Showing posts with label ပုံပြင်. Show all posts
Showing posts with label ပုံပြင်. Show all posts

Thursday, March 14, 2013

ခွေးလေခွေးလွင့်ပုံပြင် (လေးချောင်းထောက်နှင့်လေးဘက်ထောက်)

ကျွန်တော်တို့၏ရွာကလေးတွင်ခွေးလေခွေးလွင့်များနှင့်လူများသည်၂နှစ်ကျော်အနေကြာလာသဖြင့်နေ သားတကျဖြစ်လာလေပြီ။ခွေးများခွေးပါးဝသည်ကိုလည်းအတော်အတန်ခံနိုင်ရည်ရှိလာယုံသာမက
ခွေးနှင့်ပေါင်းပြီးခွေးစိတ်ပေါက်သူများလည်းတစ်နေ့တစ်ခြားပိုမိုများပြားလာလေတော့သည်။
ထိုအချိန်တွင်ရွာအုပ်ချုပ်သူပညာရှိများကရွာသားများ၏အော်သံနှင့်ခွေးဟောင်သံတို့အကြားခြားနားမှု ရှိစေရန်အတွက်လေးချောင်းထောက်အဆောက်အအုံကြီးကိုအခိုင်အမာတည်ဆောက်ကြလေ၏။
ထိုအခိုင်အမာအဆောက်အအုံကြီးအားပုံနှိပ်ဥပဒေကြမ်းအဆောက်အအုံဟုအမည်ပေးပြီးလိုအပ်ချက်များ မရှိရလေအောင်အဆင့်ဆင့်စီမံကြလေ၏။ 
ထို့နောက်တွင်ကားရွာရှိပညာရှိလူကြီးများအစည်းအဝေးတွင်အဆိုပါအဆောက်အအုံကိစ္စအားအကျယ် တ၀င့်ဆွေးနွေးအတည်ပြုချက်တောင်းခံခဲ့ကြ၏။ပညာရှိရွာလူကြီးများကလည်းရွာ၏ကောင်းကျိုးအတွက် အမှန်တကယ်ဖြစ်ထွန်းစေနိုင်သဖြင့်စဉ်းစားသုံးသပ်ကြလေ၏။
ထိုအချိန်တွင်ရွာတွင်းရောက်ခွေးတို့မှာကားထိုလေးချောင်းထောက်အဆောက်အအုံကြီးအားမလိုမုန်းထား  သဖြင့်ဟောင်ပြီးကန့်ကွက်ကြလေ၏။ပညာရှိရွာလူကြီးများပြောဆိုကြသည့်ဒို့ရွာသားများဂရုစိုက်ရမည့် တာဝန်(၃)ရပ်ကိုလေးချောင်းထောက်အခိုင်အမာအဆောက်အအုံကြီးတွင်ပဋက်ရိုက်ခဲ့သည်ကို ဦးတည်၍ခွေးများအပြင်းအထန်ဆန့်ကျင်ကြ၏။အကြောင်းမှာထိုခွေးများသည်ကားထိုသို့ရွာသားများ ဂရုစိုက်ရမည့်တာဝန်(၃)ရပ်ကိုအလွယ်တကူနားလည်သဘောက်ပေါက်နိုင်ခြင်းမရှိသည်က တစ်ကြောင်း၊ခွေးများဟောင်လိုက်တိုင်းရွာသားများဂရုစိုက်အလေးထားသည့်တာဝန်(၃)ရပ်အားထိခိုက် လွန်းသည့်အတွက်ထိုအချက်ကိုအဆိုပါလေးချောင်းထောက်အဆောက်အအုံကြီးတွင်မထည့် သွင်းသင့်ကြောင်းဟောင်ကြခြင်းပင်ဖြစ်သည်။လေးဘက်ထောက်ခေါင်းဆောင်ကြီးမှဦးဆောင်ကန့်ကွက် သည့်အဆိုပါကိစ္စတွင်လေးဘက်ထောက်ငယ်များပါပါဝင်လာသဖြင့်ခွေးလေခွေးလွင်ကြီးစိုးသည့်ရွာတွင် ထိုပြဿနာကြောင့်လူများကောင်းစွာမနေရတော့ပေ။
ခွေးဟောင်တိုင်းထမကြည့်တော့သည့်ရွာမှပညာရှိကြီးများသည်ကားလေးချောင်းထောက်အခိုင်အမာ အဆောက်အဦကြီးအတွက်သာကြိုးပမ်းကြလေ၏။ရွာမှပညာရှိလူကြီးများအစည်းအဝေးမတက်ရ သည့်ခွေးလေခွေးလွင့်အပေါင်းတို့သည်ကားအစည်းအဝေးပြင်ပမှဟောင်ကြလေ၏။ဟောင်လွန်း မကဟောင်လွန်းယုံသာမကခွေးလေခွေးလွင့်အုပ်စုကြီးများထူထောင်ကြကာထိုလေးချောင်းထောက် အဆောက်အအုံကြီးအားလေးဘက်ထောက်များကန့်ကွက်ရမည်ဆိုသည့်ကြွေးကြော်သံဖြင့်တစ်ရွာ လုံးပတ်ကာဟောင်သံပေးကြလေတော့၏။ခွေးချစ်သူရွာလူကြီးအချို့ကိုလည်းလေးချောင်းထောက် အဆောက်အဦအားလေးဘက်ထောက်များနှင့်ပူးပေါင်းမဆန့်ကျင်ပါကလေးဘက်ထောက်များ၏ပြဿနာ ရှာခြင်းခံရမည်ဖြစ်ကြောင်းခြိမ်းခြောက်ကြ၏။အချို့ကိုကားလေးဘက်ထောက်များငယ်စဉ်ကတည်းက
ဟောင်ခဲ့သည့်ဟောင်နည်းများဖြင့်ဟောင်ကြ၏။အချို့ကိုကားမာန်ဖီပြ၏။ဤသို့ဖြင့်ခွေးလေခွေးလွင့်များကို
နေရာပေးမိသည့်ရွာကလေးမှာလေးချောင်းထောက်အဆောက်အဦကြီးအားအခြေခံအုတ်မြစ်များ၊ ရွာသူရွာသားတို့၏ကောင်းကျိုးများရည်စူး၍ဆောက်လိုသော်လည်းလေးဘက်ထောက်များ၏ ပတ်လည်ဟောင်သံကြောင့်လုပ်ငန်းမတွင်နိုင်ရှာတော့ပေ။လေးဘက်ထောက်များ ၏အော်သံကြောင့်လေးချောင်းထောက်အဆောက်အဦကြီးရပ်သွားမည်လား၊သို့တည်းမဟုတ်
လေးဘက်ထောက်များပဲဟောင်ရင်းမောသွားလေမလားကိုတော့နောက်ထပ်အပိုင်းများတွင်စောင့်ကြည့် ရပေတော့မည်ဖြစ်သည်။

Saturday, February 9, 2013

ဇွဲ (အတွေး အမြင် ပုံပြင်)


လက်ဖက်ရည်ဆိုင်မှာ သူငယ်ချင်းတွေ ဆုံသလောက်ရှိပြီ၊ ပုံပြင်ဝါသနာရှင် ရွှီး တစ်ယောက်သာ မရောက်သေးတာ။

သူငယ်ချင်းတွေ ကိုယ်နှစ်သက်ရာ မုန့်နဲ့ လက်ဖက်ရည်၊ ကော်ဖီတွေ မှာစားကြတာ.. တစ်ဝက်လောက်ကျိုးမှ ရွှီး တစ်ယောက် ပျာယီးပျာယာ ရောက်လာတယ်။

" ဒီနေ့တော့ အေးအေးဆေးဆေးစားကြပါ၊ အင်တာနက် ကော်နက်ရှင်တွေ ကျနေလို့ ရွှီး ပုံမပြောနိုင်ဘူး " လို့ မဲတူကပြောပါတယ်။

ရွှီး ကတော့ သူမှာစားနေကျ ပဲထမင်းကိုစားရင်း ခပ်ပြုံးပြုံးပါ။

"မင်းတို့ကို ငါဖတ်ခဲ့တဲ့ စာအုပ်ထဲက ပုံပြင်တစ်ပုဒ်ပြောမယ်၊ ဆရာကြီးရွှေဥဒေါင်းရေးတဲ့ အကြံဉာဏ်ဖြင့်ကြီးပွားရေးစာအုပ် စကားချီးမှာပါတဲ့ အကြောင်းအရာ"

"အင်တာနက်ထဲက ပြောစရာ မရှိတော့ဘူးလား"

"ပုံပြင်တွေ အများကြီးရှိတယ်၊ Download လုပ်ထားတာရှိတယ်၊ ဒါပေမဲ့ ဒီပုံပြင်ကို အရင်ပြောချင်လို့"

"ပြောစေ"

“အသက်အာမခံကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်တဲ့ ကိုယ်စားလှယ်တစ်ယောက်ဟာ စက်ပိုင်တစ်ဦးဖြစ်တဲ့ ဦးလေးဆီ အလည်အပတ်သွားရင်း ဦးလေးရဲ့အလုပ်ခန်းအတွင်းမှာ အတူတကွ ထိုင်နေကြသတဲ့။ အဲဒီအချိန်မှာ အလုပ်သမားတစ်ယောက်ရဲ့ သမီးလေးတစ်ယောက်ဟာ အခန်းထဲကိုဖြည်းညင်းစွာဝင်လာပြီး စားပွဲအနီးမှာ တိတ်ဆိတ်စွာရပ်နေတယ်။ ဦးလေးက သူ့ကိုမြင်တော့.. ဟေ့ ဘာလာရှုပ်တာလဲ လို့ ငေါက်ငမ်းပြီး မေးလိုက်တယ်။ မိန်းကလေးက စက်ပိုင်ရဲ့မျက်နှာကို စေ့စေ့ကြည့်ပြီး အမေက ပိုက်ဆံငါးမူး ပေးလိုက်ပါတဲ့ လို့ပြောသတဲ့ "

" ......... "

"စက်ပိုင်က ဟေ့ လာမရှုပ်နဲ့၊ ပြန်သွား လို့ ဆိုတော့ သူငယ်မ က ဟုတ်ကဲ့ရှင့် လို့ ပြောပေမဲ့ နေရာက မရွှေ့ဘဲ ရပ်မြဲရပ်နေတယ်တဲ့"

"ခပ်ပေပေထဲကနဲ့တူတယ်ထင်တယ်"

"စက်ပိုင်က သူငယ်မကို ဂရုမစိုက်တော့ ဘဲ သူ့အလုပ်သူ ဆက်လုပ်နေပြီး... အတန်ကြာလို့ ခေါင်းထောင်ကြည့်လိုက်တဲ့အခါ အဲဒီနေရာမှာ ရပ်မြဲရပ်နေတဲ့ မိန်းကလေးကိုမြင်တော့ မျက်လုံးပြူးသွားပြီး ဟဲ့.ကောင်မလေး သွားဆိုတာ မသွားသေးဘူးလား ပြောတယ်၊ သူငယ်မလေးကတော့ အမေက ပိုက်ဆံငါးမူးပေးလိုက်ပါတဲ့လို့သာ ထပ်ပြောတယ်၊ စက်ပိုင်က ဘယ်က ပိုက်ဆံငါးမူးပေးရမှာလဲ၊ မပေးဘူး၊ ငါရိုက်လွှတ်လိုက်ရမလား ဆိုတော့ ဟုတ်ကဲ့ရှင့် လို့ပြောပေမဲ့ နေရာကမရွှေ့ဘူး၊ အာမခံကိုယ်စားလှယ် တူ ကလဲ ထိုင်ပြီးအကဲခတ် နေတယ်"

