Thursday, January 31, 2013

ကတိပေးပါ သူငယ်ချင်း...

သူငယ်ချင်း……..
မင်းတို့ငါတို့ ငယ်ငယ်က ကလေးဘ၀ကို ပြန်စဉ်းစားမိတိုင်း ငါအမြဲ ပျော်နေမိတယ်။ ငါတို့တစ်တွေ ငယ်ငယ်က ကစားလည်းအတူတူ စားလည်းအတူတူ ကျောင်းသွားလည်းတတွဲတွဲ ဘောလုံးပွဲကြည့်လည်း လက်မခွဲတမ်းပဲလေ။ ဘ၀ပေး အခြေနေတွေပြောင်းလာတော့ မင်းကတော့ ဆေးတက္ကသိုလ်တက်ဖို့ ကံပါပေမယ့် ငါတော့ ဆယ်တန်းပြီးတာနဲ့ အလုပ်ထဲ တန်းဝင်ခဲ့ရတယ် သူငယ်ချင်း။
ငါ့ဘ၀က ခါးခဲ့တယ် သူငယ်ချင်း။ “ပညာမတတ် သူ၏၀န်ထမ်း” ဆိုသလိုပဲ ငါ ကြုံရာ ကျရာ အလုပ်ပေါင်းစုံ လုပ်ခဲ့တယ်။ ဆယ်တန်းပြီးတော့ အဝေးပြေးကားလိုက်တယ် ရန်ကုန်-ပဲခူး၊ ရန်ကုန်-မန္တလေး စသဖြင့်ပေါ့။ ခရီသည်တင်ကားလိုင်းဆိုတော့ သိပ်မပင်ပန်းဘူးလေ။ ဒါပေမယ့် လခတော့ နည်းတယ်။ ရသမျှ လုပ်ရတာပေါ့။ နောက် အပေါင်းသင်းတွေကောင်းမှုနဲ့ ကုန်ကား အကူလိုက်တယ်။ တစ်ခါတစ်လေလဲ ကိုယ်တိုင်မောင်း ခွင့် ရတာပေါ့။ အထူးသဖြင့် လားရှိုးဘက်၊ မူဆယ်ဘက်တွေ ကုန်ရရင် ငါတို့ ငွေရွှင်တယ်လေ။ ငွေများများရရင် အပျော်ရှာကြတာပေါ့ကွာ။ မင်းတို့လို ပညာတတ်တွေ မဟုတ်တော့ ဥာဏ်ကလည်း နည်းတယ်လေ။ ရရ စားစား ပျော်ပျော်ပါးပါးပေါ့ကွာ။ ငွေလုံးငွေရင်းလေး ရရင်တော့ လက်စွပ်လေး ဆွဲကြိုးလေး လုပ်လိုက်တယ်။ ငါ့အိမ်ကိုလည်း ပြန်ပေးရတာပေါ့ကွာ။ အိမ်မှာလည်း ငါ့ညီတွေ ညီမတွေက ကျောင်းသားတွေကိုး။ သုံးစရာ မရှိတော့လဲ လက်စွပ်လေး ပေါင်ပြီး ဒီလိုပဲ လည်ပတ်ရတာပေါ့ကွာ။ ကုန်ကားနောက်လိုက်တဲ့ ဘ၀ဟာ ငါ့အတွက် အလွန်ပဲ အေးချမ်းတယ်ထင်တယ်။ ခရီသည် တင်ကားတွေလို စကားများများပြောစရာ မလိုဘူး။ ကုန်ကို လိုတဲ့နေရာ ရောက်အောင်ပို့မယ်။ အင်း.. ကားပျက်ရင်တော့ အချိန်ပုပ်တာပေါ့ကွာ။ ဒီလိုနဲ့ ငါလည်း ပျင်းလာတယ်။ အပျင်းပြေ ရည်စားထားတာပေါ့ကွာ။ ငါတို့ဘ၀က လမ်းပေါ်မှာပဲလေ။ လမ်းမှာစား၊ လမ်းမှာအိပ်၊ လမ်းမှာပဲ ကျင်လည်နေကြရတာ မဟုတ်လား။ လမ်းပေါ်က မိန်းကလေးကိုပဲ အပျော်တမ်း ရည်းစားထားရတာပေါ့ကွာ။
လမ်းပေါ်က မိန်းကလေးတွေဆိုတော့ သူတို့ကလည်း အပျော်တမ်း ချစ်တမ်းကစားကြတာပဲ။ ကားပေါ် လမ်းတဖြတ်လိုက်ရင်း ငါတို့နဲ့ အိပ်၊ ငါတို့နဲ့စား၊ ငါတို့နဲ့ ပျော်ပါးကြတဲ့ ကောင်မလေးတွေလေ။ သူတို့လည်း လမ်းပျော် မလေးတွေပေါ့။ ငါတို့အတွက်တော့ သူတို့က နတ်မိမယ်တွေပဲကွာ။ ငါတို့မှာ တူညီတဲ့ ဘ၀ဇာတ်ကြောင်းတွေ ရှိကြတယ်။ ခေတ်ပညာကောင်းကောင်း မတတ်ဘူး၊ မိဘက မချမ်းသာဘူး၊ မိသားစုဝင်တွေ များတယ်၊ မိသားစုကို လုပ်ကျွေးနေကြတယ်….ဒါတွေက ငါတို့ရဲ့ တစ်ထောင့်တစ်ည လမ်းပေါ်က လူတွေရဲ့ ဘ၀တွေပဲ။ အေး..တစ်ချို့မှာတော့ အချောင်နှိုက် အလစ်သုတ်ချင်တဲ့ ဓာတ်ခံလေးတွေရှိကြတယ်။ တစ်ချို့ ကားသမားတွေကလည်း စားပြီးနားမလည် လုပ်တတ်ကြတာလည်း ရှိသေးတယ်။ ဒါပေမယ့် ဒါတွေက ငါတို့လောကရဲ့ မထူးတော့တဲ့ နိစ္စဓူဝတွေလေ။
ငါမင်းနဲ့ မနှစ်ကတွေ့တုန်းက အားရပါးရ နှုတ်ဆက်ချင်ခဲ့မိတယ် သူငယ်ချင်း။ မင်းလည်း အန်ဂျီအိုမှာ အလုပ်လုပ်နေတာသိတော့ ၀မ်းသာမိတယ်။ ငါတို့တွေ ကွဲသွားကြတာ ၁၀ နှစ်ကျော်နေပြီလေ။ ငယ်ငယ်တုန်း ကလို လက်သီးပြင်းပြင်းလေးနှစ်ချက် သုံးချက်လောက် မင်းကို စပြီး ထိုးပြစ်လိုက်ချင်သေးတယ်။ ဒါပေမယ့် မင်းက လူအများလေးစားတဲ့ ဆရာဝန်ကြီးဖြစ်နေပြီလေ။ ငါ ငယ်မူပြန်ပြီး လက်သီးနဲ့ ထိုးဖို့ ဘယ်ဖြစ် မလဲကွာ။ ငါမင်းအတွက် ဂုဏ်ယူပါတယ်။ ငါ့သူငယ်ချင်းထဲမှာ မင်းတစ်ယောက် ထူးထူးချွန်ချွန်ရှိတော့ အားရ ပီတိဖြစ်မိတယ်။ အားလည်း ကိုးမိတယ်လေ။
