကရမက်စသည်အလွန်ပေါသည်ဟုသိရသည်။)သိကြားမင်းကဆက်သအပ်နှင်းလိုက်သောအခါ မဟာဗောဓိသားနှင့်တကွသရက္ခန်နံ့သာနှစ်အသားတို့ကိုရုပ်ပွားတော်(၅)ဆူထုလုပ်စေတော်မူပြီးလျှင်
ဖောင်တော်၏ရှေ့ဦးတွင်ပင့်တင်ကိုးကွယ်ယူဆောင်တော်မူလျက်နေပြည်တော်ပုဂံမြို့ သို့ရောက်တော်မူလေသည်။ဤသို့ဖောင်တော်ရှေ့ဦး၌တင်ယူကိုးကွယ်ခဲ့သောဘုရားဖြစ်ခြင်းကြောင့်
ဖောင်တော်ဦးဘုရားဟုခေါ်ခြင်းဖြစ်သည်။စော်ဘွားကြီးဆီဆိုင်ဖသည်ယင်းရုပ်ပွားတော်မြတ်(၅)ဆူကို မိမိနေပြည်တော်ညောင်ရွှေမြို့တော်သို့ပင့်ဆောင်ပြီးဟော်နန်းဦးစံပြဿဒ်ပေါ်တွင်ကိုးကွယ်တော်မူပြီးမှ
နှစ်စဉ်သီတင်းကျွတ်လဆန်း(၇)ရက်သို့ရောက်သောအခါဟော်နန်းဦးမှအောက်သို့ပင့်ယူပြီး လှပတင့်တယ်စွာဆောက်လုပ်ထားသောပြဿဒ်မဏ္ဍပ်အတွင်းကောင်းစွာစံထားလျက်ပြည်သူပြည်သားတို့၏ အဖူးအမြော်အပူဇော်ခံပွဲသဘင်ဆင်ယင်ကျင်းပတော်မူခြင်းဖြစ်သည်။ဟော်နန်းဦးမှမြို့ သို့ကြွဆင်းတော်မူသည်ကိုအစွဲပြု၍လူ့ပြည်သို့ကြွဆင်းလားသောမြတ်စွားဘုရား(စ၀်ဖရားလုံးစိုင်း)ဟု ရှမ်းဘာသာဖြင့်ခေါ်တွင်သဖြင့်မူလဖောင်တော်ဦးဟူသောအမည်မှာအခိုက်အတန့်အားဖြင့် ကွယ်ပျောက်ခဲ့လေသည်။ညောင်ရွှေမြို့၌နှစ်ပေါင်း(၂၅၆)နှစ်ကြာပွဲတော်များကျင်းပနိုင်ခဲ့၍သက္ကရာဇ် (၉၇၇)ခုနှစ်တွင်ညောင်ရွှေမြို့ကိုစိုးစံသောစော်ဘွားမ(စောဝ်နန်းမ၊စောဝ်နန်းဟေး) လက်ထက်ရောက်သောအခါ၎င်းမြို့တော်ပတ်ဝန်းကျင်ရှိအခြားစော်ဘွားမြို့စားတို့ကမြို့တော်ကို ထိပါးတိုက်ခိုက်နှောင့်ယှက်ဖန်များသောကြောင့်ဗုဒ္ဓဘာသာရှမ်းမြန်မာတို့အထွတ်အထိပ်ဖြစ်သော ယင်းဖောင်တော်ဦးရုပ်ပွားတော်(၅)ဆူတို့ကိုစစ်ဘေး၊စစ်ဒဏ်ရန်အန္တရာယ်ကင်းရှင်းရာဖြစ်သော