"ဇွဲကောင်းတယ်နော်"

"အတန်ကြာတော့ စက်ပိုင်က ဟေ့ ဘယ့်နှယ်ကောင်မလေးလဲ၊ သွားဆိုတာ မသွားသေးဘူးလာ၊ ငါပြောတာမကြားဘူးလား ဆိုတော့ ကြားတယ်ရှင့် တဲ့၊ ကြားရင် ဘာလို့မသွားသေးသလဲ မေးတော့ ပိုက်ဆံငါးမူးမရသေးလို့ရှင့်လို့ပြန်ပြောတယ် "

"သတ္တိကောင်းတာပဲ"

"စက်ပိုင်က သယ် ခက်တဲ့ကောင်မလေးပါလား၊ ငါရိုက်လွှတ်ရမလား လို့ပြောပြီး ထိုင်ရာကထမယ်လုပ်တော့လဲ သူငယ်မလေးက မလှုပ်ရှားဘဲ ရပ်မြဲရပ်နေတာပဲတဲ့၊ စက်ပိုင်က ကောင်မလေးမသွားသေးဘူးလား ဆိုတော့ ပိုက်ဆံငါးမူးမရသေးဘူးရှင့် လို့ပဲ ပြန်ပြောတယ်"

" ကောင်မလေးကိုလေးစားသွားပြီ "

"စက်ပိုင်က ဒီလောက်ပေတဲ့ကောင်မလေး၊ နင် သေပေတော့ လို့ပြောပြီး ထိုင်ရာကထ၊ လမ်းလျှောက်တုတ်ကောက်ကိုယူပြီး သူငယ်မအနီးကို ချဉ်းကပ်သွားတယ်၊ အာမခံကိုယ်စားလှယ်က ခက်ထန်ကြမ်းကြုတ်တဲ့ စိတ်သဘောထားရှိသူ သူ့ဦးလေးရဲ့အကြောင်းကို သိပြီးသားမို့ ဘုရားတရင်း ခက်ချေတော့မှာပဲလို့ ငေးကြည့်နေမိတယ်၊ သူငယ်မလေးက မျက်လုံးပြူးမျက်ဆံပြူးနဲ့ တုတ်ကိုကိုင်ပြီး သူ့ဆီလာတဲ့စက်ပိုင်ကြီးကို ကြောက်လန့်ဟန်မရှိတဲ့အပြင် ရှေ့ကိုပင်တစ်လှမ်းတိုးပြီး ဦးခေါင်းကိုမော့ကြည့်ကာ အမေက ပိုက်ဆံငါးမူးပေးလိုက်ပါတဲ့ လို့ အသံကုန်ဟစ်ပြီး အော်ပြောလိုက်တယ်"

"အာဂသတ္တိခဲပဲကွ"

"အဲဒီအချိန်မှာ စက်ပိုင်ကြီးဟာ ရင်ဘတ်ကို လက်သီးနဲ့အထိုးခံလိုက်ရသလို မြှောက်ထားတဲ့တုတ်ကို ပြန်ချပြီး ရုတ်တရက်ရပ်တန့်ပြီးကြည့်တော့ တူဖြစ်သူအာမခံ ကိုယ်စားလှယ်လဲ အလွန်အံ့သြပြီး ကြောင်တောင် ငေးကြည့်နေတယ် "

"စိတ် စိတ်ချင်းပြိုင်ပွဲပဲ"

"စက်ပိုင်ကြီးက ရိုက်မယ်လို့ရွယ်ထားတဲ့တုတ်ကောက်ကိုချရင်း ခက်ထန်တဲ့ မျက်နှာထားလဲ တဖြည်းဖြည်း ပျောက်သွားကာ အိတ်ထဲမှာ လက်နှိုက်ပြီး ငါးမူးစေ့ကို သူငယ်မလေးကို ပေးလိုက်တယ်။ သူငယ်မလေးလဲ ငါးမူးစေ့ကို လှမ်းယူပြီး စက်ပိုင်ကြီးကို စေ့စေ့ကြည့်ကာ အခန်းထဲက လှည့်ထွက်သွားသတဲ့"

"..............."

"သူငယ်မထွက်သွားပြီးနောက်တော့ စက်ပိုင်ကြီးဟာ ပြူတင်းပေါက်က အပြင်ကိုငေးကြည့်နေတာ ၁၀မိနစ်လောက်ကြာတယ်၊ စက်ပိုင်ကြီးဟာ ခက်ထန်တဲ့အမူအရာရှိသူတစ်ယောက်ဖြစ်လို့ အလုပ်သမားတွေက အနီးကိုချဉ်းကပ်ဖို့ မ၀ံ့ကြဘူး၊ အလုပ်သမားတစ်ယောက်ရဲ့ ၁၀နှစ်အရွယ်သမီးငယ်က စိတ်ကိုစိတ်ချင်း နှိမ်နှင်းသွားတာကို အံ့ကြတွေးတောနေတာလို့ တူဖြစ်သူက အကဲခတ်မိတယ် "

"စဉ်းစားစရာတွေကတော့ အများကြီးပဲ"

"ကူလီတစ်ယောက်ရဲ့သမီးဖြစ်တဲ့ မိန်းကလေးတစ်ယောက်က ခက်ထန်တင်းမာတဲ့ စိတ်သဘောရှိတဲ့ စက်ပိုင်ကြီးတစ်ယောက်လုံးကို အောင်မြင်ပြီးနှိမ်နှင်းလိုက်တာ ဘာကြောင့်လဲ၊ တင်းမာတဲ့လူကြီးဟာ သူငယ်မလေးရှေ့မှောက်မှာ ဘာကြောင့် ပျော့ပျောင်းသွားပြီး သူငယ်မလေးရဲ့ အလိုကိုလိုက်ရသလဲ၊ သူငယ်မလေးမှာ ဘယ်လိုတန်ခိုးသတ္တိထူးရှိသလဲ ဆိုတဲ့ မေးခွန်းပုစ္ဆာတွေကို တူဝရီးနှစ်ယောက်လုံး မိမိကိုယ်ကို မိမိမေးမြန်းမိကြတယ်"

"အဖြေကဘာလဲ"

"တူဖြစ်သူအသက်အာမခံ ကိုယ်စားလှယ်က အဖြေကိုတွေ့ခဲ့တယ်၊ အဖြေကိုတွေ့တဲ့နေ့ကစပြီး သူဟာ အသက်အာမခံပေါ်လစီတွေကို အတွင်ကျယ်ဆုံး ရောင်းချနိုင်တဲ့ ကိုယ်စားလှယ်တစ်ဦးအဖြစ်ကို ရောက်သွားပြီး သူ့လစဉ်ကြေးကော်မရှင်က ၀န်ထောက် ၁၀ ယောက်ရဲ့လခထက်များတယ်တဲ့"                       

"ငါလဲအဖြေသိချင်တယ်"

"အဖြေသိချင်ရင် စဉ်းစားဉာဏ်ထုတ်ပေါ့ကွာ"

                                                ဖေလင်းသစ်

ဝိတ်လျှော့မလား (အတွေးအမြင်ပုံပြင်)

“မျက်နှာကြီးလဲပြဲ၊ ဗိုက်ကြီးလဲပိုရွှဲလာတယ်"

လန်ဘားကိုကြည့်ပြီး မဲတူက ပြောတယ်။

သူတို့အုပ်စုဟာ ကျမ်းမာရေးအတွက် မနက်တိုင်းလမ်းလျှောက်ကြတယ်။

လမ်းလျှောက်ပြီးရင် လက်ဖက်ရည်ဆိုင်တစ်ဆိုင်မှာ စုထိုင်ပြီး မုန့်စားတယ်။

အားကစားလုပ်တာ နည်းနည်း အစားစားတာ များများမို့ တစ်ဖွဲ့လုံး ၀ဖြိုးပြီး ကိုယ်အလေးချိန်တက်လာနေတယ်။

“ငါလဲ ဘယ်လို ၀ိတ်လျှော့ရမှန်းတောင် မသိတော့ပါဘူး" လို့ လန်ဘားက ပြောတယ်။

“အကောင်းဆုံးဝိတ်လျှော့နည်း ပုံပြင်တစ်ပုဒ်ရှိတယ်ကွ" လို့ဆိုပြီး ရွှီး က ပြောတော့ သူငယ်ချင်းအားလုံးက စိတ်ဝင်တစားနားစွင့်တယ်။

“ မြန်မြန်ပြောစမ်းပါ" လို့ ဘဲဥမ က တောင်းဆိုတယ်။

“အမျိုးသားတစ်ယောက်က အားကစားကုမ္ပဏီတစ်ခုကို ဖုန်းဆက်ပြီး ငါးရက်နဲ့ ၀ိတ် ဆယ်ပေါင်ကျသွားမဲ့အစီအစဉ် ရချင်ပါတယ် ပြောသတဲ့"

“တကယ်လား"

"နောက်နေ့မနက်မှာတော့ သူ့အိမ်တံခါးကို ဖွင့်ပေးလိုက်တော့ ၁၉ နှစ်အရွယ် လုံးကြီးပေါက်လှ အားကစားမယ် အမျိုးသမီးဟာ Nike အပြေးဖိနပ်လေးဝတ်ပြီး ရပ်နေတာကိုတွေ့သတဲ့။ မိန်းကလေးက သူဟာ ၀ိတ်လျှော့ပေးတဲ့အားကစားကုမ္ပဏီကဖြစ်ကြောင်း မိတ်ဆက်ပြီးပြောသတဲ့"

“နာပါ့ကွာ"

“အဲဒီကောင်မလေးပဲ လေးရက်ဆက်တိုက် သူ့ဆီလာပြီး ပြေးတမ်းလိုက်တမ်း ကစားသတဲ့။ ပွဲသာပြီးသွားရော ကျွဲမြီးတို ဟောဟဲလိုက်ပြီး စခမ်းသိမ်းသွားတာချည်းပဲ"

“ညံ့လိုက်တဲ့လူကွာ"

“ငါးရက်နေတော့ ၀ိတ်လျှော့ချင်တဲ့လူက သူ့ဟာသူပေါင်ချိန်ကြည့်တာ ကုမ္ပဏီကအာမခံထားတဲ့အတိုင်း
ဆယ်ပေါင်လောက်ကျသွားလို့ ကျေနပ်သတဲ့"

“တစ်ဖက်မှာတော့ မဆိုးပါဘူး"

“ ဒါနဲ့ ကုမ္ပဏီကို ဖုန်းဆက်ပြီး ငါးရက်နဲ့ ပေါင် ၂၀ ကျမယ့်အစီအစဉ်ပေးပါလို့ သူမှာတယ်တဲ့"

“ စိတ်ဝင်စားစရာဘဲ"

“ နောက်တစ်နေ့မှာတော့ သူ့အိမ်တံခါးခေါက်လို့ ဖွင့်လိုက်တော့ ...