ဒါပေမယ့် ငါ့ကို ကုန်ကားမောင်းတဲ့သူလို့ မင်းသိလိုက်တဲ့အခါ မင်းမျက်နှာပေါ်က အထင်သေးဟန်ပြသွားတဲ့ မျက်လုံးတစ်စုံက ငါ့ရင်ကို ဓားနဲ့ထိုးသလိုပဲကွာ။ ငါ့ဘ၀ပေး အခြေနေကြောင့် ငါ ကုန်ကားမောင်းတာ ငါသိမ်ငယ် စရာဖြစ်သွားသလား သူငယ်ချင်း။ ငါကုန်ကားမောင်းတာလည်း ငါ့မိသားစုအတွက် လက်ရှိဘ၀ စားဝတ်နေရေးကို ဖြေရှင်းပေးဖို့ လုပ်ဖြစ်သွားတာ ပဲလေကွာ။ လူဘုံလယ်မှာ မင်းပြောလိုက်တဲ့ စကား တစ်ခွန်းကိုလည်း အခုထိ အမှတ်ရနေသေးရဲ့…. “မင်းတို့ Highway driver တွေ၊ လေးလုံးရောဂါ ပိုင်ရှင်တွေ၊ ဘယ်လောက်လုပ်ပေးပေး အလကားပဲ၊ မင်းလည်း သတိထားဦး” ဆိုတာလေ။ ဖြစ်နိုင်ပါတယ် ငါတို့ လမ်းပေါ်က ဘ၀တွေမှာ ဒီလိုပဲ အဆင်ခြင်မဲ့ မှားခဲ့လို့၊ အရက်သောက် ဆေးချလို့ မဖြစ်သင့်ပဲ ဖြစ်သွားတဲ့ သာဓကတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် သူငယ်ချင်းရာ မင်းတို့ highway driver တွေ ဆိုပြီးတော့ ၀ါးလုံးရှည်နဲ့ မရိုက်ပါနဲ့။ ကုန်ကားမောင်းပေမယ့် လူတစ်ဦးချင်း တစ်ယောက်ချင်းမှာ မင်းတို့တွေ မသိထားတဲ့ ကောင်းတဲ့ အမူအကျင့်လေးတွေ ရှိကြပါတယ်။ မင်းတို့ အန်ဂျီအိုတွေက ဝေတဲ့ ကွန်ဒုံးတွေ၊ စာစောင်တွေကို တကယ်ဖတ်ပြီး တကယ်လိုက်နာတဲ့ လူတွေကိုတော့ မင်းအနေနဲ့ အသိအမှတ်ပြုသင့်တယ် သူငယ်ချင်း။
ငါလေ ပြန်တွေးမိတိုင်း မျက်ရည်ကျမိတယ်ကွာ…။ မင်းတို့ အန်ဂျီအိုတွေကို ငါ ကျေးဇူးလည်း တင်ပါတယ်။ တကယ်လည်း လေးစားတယ်သူငယ်ချင်း။ ငါတို့လို လမ်းပေါ်မှာ ကျင်လည်နေတဲ့ ဘ၀တွေ အတွက် လေးလုံး ရောဂါ မဖြစ်ရအောင် ပညာပေးတယ်၊ အသိတွေဖြန့်တယ်၊ ဆွေနွေးပွဲတွေ လုပ်တယ်။ ဒါတွေက ငါတို့အတွက် တကယ်အကျိုးရှိပါတယ်ကွာ။ သို့ပေမယ့် မင်းပြောသလို ငါတို့က ဒီရောဂါ ပိုင်ရှင်တွေ မဟုတ်ဘူး သူငယ်ချင်း။ ငါတို့က ဒီရောဂါကို လိုက်ဖြန့်နေတဲ့ လူတန်းစားလည်း မဟုတ်ဘူးလေ။ မင်းတို့တွေ လုပ်ပေးတာကို ငါတို့သိပါတယ်၊ ဒါပေမယ့် “ဘယ်လောက်လုပ်ပေးပေး အလကားပဲ” ဆိုတာတော့ ငါနားမလည်ဘူး သူငယ်ချင်း။ မင်းတို့ အန်ဂျီအိုတွေ ငါတို့အတွက် ဘယ်လောက် ထိထိရောက်ရောက် လုပ်ပေးခဲ့သလဲ ဆိုတာ မင်းတို့ပဲ သိမယ် သူငယ်ချင်း။ ပြင်ပက အလှူရှင်တွေရဲ့ ဒေါ်လာတွေကို မင်းတို့ ငါတို့အတွက် ဘယ်လောက်ထိထိရောက်ရောက် အသုံးပြုကြသလဲဆိုတာ မင်းကိုယ်မင်းသာ ပြန်မေးကြည့်ပေတော့ သူငယ်ချင်း။ မင်းတို့အလုပ်တွေက ပညာရှင်ဆန်လွန်းတယ်လေ။ ငါ အတွင်း ကျကျ မသိနိုင်ဘူးကွာ။ ဒါပေမယ့်ကွာ မင်းတို့က စာစောင်တွေဝေတယ် ကွန်ဒုံးတွေဝေပေမယ့် ငါတို့ထဲမှာ စာလုံးဝ မတတ်တဲ့သူတွေ၊ ကွန်ဒုံးကို ဘယ်လို စနစ်တကျ သုံးရမယ်ဆိုတာ မသိတဲ့သူတွေက ဒုနဲ့ဒေးလေ။ မင်းတို့ပြောတဲ့ အင်္ဂလိပ်တစ်ပိုင်း မြန်မာတစ်ပိုင်း ဝေါဟာရတွေကလည်း ငါတို့အဘိဓာန်မှာ ဘယ်လိုမှ နားမလည်နိုင်ဘူးလေကွာ။ ဒီတော့ ဘယ်လောက်လုပ်ပေးရမယ် ဘယ်လို လုပ်ပေးရမယ်ဆိုတာ မင်းတို့ ပညာရှင်တွေ အကြံထုတ်ကြပေါ့ကွာ။
မင်းငါ့ကို သတိပေးတဲ့ အတွက် ငါ တကယ်ကျေးဇူးတင်မိတယ် သူငယ်ချင်း။ ငါလည်း ဒါတွေကို သတိထားပါတယ်။ မိသားစုအတွက် ငွေရှာနေတဲ့ ငါတို့ ဘ၀တွေအတွက် ဒီရောဂါဆိုးကြီးသာ ငါ့မှာ ဖြစ်ခဲ့ရင် ငါ့ညီတွေ ညီမတွေ မိဘတွေကို ငါဘယ်လိုမှ ထောက်ပံ့နိုင်မှာ မဟုတ်ဘူးလေ။ ပြီးတော့ ရပ်ကွက်ထဲမှာလဲ ငါ့မိဘတွေ မျက်နှာငယ် အရှက်ကြီးရကြရမှာကိုး…။ ငါသတိနဲ့ ဆင်ခြင်မှာပါ သူငယ်ချင်း။ အေး…မင်းလည်း စကားပြော ဆင်ခြင်ပါ သူငယ်ချင်း။ မင်းလို အန်ဂျီအိုမှာလုပ်နေတဲ့ ဆရာဝန်တစ်ယောက်ကတောင် ဒီလိုပြောရင် ကျန်တဲ့ သူတွေလည်း ဒီလိုပြောကြ မြင်ကြရင် မင်းတို့ ကတိတွေပြုထားတဲ့ “ခွဲခြား နှိမ်ချ ဆက်ဆံခြင်း” ဆိုတာ စာအုပ်ထဲမှာပဲ ရှိပေမပေါ့။ ငါကတိပေးတယ် သူငယ်ချင်း၊ ဒီရောဂါမကူးစက်အောင် ငါလဲ ဆင်ခြင်မှာပါ။ မင်းလည်း ကတိပေးပါ ငါတို့ကို ခွဲခြားတဲ့ စကားမျိုး မပြောပါဘူးလို့လေ။
                                                                                                    လမင်းကို