ညောင်ရွှေနယ်ရွှေအင်းတိမ်ဘုရားကြီး၏အရံစောင့်ကျွန်သီးတော်တို့အား(၁၂)မှုမင်းရေးကိစ္စ ခပ်သိမ်းလွတ်ငြိမ်းချမ်းသာခွင့်ပေး၍၎င်းတို့၏သူကြီးအားလည်းရုပ်ပွားတော်တို့ကိုစောင့်ရှောက် ထိန်းသိမ်းရေးကိစ္စဆောင်ရွက်ဖွယ်အ၀၀တိုင်းအမိန့်အာဏာများအပ်နှင်းပြီး အထူးထိန်းသိမ်းစောင့်ရှောက်စေသည်။၎င်းအသည်တော်တို့နေထိုင်ရာရပ်ကွက်၌စစ်ဘေး၊စစ်ဒဏ် ရန်အန္တရာယ်ကင်းရှင်းခြင်းမှာဗုဒ္ဓဘာသာလူမျိုးတို့၌ဘုရားကိုယ်စားရုပ်ပွားဆင်းထု၊စေတီပုထိုးတို့ကို ထိန်းသိမ်းစောင့်ရှောက်ထားသောကျွန်သီးတော်ခေါ်အသည်တော်များနေထိုင်ရာရပ်ကွက်ကိုမည်သူမဆို ၀င်ရောက်တိုက်ခိုက်နှောက်ယှက်ထိပါးဖျက်ဆီးခြင်းအမှုမပြုလုပ်ရဟူသောဘာသာတရားအရ ဥပဒေပညတ်ချက်ထားရှိသောကြောင့်၎င်းကိုလိုက်နာသောအားဖြင့်မြို့ပြ၊ပြည်ရွာ ပျက်ပြားသောအခါဖြစ်စေကာမူ၎င်းရပ်ကွက်၌ဘုရားသင်္ကန်းတော်ကိုဖြစ်စေဘုန်းကြီးသင်္ကန်းကိုဖြစ်စေ
အောင်လံအဖြစ်စိုက်ထူထားပါကမည်သည့်ရန်သူတစ်ဦးတစ်ယောက်မျှဝင်ရောက်နှောင့်ယှက်ခြင်းမပြုရဟူ
သောဘာသာထုံးတမ်းဥပဒေပညတ်ချက်အရလွတ်ငြိမ်းချမ်းသာစွာနေထိုင်ရသောသူများဖြစ်သည့်အလျောက် ၎င်းတို့နေထိုင်ရာရပ်ကွက်၌စစ်ဘေး၊စစ်ဒဏ်ရန်အန္တရာယ်ကင်ရှင်းခြင်းဖြစ်သည်။၎င်းရပ်ကွက်ကား
ရွှေအင်းတိမ်ဘုရားကြီး၏အရှေ့ဘက်မြောင်ဆုံရွာအနောက်တောင်အင်းတိမ်မြို့ဟောင်းတောင်ဘက် ယခုဆော်မရွာဟုခေါ်သောရပ်ကွက်ပင်ဖြစ်သည်။ဆော်မရွာအနောက်ဘက်တွင်ဖောင်တော်ဦးရွာဟု
ရှေးကရှိသည်။၎င်းရွာသည်အယုတ်တော်များနေရာရပ်ကွက်ဖြစ်သည်ဟုယခုလက်ရှိအသည်တော်များ၊ လူကြီးများနှုတ်အမှတ်အသားထားရှိကြကြောင်းသိရှိရသည်။၎င်းဖောင်တော်ဦးရွာတွင် သီတင်းသုံးတော်မူသောအချိန်မှစ၍၎င်းရုပ်ပွားတော်များကိုဖောင်တော်ဦးဘုရားဟုတင်စား၍
ခေါ်ဝေါ်ခဲ့ကြသည်။
 
ဖောင်တော်ဦးဘုရား ဒေသစာရီ ကြွချီခြင်း၊

ဖောင်တော်ဦးရုပ်ပွားတော်မြတ်တို့ကိုအသည်တော်များကအစဉ်အလာမပျက်ဆက်လက်ကျင်းပလာခဲ့သော မူလပွဲတော်ရက်ဖြစ်သည့်သီတင်းကျွတ်လဆန်း(၇)ရက်နေ့တွင်ညောင်ရွှေမြို့သို့အရောက် ပင့်ဆောင်ရမည်ဟုအာဏာပိုင်တို့အမိန့်ပညတ်ချက်အရ...