သူ့တစ်သက်တာမှာ တစ်ခါမှမမြင်ဘူးတဲ့ အလှပဂေး အချောအလှ ကောင်မလေးတစ်ယောက် တံခါးဝမှာရပ်လို့ Reebok အပြေးဖိနပ်လေးပဲဝတ်ထားတယ်၊ လည်ပင်းမှာ စာဆွဲထားတာက လွတ်အောင်ပြေးမယ်၊ လိုက်ဖမ်းပါ၊ မိတဲ့အခါ ရှင့်သဘော တဲ့"

“တယ် မိုက်ပါလား"

“အဲဒီလူက သေနတ်ကပစ်လိုက်တဲ့ကျည်ဆန်လို ကောင်မလေးရှိရာကို လှစ်ကနဲ တံခါးဝက ပြေးဆင်းလိုက်တယ်။ ကောင်မလေးရဲ့ ခန္ဓာကိုယ်အချိုးအစားကလည်း သိပ်လှတာပဲ။ အဲဒီလူလဲ သူ့အစွမ်းရှိသလောက်တော့ အစွမ်းကုန်ကြိုးစားတာပဲ။ ဒါပေမဲ့ သူ့ခမျာ ကံမလိုက်ရှာဘူး။ နောက်ထပ် လေးရက်တိတိ ကြိုးစားပေမဲ့လဲ အရာမထင်ဘူး။ တစ်ရက်နဲ့တစ်ရက် သူ ပိုပြီး မြန်မြန်ပေးလာနိုင်ပေမဲ့လဲ ကောင်မလေး ကိုတော့ မမှီဘူး။ ငါးရက်မြောက်တဲ့နေ့မှာတော့ သူဟာ ပေါင် ၂၀ ၀ိတ်ထပ်ကျသွားတာ တွေ့သတဲ့"

“လူချင်းလဲလိုက်ချင်သေးတော့ကွာ"

“ဒီတစ်ခါတော့ အပြတ်ချမယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ သူ က ကုမ္ပဏီကိုဖုန်းဆက်ပြီး ခုနစ်ရက်နဲ့ ပေါင် ၅၀ ကျမဲ့အစီအစဉ် လုပ်ချင်တယ်လို့ ပြောတယ်။ ကုမ္ပဏီက ခင်ဗျားဘက်က သေချာရဲ့လား မေးတယ်။ ဒီအစီအစဉ်က အပြင်းထန်ဆုံးနော် လို့လဲ သတိပေးတယ်။ အဲဒီလူကလဲ စိတ်အားထက်သန်စွာနဲ့ လုံးဝဥဿုံ ယုံလိုက်စမ်းပါဗျာ၊ အခုတလောမှာ ကျွန်တော့ ကျမ်းမာရေး အရမ်းကောင်းလာတယ် ဆိုပြီး ပြန်ပြောတယ်"

“ကျားနဲ့ဆင် လယ်ပြင်မှာ တွေ့မယ်ပေါ့"

“နောက်နေ့မှာတော့ ထုံးစံအတိုင်း တံခါးခေါက်သံကြားရတယ်။ တံခါးဖွင့်ကြည့်လိုက်တော့ ကြွက်သားအဖုအဖုနဲ့ လူ့ဘီလူးအမျိုးသားထွားထွားကြီးတစ်ယောက် တံခါးဝမှာရပ်နေတယ်။ ပန်းရောင်အပြေးဖိနပ်ကို စီးထားတယ်။ သူ့လည်ပင်းမှာ ဆွဲထားတဲ့စာက လွတ်အောင်ပြေးပါ။ ဖမ်းမိရင် မသက်သာတဲ့"

“အမယ်လေး ကြောက်စရာကြီးပါလား"

“အဲဒီ သီတင်းပတ်မှာ သူ ၆၃ ပေါင်တောင်မှ ၀တ်လျော့သွားတယ်တဲ့"

                                                ဖေလင်းသစ်

ခြေကျိုးတဲ့မြင်း (အတွေးအမြင်ပုံပြင်)

ကျွဲမတစ်ယောက်လမ်လျှောက်နေရင်းကျောက်ခဲတစ်လုံးကိုခလုတ်တိုက်မိတယ်။

“ဖွဟဲ့၊လွဲပါစေဖယ်ပါစေ”

“ဘာဖြစ်နေတာလဲ”လို့ကိုကောက်ကမေးတယ်။

“ဒီနေ့ဘာနိမိတ်တွေပြနေသလဲမသိဘူး၊မျက်ခုံးတွေလဲတဆတ်ဆတ်လူပ်နေတယ်”

ကျွဲမကပြန်ဖြေပါတယ်။

“ဥပါဒါန်ကြောင့်ဥပဒ်ရောက်နေဦးမယ်၊အစွဲအလမ်းမထားနဲ့” ဆိုပြီးကိုကောက်ကပြောတယ်။

“ကျွဲမကိုခြေထောက်ကျိုးတာအိပ်မက်မက်တဲ့မြင်းအကြောင်းပုံပြင်ပြောမယ်”လို့ ရွှီးကဆိုတယ်။

အားလုံးကသူ့ပုံပြင်ကို နားစွင့်နေတယ်။

“တစ်ခါကမြင်းတစ်ကောင်အိပ်မက်မက်သတဲ့၊အိပ်မက်ထဲမှာမတော်တဆမူတစ်ခုဖြစ်ပြီး သူ့ခြေတစ်ဖက်ကျိုးသွားတာတဲ့၊အိပ်ရာကနိုးလာချိန်မှာမြင်းဟာသူခြေထောက်နာနေတယ်လို့ထင်နေတာ”

“ကြံကြံဖန်ဖန်ကွာ” “ဘာမှဖြစ်တာတော့မဟုတ်ဘူး၊သူ့အိပ်မက်ကတော့သူ့စိတ်မှာအကြီးအကျယ်လွှမ်းမိုးနေတော့တာ၊ မတ်တပ်ရပ်တဲ့အခါတောင်မှမြင်းကခြေသုံးချောင်းထောက်ပဲရပ်တယ်”
“ကြံကြံဖန်ဖန်ကွာ”
“သူစတုတ္ထခြေထောက်ကိုခပ်ဖွဖွထောက်ပြီးထော့နဲ့ထော့နဲ့လျှောက်သတဲ့၊မြင်းပိုင်ရှင်ကမြင်းကိုအသားကျ ခပ်ရွရွစီးလို့မရဘူး၊စိတ်ထဲမှာဇဝေဇ၀ါနဲ့စိတ်ရူပ်ထွေးလာတာနဲ့တိရစ္ဆာန်ကုဆရာဝန်နဲ့ပြတာပေါ့”
“ဖြစ်ရမယ်လေ”
“ဆရာဝန်ကစစ်ဆေးကြည့်ပြီးနောက်ဒီမြင်းဟာကျန်းမာသန်စွမ်းပါတယ်၊ဘာချွတ်ယွင်းချက်မျှမရှိပါဘူး၊ မကျန်းမာတာ၊ထိခိုက်အနာတရရှိတာမတွေ့ဘူး၊တွေ့ရတာတစ်ခုပဲရှိတယ်၊မြင်းမှာထော့နဲ့ထော့နဲ့
ခြေတစ်ဖက်ရှိနေတယ်၊လမ်းကောင်းကောင်းမလျှောက်ဘူးဖြစ်နိုင်တာကတေ့သူ့ခြေကျိုးတယ်လို့ အိပ်မက်မက်ပုံရတယ်တဲ့”
“ဖြစ်ရမယ်လေ”
“တိရစ္ဆာန်ကုဆရာဝန်ကကျွမ်းကျင်ပညာရှင်တစ်ယောက်ဆိုတော့အစီအစဉ်တစ်ခုဆွဲတယ်၊မြင်းအကောင် ၂၀၀ကိုတာလွှတ်ဖို့လုပ်ပါ၊သေနတ်တွေဖောက်ပြီးမြင်းတွေပြေးတဲ့အခါအဲဒီမြင်းဟာအိပ်မက်ကနိုးပါလိမ့်မယ်လို့ အကြံပေးတယ်”   “တယ် ဟုတ်ပါလား”
“တို့လဲအဲဒီမြင်လိုပဲ၊အတိတ်နမိတ်တွေ၊သူများပြောစကားတွေကိုယုံကြည်စွဲလမ်းပြီး အလုပ်မဖြစ်ဘဲအနှောင့်နှေးနေရတာမျိုး ရှိတတ်တယ်ပေါ့ကွာ”   “မှန်ပါ့ မှန်ပါ့”
                         ဖေလင်းသစ်

လူပျင်း (အတွေး အမြင်ပုံပြင်)

“ဘဲဥမရေနွေးတစ်ပန်ကန်လောက်ငှဲ့ပေးစမ်းပါ”
သူငယ်ချင်းတစ်စုလက်ဖက်ရည်ဆိုင်ထုင်ခိုက်မဲတူးကဘဲဥမကိုခိုင်းတယ်၊ရေနွေးကရားက မဲတူးရှေ့နားတွင်။“မင်းတော်တော်စီးပိုးတဲ့လူ”ကိုကောက်က၀င်ပြောတယ်။
“စီးပိုးတာမဟုတ်ပါဘူး၊ အပျင်းထူတာပါ” မဲတူက သွားဖြီးလေးနဲ့ ပြန်ပြောတယ်။
“ဟန်ကျပြီ၊ ငပျင်းပုံပြင်ပြော စရာရှိတယ်”

ပုံပြင်သမားရွှီးကသူပြောစရာပုံပြင်မေ့နေတာသတိရသွားပုံနဲ့ထအော်တယ်။သူ့အသံနည်းနည်း ကျယ်သွားတော့ဘေးဝိုင်းတွေကတောင်သူတို့ဝိုင်းကိုစောင်းငဲ့ကြည့်ကြတယ်။
“တစ်ခါကလူပျင်းတစ်ယောက်သစ်ပင်အောက်မှာအိပ်နေသတဲ့၊သစ်သီးလေးတစ်လုံးက သူ့ရင်ဘတ်ပေါ်ကိုကြွေကျလာတယ်။ဒါတောင်မှသစ်သီးကိုယူပြီးပါးစပ်ထဲထည့်ဖို့ သူက ပျင်းနေသေးတယ်တဲ့” “ပျင်းလဲပျင်းပါ့ကွာ” “ခဏကြာတော့ဟိုးဝေးဝေးမှာကုလားအုတ်စီးလာတဲ့ လူတစ်ယောက်ကိုလှမ်းမြင်တယ်တဲ့၊ကိုလူပျင်းကလဲကုလားအုတ်သမားရပ်ပါဦးလှမ်းအော်တယ်”
“ဘာလုပ်ခိုင်းမှာလဲ”  “ကုလားအုပ်သမားကတော့ဆင်းရဲသားတစ်ယောက်နာဖျားနေပြီးရေသောက်ချင်ရှာလို့ဒါမှမဟုတ် အကူအညီတစ်ခုခုတောင်းချင်လို့ခေါ်တာပဲဆိုပြီးတွေးတယ်၊ဒါကြောင့်ကုလားအုတ်ကိုရပ်ပြီးအိပ်နေသူရှိရာ လမ်းလျှောက်လာတာပေါ့”
“.........................”
“ဘာလုပ်ပေးရမလဲမေးတော့လဲလျောင်းနေတဲ့လူပျင်းကသစ်သီးဟာ ကျွန်တော့်ရင်ဘတ်ပေါ်ကိုကြွေကျနေပါတယ်၊အကြင်နာတရားရှေ့ထားပြီးကျွန်တော့်ပါးစပ်ထဲ ထည့်ပေးပါလို့ပြောတယ်”
“ဖြစ်မှ ဖြစ်ရလေကွာ”
“ကုလားအုပ်သမားကခွတိုက်ချင်စိတ်ဖြစ်လာတယ်၊ကျုပ်ကကုလားအုတ်ပေါ်ကဆင်းပြီး လယ်ကွင်းတစ်ဝက်ခင်ဗျားဆီလမ်းလျှောက်လာခဲ့ရတယ်၊ခင်းဗျားကျုပ်ကိုလှမ်းခေါ်တာ ဒီကိစ္စတစ်ခုတည်းအတွက်လားမေးတယ်၊ဒေါသထွက်ထွက်နဲ့ပြန်လှည့်ထွက်သွားတယ်”
“ဖြစ်ရမယ်လေ”
“လူပျင်းကတော့လှမ်းအော်ပြောတယ်၊ခင်ဗျားကတော့တကယ့်ငပျင်းပဲ၊ခင်ဗျားလုပ်ပေးရမှာက ကျုပ်ပါးစပ်ထဲသစ်သီးကောက်ထည့်ပေးလိုက်ရုံပဲဟာကို”
“စံပဲကွာ”
“စဉ်းစားသာကြည့်ပေါ့၊လူပျင်းဟာရင်ဘတ်ပေါ်ကသစ်သီးလေးကောက်ယူပြီးပါးစပ်ထဲထည့်ပေးဖို့အတွက် သူများကိုလှမ်းခေါ်တယ်၊တို့ကိုယ်တိုင်ရောပါးစပ်ဝရောက်နေတဲ့သစ်သီးကိုယူမစားဘဲသူများကို
မျှော်နေမိသလား” “စဉ်းစားစရာပဲ”
                                                 ဖေလင်းသစ်