ရေတိမ်နှစ်ခဲ့ရသော မြန်မာ့စာပေ

တစ်ခါတစ်ခါစာဖတ်ရင်းမြန်မာ့စာပေအကြောင်းကို တွေးမိလာခဲ့ပါတယ်။တွေးမိလာတာနဲ့အမျှမြန်မာ့စာပေ သမိုင်းကြောင်းကိုပြန်စဉ်းစားမိတဲ့အခါ....မြန်မာလူမျိုးတွေဟာပင်ကိုဉာဏ်ကိုအသုံးချပြီးရေးသားခဲ့တာ အလွန့်အလွန်ကိုရှားပါးလွန်းတယ်။ကျွန်တော်တို့မြန်မာနိုင်ငံကိုဗုဒ္ဓဘာသာကြီးသာ မရောက်ခဲ့ဘူးဆိုရင်မြန်မာ့စာပေဆိုတာအမည်တပ်ပြီးခေါ်ဖို့အခြေအနေကိုရောက်ပါ့မလား။ ဒါမှမဟုတ်ရင်လည်းဗေဒင်၊လက်ဖွဲ့၊အင်းအိုင်၊မန္တရား၊ယုံတမ်းစကားတွေ မှိုလိုပေါက်နေတဲ့မြန်မာ့စာပေမျိုးသာဖြစ်နိုင်ပါလိမ့်မယ်။ဗုဒ္ဓဘာသာရဲ့အရှိန်အဝါကိုခံစားစံစားပြီးတဲ့နောက် တဆင့်ခံဉာဏ်ကူးစက်ခွင့်တွေရလာတဲ့အခါ...မြန်မာ့စာပေဟာနေရာလေးတစ်ခုတော့ရလာခဲ့ပါတယ်။ သို့သော်... အားရစရာအခြေအနေတော့မဖြစ်ခဲ့ဘူးဆိုရမလားပဲ။

မြန်မာလူမျိုးတွေအတွက်ပင်ကိုဉာဏ်ကိုအသုံးမပြုချင်လောက်အောင်ဗုဒ္ဓစာပေကဖူလုံပြည့်ဝလွန်းတာလည်း တစ်ကြောင်းပါ။တောတောင်တွေကိုချီးမွမ်းခန်းရေးလိုရင်ဝေဿန္တရာဇတ်တော်ထဲကဟိမဝန္တာ ချီးမွမ်းခန်းတွေ၊ကာဠုဒါယီကပ္ပိလဝတ်ပြည်အပြန်ခရီးဖြစ်တဲ့ဂါထာ၆၀ကိုမှီပြီးရေးလိုက်မယ်။ အပျိုလှည့်တဲ့အကြောင်းရေးချင်ရင်မဟော်သဓာ၊ကုသမင်းတို့ရဲ့ဇာတ်ကိုမှီရေးလိုက်မယ်။ယောက်ျားပီပီသသ စွန့်စားတဲ့အကြောင်းတွေရေးချင်ရင်မဟာဇနကဇာတ်ကိုမှီရေးလိုက်မယ်။လမင်းကြီးကိုချီးမွမ်းခန်းရေးချင်ရင်
လည်းသာမညဖလသုတ်ကိုမှီရေးလိုက်မယ်။အဲဒီလိုလောကအလှ၊လူ့ဘောင်၊လူ့ပတ်ဝန်းကျင်အကြောင်းအရာ မျိုးစုံဟာဗုဒ္ဓစာပေထဲမှာလိုသမျှအကုန်ရှိနေတော့မြန်မာလူမျိုးတွေအတွက်ဖောက်ထွက်ပြီးတွေးတောဖို့ဆိုတာ မလိုတော့လောက်အောင်ဖြစ်ခဲ့ရပါတယ်။ဒီလိုအိန္ဒိယဘက်ကဆင်းသက်လာတဲ့စာပေတွေရဲ့ လွှမ်းမိုးမှုကြောင့် မြန်မာ့စာပေရေတိမ်နစ်ခဲ့ရသလားဆိုတော့ မဟုတ်သေးပါဘူး။
ကျွန်တော်တို့ရဲ့ရှေ့မြန်မာပြည်အနေအထားကိုပြန်ကြည့်တဲ့အခါ...စာပုံနှိပ်စက်တွေ မပေါ်ပေါက်သေးတော့ပေရွက်တွေမှာရေး၊ပျဉ်ပြားကိုထမင်းရည်နဲ.မီးသွေးအရည်ဖျော်သုတ်ပြီးရေး။ ဒါတွေကြောင့်မြန်မာ့စာပေဟာမကျယ်ပြန့်ရုံတင်မကပဲပျောက်ပျက်သွားတာတောင် များခဲ့ပါသေးတယ်။နောက်...တောရွာတွေမှာနေတဲ့စာတတ်ပေတတ်ပုဂ္ဂိုလ်တွေဟာရွှေမြို့တော်ကို မသွားခဲ့ရင်ငတ်သေဖို့အကြောင်းတွေဖြစ်လာတော့ဘုရင်ရဲ့အသုံးတော်ခံဖြစ်အောင် ကြိုးစားခဲ့ကြရတာတွေလည်းရှိပါသေးတယ်။အဲဒီမှာမြန်မာ့စာပေဟာထပ်ပြီးတော့ရေတိမ်နစ်ရတော့တာပါပဲ။
ဘုရင့်စိတ်နှလုံးကိုပြုံးရွှင်စေဖို့အတွက်ဘုရင့်ရဲ့အကြိုက်တွေကိုလိုက်ရေးရ၊ဘုရင့်ချီးကျူးခန်းတွေဖွင့်ရနဲ.
ရွှေနားတော်သွင်းဧချင်းတွေပေါ်လာခဲ့ပါတော့တယ်။ဘုရင်စက်တော်ခေါ်နေကကြမ်းကိုအသံမြည်အောင် မနင်းရစသောစိန္တကျော်သူ၏သြဝါဒအထူးပျို့များ၊မင်းညီမင်းသားတို့မိန်းမပိုးသောအခါကူညီအားပေးသော
ဇေယျရန္တမိတ်...ရှင်သံခို၊မြဝတီမင်းကြီးဦးစသူတို့ရဲ့စာပေတွေ...ဒီလိုမင်းအလိုလိုက်စာရေးဆရာတွေ
ရှေ့ခေတ်ရှေ့အခါကများပြားခဲ့ဖူးပါတယ်။အဲဒီတော့မြန်မာ့စာပေဆိုတာမင်း၊မှူးမတ်၊သူဌေးသူကြွယ်
တို့အတွက်အသုံးတော်ခံဖို့သက်သက်သာဖြစ်ခဲ့ရပြီးဆင်းရဲသားကျေးလက်နေပြည်သူတို့အတွက် မဖြစ်ခဲ့ရပါဘူး။
ခေတ်တွေပြောင်းပြီးစာရေးသားပုံများပြောင်းလဲတိုးတက်လာခဲ့သော်လည်းအကြောင်းအရာအားဖြင့်တော့ ဘာမှထူးထူးခြားခြားပြောင်းလည်းလာတာမတွေခဲ့ပါဘူး။လင်္ကာအဆင့်မှစကားပြေ၊တေးထပ်အဆင့်မှ
ပြဇာတ်၊သီချင်းဘွဲ့ခံမှပတ်ပျိုး၊ရတုမှရကန်စသည်အားဖြင့်ရေးသားနည်းစနစ်သာကွဲပြား အကြောင်းအရာကားထူးမခြားနားပါပဲ။ရှင်မဟာရဋ္ဌသာရကပျို့ဖြင့်ချီးကျူးခဲ့သောအကြောင်းအရာတစ်ခုကို နတ်ရှင်နောင်ကရတုနဲ့ချီးကျူးတယ်။မြဝတီမင်းကြီးဦးစကပတ်ပျိုးဖြင့်ချီးကျူးခဲ့သောအကြောင်းအရာကို ဦးပုညကတေးထပ်နဲ့ချီးကျူးတယ်။ရေးသားပုံအကြောင်းအရာကတော့ဘုရားဟောနိပါတ်ဇာတ်တော်တွေ ချည်းပါပဲဗျာ။အားရစရာတစ်ကွက်မှမရှိခဲ့ပါဘူး။
ထိုသို့အားရစရာမရှိသောအခြေအနေမှာဖောက်ထွက်လာမှုအနည်းငယ်တော့ရှိပါသေးတယ်။ ပုဂံခေတ်လောကုတ္တရာစာပေများကြီးပွားနေစဉ်အတောအတွင်မှာလောကီရေးဘက်ကို ဦးစားပေးရေးသားလိုက်တဲ့စတုရင်္ဂဗလအမတ်ကြီးရဲ့လောကနီတိ၊ဟိတောပဒေသစာပေများဟာ တစ်ခေတ်တစ်ခါမှာဖောက်ထွက်လာတဲ့စာပေလို့ဆိုလို့ရပါတယ်။ဒါပေမယ့်ဒီစာပေများသည်လည်း ပါဠိဘာသာဖြင့် ရေးသားသော စာပေများဖြစ်၍ မြန်မာ့စာပေ၌ အကျုံးဝင်သည်ဟု ဆိုရမှာ ခပ်ခက်ခက်ပါပဲ။ အဲ... အနန္တသူရိယအမတ်ကြီးရဲ့မျက်ဖြေလင်္ကာတစ်ပုဒ်ကတော့ဖြင့်စံချိန်ပြည့်မီတယ်လို့ ဆိုရမလား။
ဒီကြားထဲမြန်မာတွေဟာအယူသီးလိုက်သေးသဗျာ။ရှင်မဟာရဋ္ဌသာရတို့ ရှင်မဟာသီလဝံသတို့ကလောကီနဲ့နွယ်တဲ့စကားလုံးအဆန်းလေးတွေရေးသားလာတဲ့အခါ...ကဲ့ရဲ့ကြတယ်လေ။ သဘင်သည်ဘုန်းကြီးတွေဆိုပြီးဝိုင်းပယ်ကြတယ်။ရဟန်းတန်ပေမယ့်ကလေးကလားဆန်တဲ့ပျို့တွေ လင်္ကာတွေရေးရမလားဆိုပြီးသပိတ်တွေမှောက်ကြသေး။ဆိုးလိုက်တဲ့အယူသီးမှုတွေဗျာ။
နောက်ပိုင်းခေတ်တွေရောက်လာတော့မင်းအလိုလိုက်မင်းအကြိုက်ကိုဆန့်ကျင်ပြီးရေးတဲ့
ယောအတွင်းဝန်ကြီးဦးလှိုင်လိုရဲဝံ့သူတွေထွက်ပေါ်လာလို့မြန်မာ့စာပေဂုဏ်တက်လာခဲ့ပါသေးတယ်။ သို့သ်ာလည်းမင်းရဲ့အငြူစူကိုခံရတာပါပဲဗျာ။ဒါတွေကိုတွေးတွေးမိတော့မြန်မာလူမျိုးတွေရဲ့စိတ်ဓာတ်က အံ့သြစရာကောင်းတာလား၊မြန်မာတွေအပေါ်အုပ်ချုပ်မင်းလုပ်ခဲ့တဲ့သူတွေရဲ့ စိတ်ဓာတ်က သေးသိမ်တာလားဆိုတာတွေးရင်းတွေးရင်းခေါင်းတွေချာချာလည်ခဲ့ရပါတယ်ဗျာ။