သီတင်းကျွတ်လဆန်း (၅) ရက်၊ ဆော်မရွာ ကျောင်းတော်မှ အောက်သို့ဆင်းကြွ (၁) ညစံ
သီတင်းကျွတ်လဆန်း (၆) ရက်၊ ဟဲယာရွာမသို့ကြွ (၁) ညစံ
သီတင်းကျွတ်လဆန်း (၇) ရက်၊ ညောင်ရွှေမြို့ သို့ကြွ (၁) ညစံ
သီတင်းကျွတ်လဆန်း (၈) ရက်၊ နမ့်သဲရွာသို့ကြွ နေ့ဆွမ်းကပ်ပြီးလျှင် နမ့်ပန်သို့ကြွ (၁) ညစံ
သီတင်းကျွတ်လဆန်း (၉) ရက်၊ နောင်တောရွာသို့ကြွ (၁) ညစံ
သီတင်းကျွတ်လဆန်း (၁၀) ရက်၊ ရွာကြီးဘန်းပုံသို့ကြွ (၁) ညစံ
သီတင်းကျွတ်လဆန်း (၁၁) ရက်၊ ဆော်မရွာကျောင်းတော်သို့ အရောက်ကြွတော်မူကာ
မြို့ရွာနေ၊ပြည်သူပြည်သားတို့၏အပူဇော်ခံ(၈)ဌာနပွဲတော်သဘင်ကိုဆင်ယင်ကျင်းပလေသည်။သက္ကရာဇ် (၁၁၃၃)ခုနှစ်အချိန်ကာလတွင်အင်းတိမ်ဆော်မရွာရှိဖောင်တော်ဦးကျောင်းတော်ကိုမီးသင့်လောင်သဖြင့် ရွာကြီးဘန်းပုံအရပ်တွင်ကျောင်းတော်ဆောက်လုပ်ရုပ်ပွားတော်(၅)ဆူကိုပင့်တင့်ရွှေ့ပြောင်းပြီးလျှင်
စောင့်ရှောက်ထားရာမှသက္ကရာဇ်(၁၂၄၃)ခုနှစ်တွင်ရွာကြီးဘန်းပုံကျောင်းတော်မှသာလေးတိုက်နမ့်ဟူးရွာ နမ့်ဟူးကျောင်းတော်သို့ရွှေ့ပြောင်းစောင့်ရှောက်ခဲ့သည်။ထို့နောက်မူလက(၈)ဌာနသို့ဒေသစာရီကြွချီရာမှ (၁၉)ဌာနတိုင်အောင်ကြွချီတော်မူပြန်သည်။
သီတင်းကျွတ်လဆန်း (၃) ရက်၊ မူလဂန္ဓကုဋီမှကျောင်းဦး ဗုဒ္ဓါသန ပလ္လင်တော်
သီတင်းကျွတ်လဆန်း (၄) ရက်၊ ကျောင်းတော်မှ အင်းတိမ်
သီတင်းကျွတ်လဆန်း (၅) ရက်၊ အင်းတိမ်မှ ဟဲယာရွာမ (၂)ညကျိန်း
သီတင်းကျွတ်လဆန်း (၇) ရက်၊ ဟဲယာရွာမမှ ညောင်ရွှေ (၂)ညကျိန်း
သီတင်းကျွတ်လဆန်း (၉) ရက်၊ ညောင်ရွှေမှ နမ့်သဲမုန့်ထုပ် (၃) နာရီ
သီတင်းကျွတ်လဆန်း (၉) ရက်၊ နမ့်သဲမုန့်ထုပ်မှ လင်းကင်း (၁) ညကျိန်း
သီတင်းကျွတ်လဆန်း (၁၀) ရက်၊ လင်းကင်းမှ ကြေးစား (၄) နာရီ
သီတင်းကျွတ်လဆန်း (၁၁) ရက်၊ မိုင်းသောက်မှ သလဲဦး (၄) နာရီ
သီတင်းကျွတ်လဆန်း (၁၁) ရက်၊ သလဲဦးမှ ငါးဖယ်ချောင်း (၁) ညကျိန်း
သီတင်းကျွတ်လဆန်း (၁၂) ရက်၊ ငါးဖယ်ချောင်မှ ဇရပ်ကြီး (၁) နာရီ
သီတင်းကျွတ်လဆန်း (၁၂) ရက်၊ ဇရပ်ကြီးမှ ဘုရားပေါက် (၅) နာရီ
သီတင်းကျွတ်လဆန်း (၁၂) ရက်၊ ဘုရားပေါက်မှ နမ့်ပန် (၁) ညကျိန်း
သီတင်းကျွတ်လဆန်း (၁၃) ရက်၊ နမ့်ပန်မှ နောင်တော (၁) ညကျိန်း
သီတင်းကျွတ်လဆန်း (၁၄) ရက်၊ နောင်တောမှ မန်ကျည်းဆိပ် (၃) နာရီ
သီတင်းကျွတ်လဆန်း (၁၄) ရက်၊ မန်ကျည်းဆိပ်မှ ကျိုမ့်ခမ်း (၁) ညကျိန်း
သီတင်းကျွတ်လပြည့်ကျော် (၁) ရက်၊ ကျိုင့်ခမ်းမှ မိုင်းပျို့ (၁) ညကျိန်း
သီတင်းကျွတ်လပြည့်ကျော် (၁) ရက်၊ မိုင်းပျို့ မှ အင်းပေါခုံ (၅) နာရီခွဲ
သီတင်းကျွတ်လပြည့်ကျော် (၂) ရက်၊ အင်းပေါခုံမှ ရွာကြီးရေသာ (၁) ညကျိန်း
သီတင်းကျွတ်လပြည့်ကျော်(၃)ရက်၊ ကျောင်ဦးဗုဒ္ဓါသနပလ္လင်မှ မူလဂန္ဓကုဋီတိုက်သို့ဒေသစာရီကြွချီတော်မူသည်။
ယခုအခါတွင်တော်သလင်းလကွယ်မှစ၍သီတင်းကျွတ်လပြည့်ကျော်(၃)ရက်နေ့အထိတိုင်အောင်(၁၈) ရက်ဒေသစာရီကြွချီတော်မူသောအရပ်ဒေသများမှာ...