ဘယ်လိုခွဲဝေမလဲ (အတွေးအမြင်ပုံပြင်)

ဘဲဥမကမုန့်တွေလုပ်ယူလာပြီးသူငယ်ချင်းတွေကိုကျွေးတယ်။မုန့်လုံးရေပေါ်အုန်းသီးဆန်ဖြူးထားတာ။ စားရတာအရသာရှိတယ်။မုန့်လုံးရေပေါ်ကိုခက်ရင်းနဲ့ထိုးပြီးစားရတာ။ခက်ရင်းကသုံးချောင်းတည်းမို့ လက်မလည်ဘူး။မဲတူကသူ့လက်ထဲကခက်ရင်းကိုမချဘဲမုန့်လုံးတစ်လုံးပြီးတစ်လုံးပါးစပ်ထဲသွတ်နေတယ်။ "အင်း၊ခက်ရင်းရလိုမှုနဲ့တရားစွဲတောင်းရမဲ့ပုံဖြစ်နေပြီ"လို့ကျွဲမကဟာသဖောက်မှမဲတူ လက်ထဲကခက်ရင်းကိုချတယ်။"အများနဲ့စားသောက်တဲ့နေရာမှာကိုယ့်အတ္တကြီးပူးခနဲမထွက်ဖို့ လိုတယ်ကွ"ဆိုပြီးလန်ဘားကပြောပါတယ်။ရွှီးကတော့သူ့ထုံးစံအတိုင်းပုံပြင်ပြောဖို့ပါးစပ်သုတ်နေပြီ။ “တစ်ခါကပေါ့ကွာ၊ဆရာကဒီမှာကိတ်မုန့်တစ်လုံးရှိတယ်။စားမယ့်သူကအယောက်၂၀ရှိတယ်ဆိုပါစို့။
ဘယ်လိုခွဲဝေကြမှာလဲလို့မေးရင်းလက်ထဲကကိတ်မုန့်ကိုစားပွဲပေါ်ချတယ်။စာသင်ခန်းထဲကကျောင်းသားတွေ
မျက်နှာကိုတစ်ဦးချင်းလိုက်ကြည့်တယ်။ရှေ့ဆုံးတန်းမှာထိုင်နေတဲ့ကျောင်းသားတစ်ယောက်ကအရင်ဆုံး လက်ထောင်လိုက်ပြီးအလယ်ကနေနှစ်ခြမ်းအရင်ခြမ်းမယ်၊ပြီးတော့တစ်ခြမ်းကို၁၀စိတ်စီ အညီအမျှရအောင်စိတ်မယ်လို့ပြောတယ်၊ဆရာကသင်ပုန်းပေါ်ရေးမှတ်လိုက်တယ်"အေးလေ ဘာခက်တာမှတ်လို့""ဆိုလိုချင်တာကတူညီတဲ့အစိတ်၂၀ရအောင်ပိုင်းမယ်ဆိုပါတော့လို့ဆရာကမေးတယ်။
ခပ်၀၀ကျောင်းသားတစ်ယောက်ကတော့ကျွန်တော်ကတော့ဒီလိုမခွဲဘူးလို့ပြောတယ်။သူ့မျက်နှာပေးက ခပ်ပြုံးပြုံး၊သူကပျော်တတ်ပုံရတယ်"" ............ ""ကိုယ်ခန္ဓာအချိုးအစားအလိုက်ခွဲမယ်၊၀တဲ့လူတွေကို အစိတ်ကြီးကြီးပေးမယ်။ပိန်တဲ့လူတွေကိုအစိတ်သေးသေးပေးမယ်ဆိုတော့တစ်တန်းလုံးဝါးခနဲ ရယ်မောလိုက်ကြတယ်၊အတန်းကပိုပြီးအသက်ဝင်လာတယ်တဲ့""ဒီလိုခွဲရင်တော့ကျွဲမကများများစားရမှာပဲ"
"မိန်းကလေးတစ်ယောက်ကဘယ်ဟုတ်မှာလဲဆရာ၊မိန်းကလေးတွေကိုဦးစားပေးတဲ့အနေနဲ့အစိတ်ကြီးကြီး
ပေးရမယ်၊ယောက်ျားလေးတွေကအစိတ်သေးသေးယူရမယ်လို့ခပ်သွက်သွက်ဝင်ပြောတော့အမျိုးသမီးအုပ်စု
ကဟုတ်တယ်၊ဟုတ်တယ်လို့ဝိုင်းအော်ကြတယ်""ဘဲဥမတို့ဝပြီပေါ့"ဟစ်ပ်ဟော့စတိုင်ပေါက်နေတဲ့
ကျောင်းသားတစ်ယောက်ကဟာဒီလိုပြောကြေးဆိုရင်အသက်ပေါ်မူတည်ပြီးခွဲသင့်တာပေါ့၊ အသက်ကြီးတဲ့လူတွေကကိတ်မုန့်ကိုပိုပြီးစားဖူးလို့နည်းနည်းပဲယူသင့်တယ်၊ငယ်တဲ့သူတွေက များများယူရမယ်၊သာမန်အားဖြင့်ဆိုရင်ငယ်တဲ့လူတွေကဘ၀မှာအချိန်ကြာအောင်ဆက်အသက်ရှင်နေ
ရဦးမယ်၊မဟုတ်လား၊သူတို့ကိုဦးစားပေးသင့်တယ်လို့အားကျမခံပြောလိုက်ပြန်တယ်""ဒါလဲဟုတ်သလိုလိုပဲ" "ထိပ်ပြောင်ပြောင်နဲ့ကျောင်းသားတစ်ယောက်ကကပျာကယာကန့်ကွက်လိုက်တာကတော့ - “ဟေ့ဟေ့မောင်ရင်ပြောတာကပြောင်းပြန်တွေဖြစ်နေပြီ၊အသက်ကြီးတဲ့သူတွေကိုအရိုအသေပေးတဲ့အနေနဲ့
ပိုပြီးများများပေးသင့်တာမဟုတ်လားတဲ့၊မျက်မှန်ထူထူတပ်ထားတဲ့ကျောင်းသားတစ်ယောက်က လက်ကိုခါရမ်းလိုက်ပြီးတစ်ခုမှမဟုတ်သေးဘူးထင်တယ်ဆရာ၊ဦးစားပေးတယ်ဆိုရင်လဲဘယ်သူ့ကိုပဲပေးပေး
စားနိုင်မစားနိုင်သိဖို့ကလိုသေးတယ်၊မကြိုက်တဲ့သူကရှိအုံးမယ်။ဘယ်သူစားချင်သလဲ၊ ဘယ်လောက်စားနိုင်သလဲမေးပြီးမှလိုသလိုခွဲပေးတာကောင်းမယ်ထင်ပါတယ်၊နို.မဟုတ်ရင် အလဟဿတွေဖြစ်ကုန်မှာစိုးရတယ်လို့ပြောပြန်တယ်""အဲဒီလိုမေးရင်မဲတူကသူပဲစားချင်တယ်၊ သူတစ်ယောက်တည်းအကုန်စားနိုင်တယ်လို့ပြောပြီးအားလုံးသိမ်းကျုံးစားသွားမှာပဲ""ဆရာကတော့ပြောသမျှ
နည်းလမ်းတွေကိုသင်ပုန်းပေါ်မှာချရေးတယ်၊ဟုတ်လာပြီ၊ဆက်စဉ်းစားကြပါအုံးလို့တပည့်တွေကို တိုက်တွန်းတယ်""စားနည်းသင်ပေးတာလား""အနွေးထည်ထူထူဝတ်ထားပြီးအခန်းထောင့်မှာ ခပ်ကုတ်ကုတ်လေးထိုင်နေတဲ့ကျောင်းသားတစ်ယောက်ကလက်ထောင်လိုက်ပြီးကျွန်တော်စဉ်းစားမိတာ
ပြောပါရစေလို့ခွင့်တောင်းတယ်။သူစကားပြောရင်တုံ့နှေးနှေးနိုင်လှတယ်၊သူ့ဆီကစကားသံထွက်လာဖို့ အချိန်နည်းနည်းစောင့်ရတယ်"" ........... ""ကိတ်မုန့်မှာသစ်သီးအချို့လဲပါနေတယ်၊လှီးလိုက်တဲ့အခါ အစိတ်တိုင်းမှာသစ်သီးပါမှာမဟုတ်ဘူး၊နောက်တစ်ခုကပဲ့တာရွဲ့တာတွေလဲဖြစ်နိုင်တယ်၊စားချင်သူစားနိုင်တိုင်း
လိုသလိုခွဲပေးရင်မျှတဖို့ခက်တယ်ဆရာ၊ကျွန်တော်ကတော့လုပ်အားစိုက်ထုတ်တဲ့အပေါ်မူတည်ပြီး ခွဲချင်ပါတယ်တဲ့၊ဆရာကဟုတ်ပြီ၊ဒီတော့ဆိုပြီးစကားထောက်ပေးတယ်၊ဒီကိတ်မုန့်ကိုသယ်လာရတဲ့သူ၊ ခွဲဝေပေးဖို့ဓားနဲ့လှီးပေးတဲ့လူ၊ပြီးတော့စားဖို့ပန်းကန်တွေဆေးကြောပေးရတဲ့လူ၊စားသောက်ပြီးရင် သန့်ရှင်းရေးအမှိုက်ပစ်ပေးလုပ်တဲ့လူစတဲ့လူတွေဟာကိတ်မုန့်ခွဲဝေတဲ့ကိစ္စမှာကမကထလုပ်ပြီး လုပ်အားစိုက်လို့သူတို့လိုချင်တဲ့အပိုင်းကိုအရင်ရွေးခွင့်ပေးသင့်ပါတယ်ဆရာလို့ ဆက်ပြောတယ်" "လုပ်အားနဲ့ခွဲရင်တော့မဲတူတို့ဘိတ်ဆုံးဖြစ်မယ်""တစ်ချိန်လုံးငြိမ်နေခဲ့တဲ့ဆံပင်ရှည်ရှည်ကျောင်းသား
တစ်ယောက်ကဟာဒါဆိုရင်ရှေ့လူတွေအကြိုက်ဆုံးအကောင်းဆုံးတွေယူသွားပြီးအခြားလူတွေအတွက် မကျန်ရင်ဘယ်လိုလုပ်မှာလဲလို့ထအော်တယ်။ဆရာကတော့ခေါင်းတဆတ်ဆတ်ညိတ်ရင်း ချရေးလိုက်ပြန်တယ်""တော်တော်စဉ်းစားသင့်တာပဲ""ဆရာကဒီလောက်ဆိုရင်စဉ်းစားကြတာ လုံလုံလောက်လောက်ရှိပါပြီ၊အားလုံးပြောထားတာတွေခြုံကြည့်လိုက်ရင်ဒီလိုမှတ်ချက်ချရမယ်၊ ပထမဆုံးပြောရမှာတော့ကိတ်မုန့်တစ်လုံးခွဲဝေရတာထင်သလောက်မလွယ်ဘူး""ဟုတ်တယ်" "ဆရာပြောတော့ကျောင်းသားတွေဝါးခနဲရီကြတယ်၊အညီအမျှဖြစ်ခြင်းနဲ့မျှတခြင်းဆိုတာမတူဘူး၊ မတူညီတဲ့အခြေခံတွေပေါ်ကိုအညီအမျှသွားလုပ်လိုက်လို့မမျှမတဖြစ်သွားတာတွေရှိတတ်တယ်၊ မျှတဖို့အတွက်ညီညီမျှမျှမဟုတ်ဘဲခွဲဝေရတာတွေလဲရှိတယ်၊ဦးစားပေးသင့်တာတွေကို ထည့်တွက်ဖို့လိုသလိုလုပ်အားစိုက်ထုတ်မှုကိုလဲထည့်တွက်ရမယ်၊အလေအလွင့်မရှိအောင်လဲ တွက်ချက်ရမယ်၊အဲဒီလိုမျှတအောင်လုပ်ရမဲ့စဉ်းစားပုံတွေကဒီအတိုင်းညီညီမျှမျှအပိုင်းချလိုက်တဲ့နည်းထက်
ပိုရှုတ်ထွေးတယ်၊ခွဲဝေပုံတွေစဉ်းစားတဲ့အခါကိုယ့်အကျိုးစီးပွားနဲ့လဲယှဉ်တွဲနေတတ်တယ်၊ အလွဲသုံးစားမလုပ်စေဖို့လဲလိုတယ်။ဒါကြောင့်အများသူငါရှေ့မှာရှင်းရှင်းလင်းလင်းဖြစ်ဖို့နဲ့
ထောက်ပြခွင့်ရှိဖို့လဲလိုမယ်။နောက်ထပ်ဘာတွေရှိဦးမှာလဲဆက်စဉ်းစားကြတာပေါ့။ဒီနေ့တော့ ဒါလောက်ပါပဲ၊ဆရာဝယ်လာတဲ့ကိတ်မုန့်ကိုလက်တွေ့တကယ်စားကြဦးလို့ဆရာကရယ်သံစွက်ကာပြောရင်း
ဓားတစ်ချောင်းကိုကိတ်မုန့်ဘေးမှာချပေးတယ်၊ကဲတရားအမျှတဆုံးဖြစ်အောင်ခွဲပြီးစားကြပေတော့၊ ဆရာဖို့လဲတစ်စိတ်ချန်ထားဦးနော်ဆိုတော့ကျောင်းသားတွေပျော်ရွှင်ရယ်မောကြသတဲ့"
ကျောင်းသားဘ၀အတွေ.အကြုံကိုဆင့်ပွားခံစားတင်ပြပေးလိုက်တဲ့ ပန်ဒိုရာကိုကျေးဇူးတင်ပါတယ်
                                                  ဖေလင်းသစ် 