                                                                                        
                                                                                                                   မေဓာနန္ဒ
                                                                                                                  သီရိလင်္ကာ


ဆန္ဒပြမှုများကို စိုးရိမ်သူများရှိလာ

ဒီမိုကရေစီစနစ်ကိုသွားနေသည့်ကာလတွင်ဆန္ဒပြမှုများကိုစိုးရိမ်သူများရှိလာနေသည်။
ဆန္ဒပြမှုများရှိလာခြင်းသည်နောက်ပြန်လှည့်ရန်စိန်ခေါ်နေသည်ဟုခံစားရသူများရှိလာနေသည်။
နောက်ပြန်လှည့်ခြင်းသည်ဆန္ဒပြမှုများနှင့်အင်အားသုံးဖြိုခွဲမှုများထိပ်တိုက်တွေ့ရာ မှပေါ်ပေါက်လာနိုင်သောကြောင့်အင်အားသုံးဖြိုခွဲမှုသည်လစ်ဘရယ်ဒီမိုကရေစီအခြေကျရ
န် အကြီးဆုံးသော အဟန့်အတားဟု မမြင်ဘဲ ဆန္ဒပြခြင်းသည် ထိုအင်အားသုံးခြင်းကို ဖိတ်ခေါ်သောကြောင့်နောက်ပြန်မလှည့်ရန်မလုပ်သင့်ဟုဆက်ပြီး ခံစားကြခြင်းဖြစ်သည်။
ဆန္ဒပြခြင်းအတွက်ဥပဒေဘောင်အတွင်းသတ်မှတ်ထားသောစည်းကမ်းများအတိုင်းလုပ်ဆောင်ခွင့်ရှိသည်။ သတ်မှတ်ထားသောစည်းကမ်းများကိုပေါ်လာသည့်issueအလိုက်ဥပဒေအရမဟုတ်ဘဲနိုင်ငံရေးအရ ခွဲခြားသောအခါဥပဒေ၊နည်းဥပဒေများအတိုင်းဆန္ဒပြသူများကမလုပ်ဆောင်ကြတော့။
ထိုသို့ မလုပ်ဆောင်ကြသည့်ဆန္ဒပြမှုများရှိသော်လည်းIssueအပေါ်လိုက်ပြီးအာဏာပိုင်များက အရေးယူသည့်ပုံစံများကွဲပြားလာသည်။ရခိုင်ပြည်နယ်အရေးတွင်ဘင်္ဂလားဒေ့ရှ်သံရုံးရှေ့၃ကြိမ်အထိ ဆန္ဒပြခြင်းကိုမည်သည့်ရဲမှအရေးမယူသလိုပိတ်ဆို့ဟန့်တားခြင်းလည်းမရှိ။သို့သော်တရုတ်သံရုံးရှေ့ ဆန္ဒပြခြင်းကိုမူပိတ်ဆို့ဟန့်တားသည်။
နည်းဥပဒေချိုးဖောက်မှု၁၅ကြိမ်ထက်မနည်းရှိသူများတရားရုံးတွင်ဥပဒေအတိုင်းဖြေရှင်းမှုရှိနေသေးသည့် အနေအထားအောက်တွင်ကြေးနီစီမံကိန်းအရေးဆန္ဒပြသူများကိုဆန္ဒပြသည့်နေရာတွင်ပင် ရုပ်ဆိုးအကျည်းတန်စွာဖမ်းဆီးသည်။
ဆိုလိုရင်းမှာဥပဒေချိုးဖောက်ပြီးဆန္ဒပြခြင်းနဲ့ထိုဆန္ဒပြခြင်းကိုဖမ်းဆီးမှုများသည် ဥပဒေအတိုင်းဆောင်ရွက်နေခြင်းလား၊Issue ပေါ်မူတည်ပြီးနိုင်ငံရေးအရလုပ်နေခြင်းလားဆိုသည်မှာ ဥပဒေစိုးမိုးရေးဆိုသည်ကို စိန်ခေါ်နေခြင်းဖြစ်သည်။
ထိုအခါ ဘေးမှရပ်ကြည့်နေသူများထဲမှအချို့ကဆန္ဒပြခြင်းသည်မကောင်း။နောက်ကြောင်းပြန် လှည့်နိုင်သည်ဟုဆိုကြသည်။ထိုအသံကိုကျယ်ကျယ်လောင်လောင်အော်လာကြသည်။Animal Farm ထဲကသိုးများလိုခြေနှစ်ချောင်းမကောင်း၊ခြေလေးချောင်းသာကောင်း၏ဟုကြွေးကြော်ဝါဒဖြန့်မှုအောက် ပိတ်မိနေသည်နှင့်တူသည်။ဥပဒေကိုလက်တစ်လုံးခြားလုပ်ပြီးလိုရင်လိုသလို လုပ်နေသည့် ဖြစ်ရပ်ကိုထောက်ပြခြင်းမျိုးအားနည်းသည်။
(လက်ပံတောင်းတောင်သပိတ်ကိုဖြိုခွဲမှုမှာ၁၄၄ပုဒ်မထုတ်ပြန်ထားသဖြင့်ဥပဒေအရသပိတ်ကို ဖြိုခွဲခွင့်ရှိသည်။သို့သော်အကြမ်းဖက်ဖြိုခွဲမှုမှာလူယဉ်ကျေးတို့၏လုပ်ရပ်မဟုတ်။ထောက်ပြလိုသည်မှာ ဥပဒေအတိုင်းမည်သို့တရားမျှတအောင်ဆောင်ရွက်မည်ဆိုသည်ကိုIssue ပေါ်အခြေမခံဘဲ လုပ်ဖို့ဖြစ်သည်)
တရုတ်နိုင်ငံတွင်ဆန္ဒပြခြင်းကိုခွင့်မပြုသော်လည်းဂျပန်နှင့်အမေရိကန်ဆန့်ကျင်ရေးဆိုပါကလမ်းမပေါ် တရုတ်ကျောင်းသားကျောင်းသူသိန်းနဲ့ချီဆန္ဒပြသည်ကိုလွှတ်ပေးထားသည်။ တရုတ်နိုင်ငံနှင့်ပတ်သက်လာပါကတရုတ်တို့ လမ်းပေါ်ထွက်ခွင့်မရ။