တော်သလင်းလကွယ်နေ့ မူလ ဂန္ဓကုဋီတိုက်မှ ကျောင်းဦး ဗုဒ္ဓါသနပလ္လင်တော်
သီတင်းကျွတ်လဆန်း (၁) ရက်၊ ကျောင်းတော်မှ အင်းတိမ်သို့ကြွ (၁) ညကျိန်း
သီတင်းကျွတ်လဆန်း (၂) ရက်၊ အင်းတိမ်မှ ဟဲယာရွာမ (၂) ညကျိန်း
သီတင်းကျွတ်လဆန်း (၄) ရက်၊ ဟဲယာရွာမမှ ငါးဖယ်ချောင်း (၁) ညကျိန်း
သီတင်းကျွတ်လဆန်း (၅) ရက်၊ ငါးဖယ်ချောင်းမှ ကြေးစားကုန်း (၁) ညကျိန်း
သီတင်းကျွတ်လဆန်း (၆) ရက်၊ ကြေးစားကုန်းမှ ပွဲစာကုန်း (နေ့ဆွမ်း) လင်းကင်း (၁) ညကျိန်း
သီတင်းကျွတ်လဆန်း (၇) ရက်၊ လင်းကင်းမှ ညောင်ရွှေမြို့
သီတင်းကျွတ်လဆန်း (၁၀) ရက်၊ ညောင်ရွှေမှ နမ့်သဲမုန့်ထုပ် (နေ့ဆွမ်းး) မိုင်းသောက် (၁) ညကျိန်း
သီတင်းကျွတ်လဆန်း (၁၁) ရက်၊ မိုင်းသောက်မှ သလဲဦး (၁) ညကျိန်း
သီတင်းကျွတ်လဆန်း (၁၂) ရက်၊ သလဲဦးမှ ကေလာ (နေ့ဆွမ်း) ဇရပ်ကြီး (၁) ညကျိန်း
သီတင်းကျွတ်လဆန်း (၁၃) ရက်၊ ဇရပ်ကြီးမှ နန်းပန်ဘုရားပေါက် (၁) ညကျိန်း
သီတင်းကျွတ်လဆန်း (၁၄) ရက်၊ ဘုရားပေါက်မှ မန်ကျည်းဆိပ် (နေ့ဆွမ်း) ကျိုင်းခမ်း (၁) ညကျိန်း
သီတင်းကျွတ်လဆန်း (၁၅) ရက်၊ ကျိုင်းခမ်းမှ မိုင်းပျို့ (၁) ညကျိန်း
သီတင်းကျွတ်လပြည့်ကျော် (၁) ရက်၊ မိုင်းပျို့ မှ အင်းပေါခုံ (နေ့ဆွမ်း) နောင်တော (၁) ညကျိန်း
သီတင်းကျွတ်လပြည့်ကျော် (၂) ရက်၊ နောင်တောမှ ရွာကြီးရေသေ (၁) ညကျိန်း
သီတင်းကျွတ်လပြည့်ကျော် (၃) ရက်၊ ရွာကြီး ရေသေမှ မူလဂန္ဓာကုဋီတိုက်သို့ ပြန်လည်ရောက်ရှိတော်မူပါသည်။
ဖောင်တော်ဦးရုပ်ပွားတော်မြတ်အားကြည်ညိုသဒ္ဓါပွားများစေလိုသည့်စေတနာ၊အင်းသူ/အင်းသားတို့၏ ဗုဒ္ဓဘာသာအပေါ်ယုံကြည်သက်ဝင်မှုသည်မည်မျှကြီးမားကြောင်းကိုသိရှိစေလိုသည့်ရည်ရွယ်ချက်ဖြင့် တင်ပြရခြင်းဖြစ်ပါသည်။