စဉ်းစားပေမဲ့ (အတွေးအမြင်ပုံပြင်)

“ဘာမဆိုစဉ်းစဉ်းစားစားလုပ်တာကောင်းတယ်ဟ”
မဲတူးကကျွဲမကိုလက်ချာရိုက်နေတယ်၊ကျွဲမကပြုံးပြီးခေါင်းညိတ်တယ်။
“ကျွဲမစဉ်းစားတာများလို့တူနှစ်ကိုယ်မနီးနိုင်သေးဘဲဖြစ်နေတာ”ကိုကောက်ကပြောတယ်။

“ဘာမဆိုစဉ်းစဉ်းစားစားလုပ်တာကောင်ပါတယ်”ဆိုပြီးမဲတူးကထပ်ပြောတယ်။
“စဉ်းစားတာတော့ဟုတ်ပါရဲ့၊စဉ်းစားပုံစဉ်းစားနည်းကရှိသေးတယ်”လို့ ရွှီးကပြောတော့“မင်းစကားက အဆန်းပါလား”ဆိုပြီးကိုအောင်ကပြောပါတယ်။ရွှီးက“စဉ်းစားပြီးမှလုပ်တဲ့ပုံပြင်ရှိတယ်”ဆိုတော့ဘဲဥမက “ပြောစမ်းပါဦး”လို့ပွဲတောင်းတယ်။

“တစ်ခါကရွာတစ်ရွာမှာမိုတီပတေးဆိုတဲ့လူတစ်ယောက်ရှိတယ်၊သူကမနက်၆း၀၀နာရီဆိုအိပ်ရာထတယ်၊ အိမ်ဝင်းရှေ့ပိုင်းကကျောက်တုံးပေါ်မှာထိုင်ပြီးတံပူနဲ့သွားတိုက်တယ်”

“..........................”

“မနက်တိုင်းအဲဒီအချိန်မှာပဲနွားမတစ်ကောင်ကလဲအဲဒီကျောက်တုံးအနီးမှာလာဝပ်ပြီးစားမြုံ့ပြန်နေတာတဲ့၊

နွားမရဲ့ဦးချိုတွေက၀န်းဝိုင်းလှပသတဲ့”

“........................”

“ပတေးကနွားမရဲ့ဝန်းဝိုင်းတဲ့ဦးချိုတွေကိုကြည့်ပြီးငါ့ခေါင်းဟာချိုနှစ်ချောင်းကြားမှာ အံကျပဲလို့နေ့စဉ်နေ့တိုင်းစဉ်းစားသတဲ့၊တစ်နေ့နေ့တော့ချိုကြားမှာခေါင်းထည့်ကြည့်ဦးမယ်လို့ သူ့ကိုယ်သူကတိပေးတာနေ့စဉ်ပါပဲ”

“မစဉ်းမစားနဲ့လုပ်တော့မယ်”
“ဒီလိုနဲ့ ခြောက်လလောက်ကြာသွားတယ်၊တစ်နေ့မှာတော့ပတေးကဆုံးဖြတ်ချက်ချတယ်၊ဒီနေ့တော့ဖြင့် လှပတဲ့ဦးချိုနှစ်ချောင်းကြားမှာငါ့ခေါင်းကိုအသေအချပဲထည့်မယ်တဲ့”
“ကြံကြံဖန်ဖန်ကွာ”
“မျက်နှာသစ်၊သွားတံပူတိုက်၊သန့်ရှင်းရေးလုပ်ပြီးတာနဲ့ပတေးထိုင်ရာကထပြီးနွားမဆီလမ်းလျှောက် သွားတယ်၊သူ့ခေါင်းကိုချိုနှစ်ချာင်းကြားထဲသွက်ကြည့်တယ်၊တကယ့်ကိုအံကျပဲ၊ ဒါပေမဲ့ ...”
 “...........................”

“ဒါပေမဲ့နွားမကလန့်ပြီးထခုန်တယ်၊ပြီးတော့ပြေးပါလေရော၊ပတေးလဲတန်းလန်းကြီးပါသွားတယ်”
“ဟား ဟား ဟား ဟား”
“ပတေးကကယ်တော်မူပါ၊ကယ်တော်မူပါ၊ကယ်တော်မူပါ၊အသံကုန်ခြစ်အော်တာပေါ့၊ရွာသားတွေလဲနွား မကိုဝိုင်းဖမ်းပြီးပတေးရဲ့ ခေါင်းကိုချိုကြားကဆွဲထုတ်ပေးရတယ်”
“တော်သေးတာပေါ့”
“ရွာသားတွေကပတေးကိုဝိုင်းပြီးအပြစ်တင်ကြိမ်းမောင်းကြတာပေါ့၊ပတေး၊ဒါမလုပ်ခင် မင်းမစဉ်းစားဘူးလားလို့လဲမေးတယ်”
“ဟုတ်တာပေါ့”
“ပတေးကလဲခြောက်လလောက်အကြိမ်ကြိမ်အဖန်ဖန်စဉ်းစားပြီးမှနွားချိုထဲကို ငါ့ခေါင်းထည့်တာလို့ပြန်ဖြေတယ်၊ပတေးရဲ့လက်တွေ၊ခြေတွေကျိုးသွားလို့နှစ်လလောက်အိပ်ရာထဲ
လှဲနေရသတဲ့”“ခြောက်လလောက်တော့စဉ်းစားပါရဲ့၊စဉ်းစားတာကိုကအမှားလုပ်ဖို့ပဲစဉ်းစားတာကိုး၊ စဉ်းစားတယ်ဆိုရာမှာဝေဖန်သုံးသပ်ပြီးကောင်းတာဖြစ်ဖို့ဦးတည်ရမှာ၊ဒါမှကိုယ်ဖြစ်ချင်တာ တကယ်ဖြစ်မှာပေါ့နော်”
“ဟုတ်ပါ့ ဟုတ်ပါ့”
                                               ဖေလင်းသစ်

Tuesday, February 5, 2013

ဂဝေသီဆရာကြီးနှင့် တပည့်ငါးရာ...

ကဿပမြတ်စွာဘုရားရှင် လက်ထက်တော်အခါက ဂဝေသီအမည်ရှိသော ဆရာကြီးတဦး ရှိသည်။ ထိုဂဝေသီဆရာကြီးတွင် တပည့်ငါးရာ ရှိလေသည်။ ဂဝေသီဆရာကြီးသည် ကဿပမြတ်စွာဘုရားကို ကြည်ညိုသဖြင့် ဘုရားရှင်ထံ၌ ဥပါသကာအဖြစ် ခံယူသည်။ မိမိ၏တပည့် ငါးရာတို့ကိုလည်း ဥပါသကာအဖြစ် ခံယူစေသည်။

ထိုတွင် ဆရာကြီးသည် ဤသို့အကြံဖြစ်၏။ ငါသည် တပည့်ငါးရာတို့၏ ဆရာဖြစ်သည်။ ငါသည်လည်း ဥပါသကာဖြစ်သည်။ တပည့်တို့သည်လည်း ဥပါသကာဖြစ်သည်။ ငါ့တွင်လည်း သီလစောင့်ထိန်းမှု မရှိသေး။ တပည့်တို့တွင်လည်း သီလစောင့်ထိန်းမှု မရှိကြသေးပေ။ ငါနှင့် ငါ့တပည့်တို့သည် အတူတူပင် ဖြစ်နေသည်။ ထို့ကြောင့် ငါသည် ယနေ့မှစ၍ တပည့်တို့ထက် လွန်ကဲ၍ ကျင့်မည်။

ထိုသို့ကြံစည်ကာ ဆရာကြီးသည် တပည့်တို့အား အသင်တို့-ငါသည် ယနေ့မှစ၍ ငါးပါးသီလကို ကောင်းစွာစောင့်ထိန်းတော့မည်-ဟုပြောဆိုကာ ထိုနေ့မှစ၍ ငါးပါးသီလကို ခါးဝတ်ကဲ့သို့ မြဲမြံစွာ စောင့်ထိန်းလေသည်။
ထိုတွင် တပည့်ငါးရာတို့ကလည်း ငါတို့၏ ဆရာကြီးသည် ငါတို့အပေါ်၌ ကျေးဇူးကြီးလှသည်။ ဆရာကြီး၏ ကျေးဇူးကြောင့် ငါတို့သည် ဥပါသကာအဖြစ်ကို ရရှိကြသည်။ ထိုကျေးဇူးကြီးလှသော ဆရာကြီးသည် ငါးပါးသီလကို စောင့်ထိန်းလျှင် ငါတို့သည်လည်း အဘယ်ကြောင့် မစောင့်ထိန်းဘဲ နေရအံ့နည်း။ ယနေ့မှစ၍ ငါတို့သည်လည်း ငါးပါးသီလကို စောင့်ထိန်းကြမည်-ဟုဆိုကာ တပည့်ငါးရာလုံးပင် ငါးပါးသီလကို စောင့်ထိန်းကြလေသည်။