ဆန္ဒပြမှုများကိုမြန်မာပြည်တွင်စိုးရိမ်စရာဖြစ်သည်၊နောက်ကြောင်းပြန်လှည့်ဖို့ဖိတ်ခေါ်နေခြင်းဖြစ်သည်ဟု ၀ါဒဖြန့်ခြင်းသည်လစ်ဘရယ်ဒီမိုကရေစီရှင်သန်စေရန်အားပေးခြင်းမဟုတ်ဘဲဥပဒေကို လက်တစ်လုံးခြားလုပ်ပြီးဖြိုခွဲမည့်အာဏာပိုင်များကိုထိပ်တိုက်ရင်ဆိုင်ခြင်းဟုနားလည်နေပြီး
နောက်ကြောင်းပြန်လှည့်နိုင်သည်ဟုစိုးရိမ်ခြင်းဖြစ်သည်။

မြန်မာ့အသွင်ကူးပြောင်းရေးသည် ၂နှစ်အတွင်းဒီမိုကရက်တိုက်ဇေးရှင်းနှင့် ယှဉ်တွဲပုံဖော်နေရသည်ကိုမေ့နေကြသည်။လစ်ဘရယ်လိုက်ဇေးရှင်းနှင့်ဒီမိုကရက်တိုက်ဇေးရှင်း တပြိုင်တည်းပုံဖော်ရာတွင်အလှုပ်အရမ်းများသည်ကိုနားလည်ထားရမည်။
ထိုအလှုပ်အရမ်းကိုနောက်ကြောင်းပြန်လှည့်နိုင်သည်ဟု ယူဆနေပါကဒီမိုကရေစီအခြေကျဖို့ မဖြစ်နိုင်။နိုင်ငံရေးခရိုနီနှင့်ဥပဒေကိုလက်တစ်လုံးခြားလုပ်သူအာဏာပိုင်များ၏မှားယွင်းမှုကို မပြောကြနဲ့ဆိုသည့်ချွေးသိပ်သောအတွေးအခေါ်သည်သာတကယ့်နောက်ကြောင်းပြန်နေသော စိတ်ဓါတ်တို့ဖြစ်သည်။
  ထိုသို့ မပြည့်ဝသော အတွေးအခေါ်တို့သည် နောက်ကြောင်းပြန်ဖို့ မျိုးစေ့ချနေခြင်းဖြစ်သည်။

လာဘ်ပိတ်နေရင်ဒီဂါတာလေးရွတ်လိုက်ပါ



တစ်ခါကမြစ်ကြီးနားမြို့မှသက်တော်(၂၃)နှစ်ရှိဦးဇင်းတစ်ပါးသည်ရွှေတဂုံဘုရားမဖူးဘူးသောကြာင့် ဘုရားဖူးရန်အလို့ငှာအဓိဋ္ဌာန်ဖြင့်ခြေလျှင်လျောက်လာလေ၏။ဇေယျဝတီမြို့သို့ရောက်သောအခါ၌ ဦးဇင်းလေး၏ သတင်းသည် ကျယ်ပြန့်၍ သွားလေတော့၏။
ကျွန်ုပ်၏မိတ်ဆွေစာရေးဆရာတက္ကသိုလ်တင်ထွန်းအောင်သည်ထိုဦးဇင်းလေး၏ဘေးမှကပ်၍ လိုက်လာလေ၏။လမ်းတွင်လှူဒါန်းကြသောလူများများပြားသောကြောင့်သပိတ်နှင့်မဆန့်ရကား ၎င်းတင်ထွန်းအောင်နှင့်မိတ်ဆွေများကလှူဒါန်းသောဆွမ်း၊ဆွမ်းဟင်းများကိုတောင်းများဖြင့်ထည့်ကာနီးရာ ဘုန်းကြီးကျောင်းများသို့ဝင်ရောက်လှူဒါန်းပေးရ၏။
ထိုဦးဇင်းလေးရွှေတိဂုံဘုရားရင်ပြင်တော်ပေါ်သို့ရောက်သောအခါ၌ဦးဇင်းလေးကိုမြင်တွေ့သူတိုင်းက ၀တ္ထုငွေများပြေးလာ၍လှူဒါန်းကြလေ၏။ဦးဇင်းလေးအားသောအချိန်၌ကျွန်ုပ်၏မိတ်ဆွေစာရေးဆရာ တက္ကသိုလ်တင်ထွန်းအောင်က...ဦးဇင်းသိပ်ပြီးလာဘ်ရွှင်တာပဲ....။အဆောင်ကောင်းရှိပါသလား....။ ရှိရင်လည်း တပည့်တော်တို့ကို ချီးမြှင့်ပါ...ဟု တောင်ဆိုလေတော့၏။
ထိုအခါဦးဇင်းလေးက...အဆောင်ရယ်လို့တော့မရှိပါဘူး...ဒကာကြီးရယ်။ရဟန်းဝတ်တဲ့နေ.ကစပြီးဦးဇင်း အမြဲရွတ်တဲ့ဂါထာတော့ရှိပါတယ်။မနက်အခေါက်(၂၀)ညအခေါက်(၂၀)ရွတ်တယ်။သုံးလပြည့်တဲ့အခါမှာ အခု ဒကာကြီးတွေ့တဲ့အတိုင်းပဲ လာဘ်တွေ ပွင့်ကုန်တော့တာပဲ။ ဒကာကြီး ရွတ်ချင်ရင် ဦးဇင်းပေးပါမယ်... ဟုဆိုကာ အထက်ပါဂါထာကို ပေးလေတော့၏။
၎င်းစာရေးဆရာတက္ကသိုလ်တင်ထွန်းအောင်သည်ကျွန်ုပ်အားတစ်ဆင့်ပြန်၍ပေးလေ၏။ကျွန်ုပ်လည်း လာဘ်လာဘချို့ငဲ့သောကျွန်ုပ်၏သူငယ်ချင်းများကိုခေါ်ကာရေးပေးလေ၏။၎င်းသူငယ်ချင်များသည် သုံးလတိတိ ရွတ်ဆိုပြီးသောအခါ ကျွန်ုပ်ထံသို့ ရောက်လာကြ၏။ ထိုသို့ ရောက်လာပြီးလျှင်
ဖိုးအောင်ထွန်းရေ....မင်းပေးလိုက်တဲ့ဂါထာကိုသုံးလတိတိရွတ်ပါတယ်ကွာ။မင်းပြောတဲ့ ဦးဇင်းလေးလောက်တော့ထူးထူးခြားခြားလာဘ်မရွင်ပါဘူး။ဒါပေမဲ့လို့ဒို့နည်းဒို့ဟန်နဲ့တော့အတော်ကို အဆင်ပြေပါတယ်...ဟုဝန်ခံစကားပြောကြကုန်၏။ထို့ကြောင့်ကျွန်ုပ်၏စာဖတ်ပရိသတ် ရွတ်နိုင်ရန်အတွက်စေတနာရှေထား၍ဖော်ပြလိုက်ပါသည်။နံနက်အိပ်ယာထအခေါက်(၂၀)။ညအိပ်ရာဝင် အခေါက်(၂၀)၊ယုံယုံကြည်ကြည်ရက်ပေါင်း(၉၀)မပျက်တန်းရွတ်ပါလေ။အကျိုးထူး ရလိမ့်မည်ဖြစ်သတည်း။
                                                                        