တပည့်ငါးရာတို့ ငါးပါးသီလကို လုံခြုံစွာ စောင့်ထိန်းလာကြသောအခါ ဆရာကြီးသည် တပည့်တို့အား ဤသို့ဆိုပြန်၏။ အသင်တို့-ငါ့ကို ယနေ့မှစ၍ မြတ်သောအကျင့်ကို ကျင့်သူဟု မှတ်ယူကြပါလော့။ ထိုသို့ဆိုပြီး ထိုနေ့မှစ၍ ယုတ်ညံ့သော မေထုန်အမှုကို မပြုကျင့်တော့ပဲ ရှောင်ကြဉ်လိုက်လေသည်။
တပည့်ငါးရာတို့သည်လည်း ဆရာကြီးကဲ့သို့ပင် ထိုနေ့မှစ၍ မေထုန်မှီဝဲခြင်းကို မပြုကြတော့ဘဲ ရှောင်ကြဉ်လိုက်ကြပြန်သည်။

ထိုတွင် ဆရာကြီးသည် တပည့်တို့ထက် လွန်ကဲ၍ နေလွဲညစာစားခြင်းကို ရှောင်ကြဉ်လိုက်ပြန်သည်။ တပည့်တို့လည်း လိုက်၍ နေ့လွဲညစာစားခြင်းကို ရှောင်ကြဉ်ကြလေသည်။
ထိုအခါ ဆရာကြီးသည် တဆင့်တက်ကာ ဘုရားရှင်ထံ ချဉ်းကပ်၍ ဘုရားရှင်အထံတော်၌ ရဟန်းအဖြစ် ခံယူလိုက်လေသည်။ ရဟန်းဖြစ်ပြီးနောက် ၀ိပဿနာတရားကို ကြိုးစားအားထုတ်ရာ ရဟန္တာအဖြစ်သို့ ဆိုက်ရောက်သွားလေသည်။

တပည့်ငါးရာတို့သည်လည်း ဆရာကြီးနည်းတူ ဘုရားရှင်ထံ၌ ရဟန်းပြုကြပြီး ကြိုးစား၍ တရားရှုမှတ်ကြရာ အားလုံးပင် ရဟန္တာဖြစ်သွားကြလေသည်။
                                                     အကိုး။ ။ အင်္ဂုတ္တိုရ်ပါဠိတော် ( မြတ်မင်္ဂလာ ၂၀၀၂-မတ်လ )

ကိုယ်သန့်သူနှင့် စိတ်သန့်သူ...

တခါက အထက်အညာ မြို့ကလေးတမြို့တွင် အလွန်ဇီဇာကြောင်သော လူတဦးရှိသည်။ သူသည် အစားအသောက်စားရာ၌ သူတပါးနှင့် ဇွန်းပန်ကန် ခွက်ယောက်ချင်း ရောနှောပေါင်းစပ် မစားနိုင်ပါ။ ထို့ကြောင့် အများနှင့် ၀ိုင်းဖွဲ့ပြီး ဘယ်တော့မှ မစားပါ။ မလွှဲမရှောင်သာ၍ စားရလျှင် ထမင်းနှင့် ဟင်းများကို ပထမဦးစွာ အပြီးနှိုက်ယူထားလိုက်သည်။ သူတပါး နှိုက်ပြီးသား ထမင်းဟင်းကိုမူ နောက်ထပ် မနိုက်တော့ပါ။ ရှေးက လက်ရည်တပြင်တည်း စားကြပုံကို ပြောပြလျှင် အော့ကြီး အန်ကြီးဖြစ်၍ ရှောင်သွားတတ်သည်။

တခုသောနွေဦးပေါက်တွင် သူသည် မသွားဖူးသော ခရီးတခုကို သွားရသည်။ သူနှင့် ခရီးသွားမည့်အဖော်များ ရောက်ချိန်တန်လျက် ရောက်မလာသောကြောင့် တဦးတည်းထွက်ခွါလာခဲ့သည်။ သူသည် လမ်းခရီး အခြေအနေကို မသိသောကြောင့် ထမင်းကို အ၀စားခဲ့သည်။ အထုပ်ဖြင့်လည်း ထုပ်ယူလာခဲ့သည်။ ရေကိုလည်း ဘူးတောင်းနှင့် အပြည့်ထည့်ခဲ့သည်။ သို့သော် လမ်းမှာ အရိပ်အာဝါသနည်းသည့်အပြင် ရာသီဥတုကလည်း အလွန်ပူပြင်းလှသောကြောင့် ရေခဏခဏ သောက်ရသည်။ မကြာမီ ရေကုန်သွားလေသည်။

နေမွန်းတိမ်းသောအခါ ပို၍ ပူလာပြီး ချွေးကပိုထွက်လာသည်။ ရေအလွန်ဆာလာသည်။ နောက် ခရီးတတိုင် အတွင်း ရေမတွေ့လျှင် သေရချည်ရဲ့ဟုပင် ညည်းမိလေသည်။ သို့သော် ခရီးတတိုင် မသွားရပါ။ ကုန်းကလေး တခုကို ကျော်လိုက်လျှင် ဆီးပင်ကလေးများနှင့် ဇရပ်အိုတခုကို တွေ့ရသည်။ ဇရပ်၏ ရှေ့မျက်နှာစာတွင်လည်း ရေအိုးစင်ကလေးတခု ရှိ၏။ သူသည် အလွန်ဝမ်းသာသွားသည်။ ဇရပ်သို့ အပြေးတပိုင်းသွားပြီး ရေအိုးကို ဖွင့်ကြည့်လိုက်သည်။ ရေမှာ တ၀က်ကျော်ကျော် ရှိနေသည်။ တယ်ကံကောင်းပါလား-ဟု တကိုယ်တည်း ပြောပြီး ချိတ်ထားသော အိုးမှုတ်ခွက်ဖြင့် ရေတခွက် ခပ်လိုက်သည်။ သို့သော် ချက်ချင်းမသောက်ဘဲ စဉ်းစားနေလိုက် သေးသည်။

ဤရေမှုတ်သည် သူတကာ သောက်သုံးသော ရေမှုတ်ဖြစ်သည်။ ဘယ်လက်ဖြင့်ကိုင်သူက ညာနှုတ်ခမ်းမှ သောက်မည်။ ညာလက်ဖြင့်ကိုင်သူက ဘယ်နှုတ်ခမ်းဖြင့်သောက်မည်-စသည်ဖြင့် တောင်တောင်အီအီ တွေးတောစဉ်းစားသည်။ ထို့နောက် ဤဘက်ကတော့ မည်သူမှ သောက်မည်မဟုတ်-ဟု ယူဆကာ ရေမှုတ်ကို လက်ကိုင်တပ်ရာဘက်မှ သောက်ချလိုက်သည်။ ဤသို့ ရေနှစ်မှုတ် သုံးမှုတ်လောက် သောက်ပြီးမှ ကျေနပ်စွာဖြင့် ဇရပ်ပေါ် တက်နားလိုက်သည်။

သူရေသောက်နေစဉ် သူ့လှုပ်ရှားမှုကို စိုက်၍ကြည့်နေသော မျက်လုံးတစုံကိုမူ သူသတိမထားမိလိုက်ချေ။ ဇရပ်ပေါ်ထိုင်ပြီး ဟိုဟိုသည်သည် မျက်လုံးကစားလိုက်မှ မလှမ်းမကမ်း ဆီးပင်အောင်တွင် ထိုင်နေသော အနာကြီးရောဂါသည်တယောက်ကို မြင်လိုက်ရသည်။ ထိုလူမှာ ရောဂါကြောင့် ခြေ၊ လက်၊ နှာခေါင်းများပင် မပီပြင်တော့။ ဦးခေါင်းပတ်ပတ်လည် ဦးထုပ်ဆောင်းသည့် တ၀ိုက်တွင် အရေဖတ်များက လန်နေသေးသည်။ နဖူးနှင့် နှာခေါင်းကလည်း ချွေးတွေလား၊ ဘာတွေလဲ မသိ။ အဆက်မပြတ် စီးကျနေသဖြင့် ပုဆိုးဖြင့် ငုံ့ငုံ့ သုတ်နေရသည်။

ထိုရောဂါသည်သည် မျက်နှာကို ပုဆိုးဖြင့် တချက် ငုံ့သုတ်လိုက်ပြီး ဇရပ်ပေါ်က လူကို လှမ်းမေးလိုက်သည်။ ဒီမှာ ဇရပ်ပေါ်က လူကြီး ကျွန်တော်တခုလောက် မေးပါရစေ။ ထိုအခါ ဇရပ်ပေါ်ကလူက ရောဂါသည်ကြီး သူ့အနား လာမည်စိုး၍ ပျာပျာသလဲဖြင့် ပြောပါ ပြောပါ ကြားပါတယ်-ဟုဆိုသည်။
လူကြီးမင်း-စောစောက ရေသောက်တာ ရေမှုတ်လက်ကိုင်ဘက်က ဘာဖြစ်လို့ ကတ်သီးကတ်သတ် သောက်ရ တာပါလဲ ခင်ဗျား-ဟု ရောဂါသည်က မေး၏။

သြော်-ဒါလား ကျုပ်က ဘယ်အရာမဆို သန့်မှကြိုက်တာဗျ။ သူတကာ သောက်တဲ့ ခွက်နှုတ်ခမ်းကနေပြီး ကျုပ်ရေမသောက်နိုင်ဘူးလေ-ဟု ဆိုလျှင် ရောဂါသည်က သက်ပြင်းတချက်ချလိုက်သည်။ ကျွန်တော်
စိတ်မကောင်းပါဘူး၊ လူကြီးမင်းခင်ဗျား၊ ကျွန်တော်ဟာ အတိတ်ဘ၀က သူများအပေါ် မာန်မာနကြီး တခွဲသားနဲ့ မတူမတန် ဆက်ဆံခဲ့မိလို့ ထင်ပါရဲ့၊ အခု ဒီဘ၀မှာ အနာကြီးရောဂါသည် လာဖြစ်ရပါတယ်။ အဲဒီဝဋ်ကြွေးတွေကို ဒီဘ၀ ဒီမျှသာ ရှိစေတော့ဆိုပြီး လူမှန်းသိစအရွယ်ကတည်းက ငါးပါးပဉ္စသီ မြဲခဲ့ပါတယ်။ ဘယ်သူ့အပေါ်ပဲဖြစ်ဖြစ် စိတ်ကောင်းထားပါတယ်။ ကျွန်တော့ကို တိရစ္ဆာန်တကောင်လို ဆက်ဆံကြိမ်းမောင်းကြရင်တောင် ဘယ်လိုမှ စိတ်မရှိပါဘူး။ သူတို့နေရာမှာ ငါသာဆိုရင်လဲ ဒီလိုနေမှာပဲလို့ ကိုယ်ချင်းစာပြီး အများစိတ်အနှောက်အယှက် မဖြစ်အောင် သတိထား နေထိုင်ခဲ့ပါတယ်။ အခု အများအသုံးပြုတဲ့ ဇရပ်ပေါ်မှာတောင် တက်မနားဘဲ သစ်ပင်အောက်မှာ နေတာကိုသာ ကြည့်ပါ။