                                                                          ဆရာဟိန်းတင့်ဇော် မှကူညီပံပိုးပေးပါသည်

Tuesday, January 29, 2013

ထူးခြားသောဖြစ်ရပ်မှန်

ကျွန်တော်သည် တောင်ဒဂုံမြို့နယ် ၂၅-ရပ်ကွက်တွင် နေထိုင်သူတဦးဖြစ်ပြီး စက်မှုဇုန် ၁-ရှိ ကုမ္ပဏီတခုမှ စာရင်းကိုင် ၀န်ထမ်းလည်း ဖြစ်ပါသည်။ အသက် ၆၀-ကျော် မိဘနှစ်ပါးကို တတ်စွမ်းသမျှ အလုပ်အကျွေး ပြုနေသူတဦးလည်း ဖြစ်ပါသည်။

အကို အမများမှာ အိမ်ထောင်အသီးသီးကျပြီး ပြောင်းရွှေ့သွားကြရာ ကျွန်တော်အလုပ်သွားချိန်တွင် အိမ်၌ အဖေနှင့်အမေသာ ကျန်ရစ်ခဲ့ပါသည်။ ကျွန်တော်သည် ဗုဒ္ဓဘာသာဝင်တဦးပီပီ ဘာသာရေးဘက်တွင် နားလည်သလောက် လေ့လာလိုက်စားပါသည်။ မြတ်မင်္ဂလာ၊ ဓမ္မရံသီ အစရှိသော စာစောင်များ ဖတ်ရှုခြင်း အခါအားလျော်စွာ တရားနာယူခြင်း တရားရှုမှတ်ခြင်းများကို အခါအခွင့်သင့်တိုင်း ကြိုးစားပြုလုပ်တတ်ပါသည်။

၂၀၀၇-ခုနှစ် ဇွန်လ၏ မိုးသည်းသော နေ့တနေ့။
ကျွန်တော် ရုံးမှပြန်လာချိန် ညနေပိုင်းတွင် အိမ်မှာ အဖေမရှိပါ။ မကွေးမှ ဆွေမျိုးများထံ အလည်အပတ်သွားနေရာ အမေသာ ထမင်းဟင်းချက်ရင်း စောင့်နေပါသည်။ ရောက်လျှင်ရောက်ချင်း အိမ်ရှေ့ခန်းမျက်နှာကြက်မှ မီးလုံးဟောင်းကို လဲလှဲနေစဉ် ဝေါ-ခနဲ မြည်ဟည်းလာသည့် ထူးဆန်းသောအသံကြီး နှင့်အတူ မုန်တိုင်းဟေ့၊ မုန်တိုင်း ဆိုသော ဆူညံသော သတိပေးသံများ ထွက်ပေါ်လာပါသည်။

သား ဘာသံကြီးလဲ။
လာ လာ အမေ၊ ဒီအခန်းထောင့်မှာ ၀ပ်နေလိုက်။
အမေ့ကို အကာအကွယ်ပြု ၀ပ်နေကြစဉ်မှာပင် အိမ်ခေါင်မိုး သွပ်ပြားများသည် လေပြင်းနှင့်အတူ အလွန်လျင်မြန်သော အရှိန်အဟုန်ဖြင့် လွင့်ထွက်သွားကြသည်ကို တအံ့တသြ ခံစားသိရှိလိုက်ရပါသည်။ အချိန်တိုလေးအတွင်းမှာပင် အင်အားပြင်းထန်သော လေဆင်နှာမောင်းတိုက်ခန်မှု ရပ်ဆိုင်းသွားပါသည်။

သို့ရာတွင် ကျွန်တော်တို့ ပတ်ဝန်းကျင်မှ အိမ်ခေါင်မိုးများ၊ ဆိုင်ခန်းအမိုးများမှာ လွင့်ထွက်ပျက်စီးသွားကြသလို သစ်ကိုင်းကြီးများ ကျိုးကြေပြီး ပိကျမှုဒဏ်ကြောင့် အချို့ ပြိုပျက်ကုန်ကြပါသည်။ ရုတ်တရက် သတိပြန်ဝင် လာချိန်တွင် မြင်တွေ့ရသော မြင်ကွင်းများကြောင့် ကျွန်တော်များစွာတုန်လှုပ်မိပါသည်။ ကျွန်တော်တို့၏ အိမ်တဆောင်လုံးနီးပါး သွပ်ချပ်များ ကွာကျသွားပြီး ဟင်းလင်းပြင်ကြီး ဖြစ်နေပါသည်။ သွပ်ချပ်အနည်းငယ်သာ ပြန်လည်ကောက်ယူနိုင်သော အခြေအနေတွင် ရှိနေပါသည်။ ပတ်ဝန်းကျင်မှာလည်း အော်သံ ဟစ်သံ အထိတ်တလန့် အကူအညီတောင်းသံများကို စိတ်နှလုံး မချန်းမြေ့ဖွယ်ရာ ကြားနေရပါသည်။

မောင်ထက်မြတ်၊ လောလောဆယ် တာလပတ် မိုးထားလိုက်ပါလား။
ဟုတ်ကဲ့ ဦးလေး၊ ကျွန်တော့ကို နည်းနည်းဝိုင်းကူကြပါ။ အဖေကလည်း မကွေးသွားနေလို့။
ရပါတယ်၊ တို့အိမ်ပြီးရင် လာခဲ့မယ်။
အိမ်နီးနားချင်းတို့၏ အကူအညီကို ရယူပြီး ယာယီအမိုး ပြုလုပ်ထားရပါသည်။ သွပ်မိုးနှင့် သစ်သားတန်းများ ပျက်စီးဆုံးရှုံးမှုများကို တွေးတောရင်း အမေလည်း အတော်ပင် ၀မ်းနည်းလျက်ရှိနေပါသည်။

အမေ သိပ်လည်း ၀မ်းနည်းမနေပါနဲ့၊ လူမထိခိုက်တာဘဲ တော်လှပါပြီ။
အေးပါ သားရယ်၊ ဒါပေမယ့် ဒီသွပ်ပြားတွေ ပြန်ဝယ်မိုးဖို့ဆိုတာ. . .
မှန်ပါသည်။ ကျွန်တော့်အပေါ် စာနာသော အမေက ငွေကြေးကုန်ကျမှု အတိုင်းအတာအတွက် တွေးတောပူပန်သလို ကျွန်တော်ကိုယ်တိုင်လည်း လက်ရှိဈေးနှုန်းအရ သွပ်ချပ်တန်ဖိုးကို သိရှိထားသူဖြစ်ရာ စိတ်ထဲ လေးလံနေမိပါသည်။

အားမငယ်ပါနဲ့ အမေရယ်၊ သားလစာထဲက ဖဲ့ပြီး စုထားတာလေးတော့ ရှိပါသေးတယ်။
အဲဒါ မင်းခရီးထွက်ဖို့ စုထားတာမဟုတ်လား။ အမေ နှမြောလိုက်တာကွယ်။
ဖြစ်လာမှတော့ ဘာတတ်နိုင်မှာလည်း အမေရယ်။
ညနေ ၆-နာရီခန့်တွင် ရပ်ကွက်အတွင်းမှ လေပြင်းဒဏ်လွတ်မြောက်သူ စေတနာရှင်များက ထမင်းထုပ်များ၊ ဘီစကွက်ထုပ်များကို တတ်အားသမျှ လိုက်လံဝေငှကာ အားပေးစကားများ ပြောကြားကြသည်။ သူတို့ကျေးဇူးကြောင့် စိတ်အားငယ်မှုများ အတော်အတန် ပြေပျောက်ခဲ့ရပါသည်။

လေပြင်းဒဏ်လွတ်မြောက်သူများထဲတွင် ကျွန်တော်နှင့် တရုံးတည်းသား သူငယ်ချင်းကိုနန္ဒလည်း ပါဝင်သည်။
ဘာမှ အားမငယ်ပါနဲ့။ လိုတာရှိရင် တို့ကိုပြော-ဟု အားပေးစကား ဆိုလာသည်။ ကျေးဇူးတင်စွာဖြင့် ကျွန်တော် နက်ဖြန် အိမ်ပြင်ဖို့ ရုံးကို ခွင့်တင်ပေးပါ-ဟု အကူအညီတောင်းဆိုရပါသည်။
ထိုနေ့ညက မိုးတစိမ့်စိမ့် ရွာသွန်းနေရာ အမိုးအကာ မလုံခြုံသောကြောင့် ကျွန်တော်နှင့်အမေတို့ အိပ်လို့မပျော်ကြပါ။ လေပြင်းမုန်တိုင်း နောက်တချီ ထပ်လာဦးမလားဆိုသော စိုးရိမ်စိတ် ရောပြွန်းနေ သောကြောင့်လည်း ဖြစ်ပါသည်။

သား ဘုရားရှိခိုးပြီးပြီလား။
ဟုတ်ကဲ့ သား အခုပဲ ရှိခိုးတော့မလို့ အမေ။
အေးကွယ် မြတ်စွာဘုရားမှတပါး အားကိုးစရာ မရှိပါဘူး။ သားလည်း ဘုရားမှာဆုတောင်းဟုတ်လား။
ဟုတ်ကဲ့ပါ အမေ။

အမေ့ကို ကတိစကားဆိုရင်း အိမ်ရှေ့ဘုရားစင်ရှေ့တွင် ကျွန်တော် ဒူးတုပ်ထိုင်ချလိုက်ပါသည်။ ဆီမီးထွန်းညိပူဇော်ထားသည့်အတွက် ကျောင်းဆောင်ငယ်ထဲမှာ မြတ်စွာဘုရား ဆင်းတုတော်မှာ သက်ရှိထင်ရှားရှိသည့်အလား ၀င်းဝါသပ္ပါယ်နေသည်။ ကျွန်တော့စိတ်ထဲတွင် သက်တော်ထင်ရှား ကိုယ်ထင်ပြသည့်အလား ယုံကြည်ရင်း အားငယ်စိတ်များ ပျောက်ပျက်သွားသလို ခံစားမိပါသည်။

ကျွန်တော်သည် မြတ်စွာဘုရားကို မျက်လုံးစုံမှိတ် အာရုံပြုကာ လက်အုပ်မိုးရှိခိုးရင်း တပည့်တော်သည် ရိုးသားစွာ ရှာဖွေရရှိသော လုပ်ခလစာငွေဖြင့် မိဘနှစ်ပါးတို့အား ပြုစုစောင့်ရှောက်ပါသည်။ ထို့ပြင် ငယ်စဉ် သိတတ်စကာလမှစ၍ ယနေ့ထက်တိုင် ကျေးဇူးရှင်ဖြစ်သော နွားသတ္တ၀ါတို့၏ အသားကို မစားဘဲ ရှောင်ကြဉ် ခဲ့ပါသည်ဘုရား။ ဤမှန်ကန်သောသစ္စာစကားကြောင့် တပည့်တော် ကြုံတွေ့နေရသော အခက်အခဲများကို ဖြေရှင်းနိုင်ပါစေ အရှင်ဘုရား-ဟု နှလုံးသားထဲမှ လေးလေးနက်နက် ဆုတောင်းရင်း အိပ်ရာဝင်ခဲ့ပါသည်။

နောက်တနေ့ ညနေစောင်းတွင် ကျွန်တော်သည် ပြန်လည်ကောက်ယူရရှိသော သွပ်ချပ်ဟောင်းများကို ဖာထေးပြုပြင်နေစဉ် သွပ်ချပ်အသစ်အများ တင်ဆောင်ထားသော ဒိုင်နာကားကြီးတစင်း ရောက်ရှိလာပါသည်။ ကားရှေ့ခန်းတွင် ကျွန်တော့်ကုမ္ပဏီမှ မန်နေဂျာ ဦးရန်နိုင်နှင့်အတူ သူငယ်ချင်း ကိုနန္ဒတို့ကိုပါ တွေ့ရပါသည်။