နောက်ပြီး မလွဲမရှောင်သာလို့ အများသောက်တဲ့ သောက်ရေအိုးမှာ ရေသောက်ရရင်လဲ အများကို ကိုယ်ချင်းစာပြီး အများသောက်တဲ့ခွက်ရဲ့ ဘယ်-ညာ နှုတ်ခမ်းတွေက မသောက်ပါဘူး။ ဘယ်သူမှမသောက်တဲ့ လက်ကိုင်ဘက်ကသာ ကတ်သီးကတ်သတ် သောက်ခဲ့ပါတယ်။ အခုတော့ လူကြီးမင်းကလဲ ကျွန်တော့လိုပဲ ကတ်သီးကတ်သတ် လက်ကိုင်ဘက်က သောက်တယ်ဆိုတော့ စိတ်မကောင်းဖြစ်လို့မေးမိတာပါ-ဟု နှာတရှုတ်ရှုတ်နှင့်ပြောသည်။ ဤတွင် ဇရပ်ပေါ်မှ လူဇီဇာကြောင်ကြီးမှာ မည်သို့မျှ အောင့်အည်းနိုင်စွမ်း မရှိတော့ပေ။ သောက်ပြီးသော ရေများသာမက စားပြီးသား အစာများပါ အကုန် အန်ချလေတော့သည်။

နောက် ငါးနှစ်မျှကြာသောအခါ အထက်ဖော်ပြပါ ဇရပ်အိုနေရာတွင် သစ်လွင်လှပသော ဆင်ဝင်စမုတ်နှင့် ဘုံအဆင့်ပါရှိသော ဇရပ်ကြီးတဆောင် မျက်လှည့်ပြလိုက်သလို ပေါ်ပေါက်လာသည်။ ထိုဇရပ်ကြီးသည် ကြီးကျယ်ခမ်းနားရုံမက ဆင်ဝင်စမုတ်၏ တဖက်တချက်တွင်လည်း သောက်ချင့်စဖွယ် ရေအိုးသုံးလုံးစီ ရှိသော ရေအိုးစင် လှလှကလေးများက နေရာယူထားသေးသည်။ ထို့ပြင် ဇရပ်၏တောင်ဘက် မလှမ်းမကမ်းတွင်လည်း ရေတွင်းကြီးတတွင်းက ရေငင်မောင်းတံနှင့် ပုံးနှင့် အသင့်ရှိနေပြန်သည်။ သောက်သုံးရုံမက ချိုး၍ပင် မကုန်နိုင်ချေ။

ထို့ကြောင့် အနှီဇရပ်ကြီးသည် ခရီးသွားတို့အတွက် အလွန်တရာ ကျေးဇူးများလှသော နားခိုစရာစခန်းကြီးတခု ဖြစ်နေပေသည်။ ထိုဇရပ်၌ နားခို၍ ခရီးဆက်ကြရသော လူအပေါင်းတို့သည် ဇရပ်တကာကောင်းမှုရှင်ကြီးကို မှန်းမျှော်၍ မေတ္တာပို့သကာ သာဓုအကြိမ်ကြိမ် ခေါ်သွားကြကုန်၏။

အများမြင်လောက်ရာ ဇရပ်တနေရာတွင် ရေးထိုးထားသော ကောင်းမှုရှင်အမည် ကမ္ပည်းစာတန်းကလည်း ထူးခြားလှသည်။ အညတြ လူသူတော်ကြီးကို ရည်စူး၍ ------မြို့နေ ဦးသန့်စင်+ဒေါ်မယ်အိုတို့၏ ကောင်းမှု-ဟူ၏။
ဦးသန့်စင်-ဟူသည်မှာ ဦးဇီဇာကြောင်ကြီးပင် ဖြစ်သတည်း။ သူသည် အနာကြီးရောဂါသည်၏ ပညာပေးခြင်းကို ခံလိုက်ရသည့်နေ့ကစပြီး အမြင်မှန် ရသွားသည်။ နောင်တတရားလည်း ရသွားသည်။ သူ၏ အများအပေါ် ရွံရှာတတ်သော ဇီဇာကြောင်မှု စိတ်ဆိုးကြီးကို အများနှင့် အဖန်တလဲလဲ ရောနှောစားသောက်ခြင်းအားဖြင့် နှိမ်နင်းပစ်လိုက်သည်။ ကြာလာသောအခါ ရွံရှာတတ်သောစိတ် အလျဉ်းမရှိတော့ရုံမက လူငယ်များနဲ့အတူ လက်ရည်တပြင်တည်းပင် စားပြလိုက်သေးသည်။ ဤသို့ နေ့ချင်း ညချင်း ပြောင်းလဲသွားသော သူ့ကို မြို့နေလူထုများက များစွာ အံ့သြကြလေသည်။ တကယ်တမ်းတွင် သူသည် ဇီဇာကြောင်တတ်သည်ကလွဲ၍ စိတ်ရင်းသဘော ဖြူစင်ကောင်းမွန်သူ ဖြစ်သောကြောင့် မကြာမီ အများ၏ ချစ်ခင်လေးစားမှုကို ခံရသည်။ မိတ်ဆွေရင်းချာများ ပေါများလာသည်။ စီးပွားမှာလည်း ဒီရေအလား တိုးတက်လာလေသည်။

ယခင်က သူသည် အလွန်ဇီဇာကြောင်သူဖြစ်သောကြောင့် အသက်လေးဆယ်ကျော်သည်အထိ အိမ်သူသက်ထားမရှိခဲ့ပေ။ အကျင့်ဆိုးကြီးကို ပြုပြင်လိုက်သည်မှစ၍ မြို့မေတ္တာကို ခံယူရရှိရုံမက ကွမ်းတောင်ကိုင် အချောအလှ မယ်အိ၏ မေတ္တာတုံ့ပြန်မှုကိုပါ ရရှိခဲ့လေသည်။ ဤကဲ့သို့ သူသည် ခြောက်ကပ်အထီးကျန်လှသော ဘ၀မှ စိုပြည်ချမ်းမြေ့ဖွယ် ကောင်းလှသော ဘ၀သို့ ရောက်ရှိခဲ့ပုံကို တွေ့မိလေတိုင်း သူ့ကို ပညာသားပါပါဖြင့် ဆုံးမပေးခဲ့သော ရောဂါသည်ကြီးကို သွား၍ သတိရမိလေသည်။ ထိုေ့ကြာင့် ကတညုတ-ကတဝေဒီ မင်္ဂလာတရားနှင့်အညီ ထိုကျေးဇူးရှင်ကြီး၏ ကျေးဇူးတရားကို အောက်မေ့သောအားဖြင့် သူနှင့်တွေ့ဆုံခဲ့ရာ ဇရပ်အိုကြီးနေရာတွင် ဇရပ်နှင့် ရေတွင်းများကို ဆောက်လုပ် လှူဒါန်းခဲ့ခြင်း ဖြစ်သည်။

ထိုဇရပ်ကို လူသူတော်ဇရပ်ကြီးဟု အများက ခေါ်ကြလေသည်။ နောင်သော် လူသူတော်မှ မည်သို့မည်ပုံ ပြောင်းလဲသွားသည်မသိ။ ဖိုးသူတော်ဇရပ်ဟု ခေါ်ကြပြန်သည်။ ၄င်းဇရပ်အနီးမှ တောင်ကုန်းကိုကား ဇရပ်ကုန်းဟု ခေါ်ကြကုန်၏။ နောင်နှစ်ပေါင်း အတော်ကြာလာသောအခါ ဇရပ်ကြီးမရှိတော့ဘဲ ရေတွင်းကို ဗဟိုပြု၍ လူနေအိမ်ခြေများ ပေါ်ပေါက်လာလေသည်။ ထိုရွာ၏ အမည်သည်လည်း ဇရပ်ကုန်းရွာဟု တွင်လေသတည်း။

ထိုဇရပ်ကုန်းရွာ၏ အနောက်စူးစူး ကုန်းစောင်းကလေးတွင် အဝေးမှမြင်နိုင်သော ကျောက်ပုံစုစုကလေးမှာ ရှေ့ယခင်ကစ၍ ယနေ့တိုင်အောင် ရှိနေပါသေးသည်။ ထိုကျောက်ပုံကလေး၏ အောက်တည့်တည့်တွင် ကျေးဇူးရှင် လူသူတော်ကြီး ထာဝရအိပ်စက်အနားယူလျက် ရှိသည်ကို ဦးသန့်စင် သိမသွားပါချေ။

ထို့ထက်ပို၍ ဆိုရပါလျှင် ဦးသန့်စင်နှင့် တွေ့ဆုံခဲ့သော ထိုအချိန်က လူသူတော်ကြီးသည် သောက်ရေအိုးထဲမှ ရေကို သူ့ခွက်ထဲသို့ ထည့်ပေးပါရန် တောင်းပန်၍ ရမည့်သူကို မျှော်နေခဲ့ပါသည်။ ထိုစဉ် ဦးသန့်စင် ရောက်လာ၍ ရေသောက်ပုံကို မြင်ရသောအခါ ရေတောင်းရန် အစီအစဉ်ကို ဖျက်ပြီး ရေသောက်ပြီးလေဟန်ဖြင့် ဦးသန့်စင်ကို ဆုံးမခဲ့ခြင်းဖြစ်သည်။ တကယ်တမ်းတွင်မူ သူသည် မည်သည့်အခါမှ အများသောက်ရေအိုးတွင် ရေသောက်လေ့ မရှိပါ။ ထိုနေ့ကလည်း ရေမသောက်ဘဲ အငတ်ခံသွားခဲ့ပေသည်။

ထို့အပြင် သူသည် မိမိ၏ လက်ရှိဘ၀ခရီးကြီး နိဂုံးချုပ်ရတော့မည်ကို ရိပ်စားမိသောအခါ အနောက်ဘက် တောင်စောင်းသို့သွားပြီး ကျင်းကိုကိုယ်တိုင်တူးကာ ၀င်ရောက်အိပ်စက်ပြီး မိမိဇာတ်ကို မိမိဘာသာ သိမ်းခဲ့ ပါသည်။ နောက်တနေ့ နွားကျောင်းသူမကလေးများ ရောက်လာသောအခါ လေမှာ တလူလူလွင့်နေသော စွပ်ကျယ်အဖြူ မည်းညစ်ညစ်တွင် သွေးဖြင့် ရေးထားသည့် မြေဖို့ပေးခဲ့ကြပါ-ဟူသော စာကိုမြင်ကြရသည်။ မိန်းကလေးများက သနားကရုဏာသက်မိသောကြောင့် မြေဖို့ရုံသာမက အနီးအနားရှိ ကျောက်တုံးများကို ယူဆောင်စုပုံပြီး မှတ်တိုင်ကလေးတခုပါ စိုက်ထားပေးခဲ့ကြလေသည်။

ထိုအကြောင်းအရာများကိုလည်း ကွယ်လွန်သူ ဦးသန့်စင်တယောက် သိမသွားခဲ့ပါချေ။ အကယ်၍ သူသာ သိခဲ့မည်ဆိုပါလျှင်....
                               (ဦးကသာ-လောကမှန်ကူ)

Sunday, February 3, 2013

မင်းမမေ့ပါနဲ.

ဟိုးရှေးရှေးတုန်းကပေါ့ မိဘုရားလေးယောက် ရှိပြီး သိပ်ကို ချမ်းသာကြွယ်ဝတဲ့ ဘုရင်ကြီးတစ်ပါး ရှိသတဲ့။ ဘုရင်ကြီးဟာ သူ့ရဲ့ စတုတ္ထမြောက် မိဘုရားကိုတော့ အချစ်ဆုံးဖြစ်ပြီး အကောင်းဆုံး၊ အနူးညံ့ဆုံး၊ အချိုမိန်ဆုံး ဆက်ဆံပါသတဲ့။ တတိယမြောက် မိဘုရားကိုလည်း ချစ်တာပါပဲ။ အိမ်နီးချင်း တိုင်းပြည်တွေကိုလည်း တတိယမြောက် မိဘုရားကို ကြွားလေ့ ရှိပါတယ်။ ဒါပေမယ့် ဒီမိဘုရားဟာ သူ့ကို တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ထားသွားခဲ့မှာကိုတော့ သူ စိုးရိမ်နေတတ်ပါတယ်။


ဒုတိယမြောက် မိဘုရားကို ချစ်တာကျတော့ တစ်မျိုး.. အဲဒီ မိဘုရားကို သူ့ရဲ့ တိုင်ပင်ဖော်၊ တိုင်ပင်ဖက်၊ ယုံကြည်အားကိုရာအဖြစ် ဘုရင်ကြီးက မှတ်ယူတယ်။ ပြသနာတွေ ဖြစ်လာတိုင်းမှာ ဒုတိယမြောက် မိဘုရားနဲ့တိုင်ပင်လေ့ရှိပြီး မိဘုရားကလည်း အမြဲကူညီ ဖြေရှင်း ပေးပါတယ်။ ပထမဦးဆုံး မိဘုရားကတော့ ဘုရင်ကြီး အပေါ်မှာ တော်တော်သစ္စာ ရှိပါတယ်။ ဘုရင်ကြီးရဲ့ အုပ်ချုပ်ရေးပိုင်းတွေမှာ ပါဝင်ကိုင်တွယ်ပေးပြီး ဘုရင်ကြီးကိုလည်းနှစ်နှစ်ကာကာကို ချစ်ခင် မြတ်နိုးပါတယ်။ ဒါပေမယ့် ဘုရင်ကြီးကတော့ သူ့ကိုတစ်ခြား မိဘုရားတွေလောက် မချစ်ပါဘူး။

Tuesday, January 29, 2013

ရုက္ခစိုးနှင့်အဘွားအို

တစ်ခါက ရွာတစ်ရွာတွင် အဘွားအိုတစ်ဦး ရှိသည်။ အဘွားအိုသည် သူ၏သား၊ ချွေးမတို့နှင့်အတူ နေထိုင်သည်။ ချွေးမဖြစ်သူသည် အဘွားအိုအား မကြည်ဖြူပေ။ အဘွားအို အစားကြီးသဖြင့် ဆန်အလွန်ကုန်သည်။ ထို့ကြောင့် အဘွားအိုအား အိမ်တွင် ကြာရှည်ဆက်မထားနိုင်တော့”ဟုဆိုကာ ခင်ပွန်းသည်အား အမြဲ ကုန်းချောစကား ဆိုသည်။ ရန်လုပ်သည်။


နောက်ဆုံးတွင် ချွေးမ၏စကား အောင်လေသည်။ မိုက်မဲသောသားသည် ဇနီးသည်၏ စကားအတိုင်း လိုက်နာကာ အဘွားအိုအား တောထဲတွင် ကျားစာအဖြစ် သွားရောက်စွန့်ပစ်ထားရန် ဆုံးဖြတ်လိုက်လေတော့သည်။ နောက်တစ်နေ့သို့ ရောက်သော် သားဖြစ်သူသည် အဘွားအိုအား တောထဲသို့ ခေါ်သွားသည်။ ကြီးမားသော မန်းကျည်းပင်ကြီး တစ်ပင်၏ ခြေရင်းတွင် ကြိုးဖြင့်တုပ်ကာ ထားပစ်ခဲ့လေသည်။

ညအချိန်သို့ရောက်သော် တောထဲရှိ ကျားများသည် လူနံ့ရသဖြင့် သစ်ပင်အနီးသို့ ချဉ်းကပ်လာကြသည်။ ထိုစဉ် သစ်ပင်စောင့် ရုက္ခစိုးနတ်သည် ရုတ်တရက် ပေါ်လာပြီး “အသင် ကျားတို့၊ ခဏနေကြပါဦး၊ ဒီအဘွားအိုဟာ ဘယ်လိုပုဂ္ဂိုလ်မျိုးလဲဆိုတာ ကျွန်ုပ်အရင် စမ်းသပ်ပါရစေဦး။ တကယ်လို့ အဘွားအိုဟာ သူတော်ကောင်းတစ်ဦး ဖြစ်ခဲ့ရင် သူ့ကို သင်တို့စားခွင့် မပေးနိုင်ဘူး။ အဘွားအိုဟာ သူတော်ကောင်းတစ်ဦး မဟုတ်ခဲ့ဘူးဆိုရင်တော့ သင်တို့ကို စားခွင့်ပေးမယ်”ဟု ပြောသည်။

ကျားများလည်း ရုက္ခစိုး၏စကားကို နာခံကြသည်။ ရုက္ခစိုးသည် ကြက်တောင်တစ်ချောင်းကိုယူ၍ အဘွားအို၏ နှာခေါင်းကို ကလိလိုက်သည်။ အဘွားအိုသည် နှာခေါင်း ယားလာသဖြင့် နှာချေကာ “ဟတ်ချိုး၊ ဟတ်ချိုး၊ ဘုရား၊ ဘုရား”ဟု နှုတ်မှ ရေရွတ်လိုက်သည်။

ထိုအသံကိုကြားသည်နှင့် ရုက္ခစိုးသည် ကျားများအား ကဲ-သင်တို့ကြားပြီမဟုတ်လား။ ဒီအဘွားအိုဟာ သူတော်ကောင်း တစ်ယောက်ပဲ။ ဒါကြောင့် သင်တို့အား သူ့ကိုစားခွင့် မပြုနိုင်ဘူး။ သင်တို့ပြန်ကြတော့”ဟု ပြောလိုက်သည်။ ကျားများလည်း အဝေးသို့ ပြန်လည်ထွက်ခွါသွားကြသည်။
အဘွားအိုသည် ရုက္ခစိုးနှင့် ကျားများ အပြန်အလှန် ပြောဆိုကြသည်များကို ကြားလည်းမကြားရ၊ မြင်လည်း မမြင်ရပေ။ ကျားများရောက်လာ၍ ပြန်ထွက်သွားသည်ကို မြင်ရသည်။

အတန်ကြာသော် အဘွားအို အိပ်ပျော်သွားသည်။ အိပ်ရာမှ နိုးလာသောအခါ နံနက် အရုဏ်တက်နေပြီဖြစ်ကြောင်း တွေ့ရသည်။ သူ့ကိုယ်ပေါ်တွင် ချည်ထားသော ကြိုးများမှာလည်း ပြေနေပြီ။ သူ့ခြေရင်းတွင်လည်း ရွှေအိုးတစ်လုံး ချထားသည်ကို တွေ့ရသည်။ အဘွားအိုသည် ရွှေအိုးကို မ,ကာ ရွာသို့ ဝမ်းသာအားရ ပြန်လာခဲ့လေသည်။ သို့သော် အဘွားအိုသည် ရက်စက်သော သားနှင့်ချွေးမတို့ထံသို့ မပြန်တော့ပေ။ ပါလာသော ရွှေများကို ထုခွဲ၍ အိမ်ကြီးအိမ်ကောင်းတစ်လုံး ဝယ်ကာ စည်းစိမ်အပြည့်ဖြင့် နေထိုင်လေသည်။

ချွေးမသည် အဘွားအို အသက်မသေဘဲ ပြန်ရောက်လာရုံမက ကြွယ်ဝချမ်းသာနေကြောင်းကို ကြားသိရသောအခါ အလွန်ပင် မနာလို ဖြစ်မိသည်။ ထို့ကြောင့် သူ၏ခင်ပွန်းအား အဘွားအို ရွှေအိုးရလာသည့် အကြောင်းရင်းကို သွားရောက်မေးမြန်းရန် စေလွှတ်လိုက်သည်။ ခင်ပွန်းသည်သည် အဘွားအိုထံ သွားရောက်ကာ ရွှေအိုးရခဲ့သည့် အကြောင်းစုံကို မေးမြန်းသည်။ အဘွားအိုသည် သူ့သားက သူ့အား သေကြောင်းကြံခဲ့သည် မှန်သော်လည်း သားအပေါ်ချစ်ခင်သည့် မိခင်မေတ္တာကြောင့် သားအား ရွှေအိုးရခဲ့ပုံကို ပြန်ပြောခဲ့သည်။

ထိုနေ့ နေ့လည်ပိုင်းသို့ရောက်သော် ချွေးမသည် သူ့အား တောတွင်းသို့ ခေါ်သွားကာ မန်ကျည်းပင်တွင် ကြိုးချည်ထားခဲ့ရန် ခင်ပွန်းသည်အား ပူဆာသည်။ ခင်ပွန်းသည်လည်း သူ့စကားအတိုင်း လိုက်နာခဲ့သည်။ ချွေးမဖြစ်သူလည်း စိတ်ရှည်လက်ရှည်ဖြင့် စောင့်ဆိုင်းနေသည်။ ညအချိန်ရောက်သော် ကျားများ ရောက်ရှိလာသည်။ သို့သော် ချွေးမဖြစ်သူသည် ကျားများကို လုံးဝ မကြောက်သည့်အပြင် မကြာမီ ရွှေအိုးရတော့မည်ဟု တွေးကာ ဝမ်းမြောက်ဝမ်းသာပင် ဖြစ်နေမိသည်။

ထိုစဉ် ရုက္ခစိုးနတ် ရောက်လာသည်။ သူက ကျားများအား “အသင်ကျားတို့ ခဏနေကြပါဦး၊ ဒီအမျိုးသမီးဟာ ဘယ်လိုပုဂ္ဂိုလ်မျိုးလဲဆိုတာကို ကျွန်ုပ် စမ်းသပ်ပါရစေဦး”ဟု ပြောသည်။ ထို့နောက် ချွေးမဖြစ်သူ၏ နှာဝကို ကြက်တောင်ဖြင့် ကျပ်လိုက်သည်။ ထိုအခါ ချွေးမသည် လောဘကြီးသူ ဖြစ်သည့်အတွက် “ဟတ်ချိုး ဟတ်ချိုး ဘယ်မလဲ ငါ့ရွှေအိုး, ဘယ်မလဲ ငါ့ရွှေအိုး”ဟု ချေလိုက်သည်။

ရုက္ခစိုးသည် စိတ်ဆိုးသွားသည်။ သူက ကျားများအား “ဒီအမျိုးသမီးဟာ သူတော်ကောင်း မဟုတ်ဘူး။ အလွန်လောဘကြီးတဲ့ သူယုတ်မာဖြစ်တယ်။ ဒါကြောင့် သူ့ကို သင်တို့ စားကြပေတော့”ဟု ပြောကာ ပျောက်ကွယ်သွားလေတော့သည်။
ချွေးမဖြစ်သူကား လူကြီးသူမကို စော်ကားမှု၊ လောဘကြီးမှုတို့ကြောင့် ရွှေအိုးမရဘဲ အသက်ဆုံးရလေတော့သည်။
                                                                          ( မြန်မာပုံပြင်)
                                                                              ခင်ရီဝင်း