မောင်ထက်မြတ်၊ ဘာမှစိတ်မညစ်နဲ့တော့။ မင်းသတင်းကို ကြားတာနဲ့ ဆရာတို့အားလုံးက ဒီလိုကူညီဖို့ ဆုံးဖြတ်လိုက်ကြတာပဲ။ ဟောဒီမှာ သွပ်ချပ်ခြောက်ဆယ်။ ပြန်မိုးဖို့ လောက်တယ်မဟုတ်လား။
သူငယ်ချင်း မင်းအတွက် တို့ဌာနက မုန့်တွေ ၀ယ်ပေးလိုက်သေးတယ် ရော့။
ဟုတ် ဟုတ်ကဲ့၊ ကျေးဇူးတင်လှပါတယ် ခင်ဗျား။
ရုတ်တရက်မို့ ကျွန်တော်နှင့် အမေတို့ မယုံကြည်နိုင်လောက်အောင်ပင် အံ့သြမင်သက်နေမိပါသည်။ ခေတ်ကာလဈေးအားဖြင့် တန်ဖိုးမနည်းလှသော သွပ်ချပ်များကို ရရှိခဲ့ခြင်းမှာ ကျွန်တော့အလုပ်ကြိုးစာမှုအပြင် ဘုရား တရား သံဃာ မိဘ ဆရာတို့၏ ကျေးဇူးတရားကြောင့်ဟု ခံစားနားလည်မိပါသည်။ ထို့ပြင် ညအိပ်ရာ ၀င်ခါနီးတွင် ကျွန်တော်ဆိုထားခဲ့သော နွားသတ္တ၀ါ၏အသားကို ရာသက်ပန် ရှောင်ကြဉ်ခဲ့ပါ၏-ဟူသော အရိုးစင်းဆုံး မှန်ကန်သော သစ္စာစကားကြောင့် ယခုလို အကျိုးပေးထူးကြောင်း အသေအချာ ယုံကြည်လိုက် ပါသည်။ စစ်မှန်သော သစ္စာစကားကြောင့် စေတနာမေတ္တာများ ရောင်ပြန်ဟပ်ကာ အကျိုးကျေးဇူး ချက်ချင်းလက်ငင်း ခံစားခဲ့ရသည့်အတွက် ကံ ကံ၏အကျိုးကို ဆတက်ထမ်းပိုးတိုးပြီး ယုံကြည်သက်ဝင်ခဲ့မိ ပါတော့သည်။
( သူငယ်ချင်း၏ ဖြစ်ရပ်မှန်ကို ရေးသားတင်ပြပါသည်)
                                                                 
 ဇွဲနေရောင်ခြည်
( မြတ်မင်္ဂလာ ၂၀၀၈-ခု ဇန်န၀ါရီလ)

ထိုတစ်နေ.( ဇရာဗျာဓိ ဆင်ခြင်မိခြင်း )

စာရေးသူသည် ဘုတလင်မြို့နယ် သခွတ္တနယ် အ-ထ-က ကျောင်းအုပ်ဆရာကြီးအဖြစ် ထမ်းဆောင်ဆဲဖြစ်ပါသည်။ အသက် ၈၆-နှစ်အရွယ်ရှိ ယောက္ခမကြီးကို ဇနီးဖြစ်သူက မငြိုမငြင် ဝေယျာဝစ္စပြုစုလျက်ရှိပါသည်။

ယနေ့ကား ဇနီးဒေါ်ခင်ဆွေသည် သားကြီးမောင်သက်နိုင်ဦးနှင့်အတူ မုံရွာသို့ ဈေးဝယ်သွားသည့်အခါ စာရေးသူနှင့် သားငယ် မောင်သက်နိုင်ဇော်တို့သည် အိမ်စောင့်ရင်း ဈေးရောင်းရင်း ကျန်ရစ်၏။
နေ့လယ်ခင်းတွင် အိပ်ရာထက်မှ ယောက္ခမကြီးက ငါ-အပြင်ထွက်တော့မယ်ဟေ့-ဆိုသဖြင့် အိမ်ထဲက ခုတင်မှသည် အပြင်တန်းလျား (မီးဖိုထဲ)သို့ တွဲပို့ရပါသည်။

ထိုတန်းလျားသို့ရောက်ရန် ခြေလှမ်းပေါင်း ၆၀-ခန့် လှမ်းရပါသည်။ သာမန်အနေဖြင့် ခြေလှမ်း ၁၂-လမ်းခန့်သာ ရှိပါလိမ့်မည်။
တန်းလျားမှာ နေရာချထားပြီးသည့်အခါ ထမင်းစားချင်သည်ဆိုသဖြင့် ကျွေးမွေးရပေ၏။
ထို့နောက် ရေချိုးမည်ဆိုသဖြင့် ရေချိုးကျောက်ပျဉ်သို့ တွဲပို့ရ၏။ ထိုအခါမှာလည်း ခြေလှမ်းပေါင်း ၅၀-ခန့်မျှ ခက်ခက်ခဲခဲ လှမ်းရပါပေသည်။

ဇရာအို ယောက္ခမကြီး၏ ခြေလှမ်းများသည် ခြေလှမ်းစိပ်စိပ်မျှသာ ဖြစ်သည်။ ရှေ့ခြေလှမ်းနှင့် နောက်ခြေလှမ်း သည် လက်တဖ၀ါးခန့်သာ ကွာခြားပေ၏။ သာမန်အနေဖြင့် ခြေလှမ်းပေါင်း ၁၀-လှမ်းစာမျှသာ ရှိပါပေသည်။ သို့ဖြစ်ပေရာ ဇရာခြေလှမ်း၊ ဘယ်လိုလှမ်းလည်း၊ လှမ်းစိပ်စိပ်မျှ၊ ဗျာဓိပြသည်၊ မရဏခရီး၊ နီးပြီတကား-ဟု ရှုမြင်မိပါသည်။

ယောက္ခမကြီးမှာ ခေါင်းမှဆံပင်ကို ကတ်ကြေးဖြင့် ကိုက်ဖြတ်ထားခြင်းအရ ဆံတိုစုတ်ဖွား ဖြူကြောင်ကျား ဖြစ်နေပါပြီ။ ခေါင်းတုံးတုံးရအောင်ဆိုသည်ကို မနေတတ်ဆိုသဖြင့် ကတ်ကြေးဖြင့်သာ ကိုက်ထားရခြင်း ဖြစ်သည်။
ရေချိုးပြီး ထမည်ပြုသော် သူ့ဘာသာ မထနိုင်သဖြင့် ထူမပေးရပါပေသည်။ သူ့ထမီ သူလည်းယူငင်မ၀တ်နိုင်ပါပြီ။ ထမင်းစားလျှင်လည်း လက်ဖက်ရည်ပန်းကန် နှစ်လုံးစာမျှသာ စားနိုင်ပါသည်။

ခန္ဓာဟုဆို၊ ရှိတိုင်းကိုယ်လည်း၊ အိုတရွေ့ရွေ့၊ နောက်ဆုံးနေ့၌၊ စုတေ့မမြဲ၊ ပြိုကွဲအားလုံး၊ သေခြင်းဆုံး၏-ဟူသည်ကို သံဝေဂရယူမိပါ၏။
ခန္ဓာရထား၊ သံသရာသွား၊
လေးပါးဘူတာ၊ ဆိုက်ရရှာ။
ဇာတိမှထွက်၊ ဇရာဆက်၊
နာချက် မရဏာ၊ လေးဘူတာ-ဟူသည့် ကြားနာရမှုနှင့်အတူ သံဝေဂယူမိပါသည်။

၂၀၀၇-ခုနှစ် ဧပြီလထုတ် မြတ်မင်္ဂလာစာစောင်ပါ ဆရာသိပ္ပံစိုးလှ-၏သတိသံဝေ ယူကြပေရော့-ဟု အိုခြင်း၊ နာခြင်း ဒုက္ခကို ဖော်ပြချက်အား စွဲမြဲမိခြင်းနှင့်အတူ လက်တွေ့ဆင်ခြင်မိပါသည်။ ထိုသို့ ရှုမြင်ဆင်ခြင်မိရင်း
တနေကွယ် သေနယ်သို့ တခါကူး၊
မေ့လျော့ကာ သေဘူးထင်ပါနဲ့ ၊
နေကွယ်တာ အချိန်များရင်ဖြင့်၊
သေနယ်ရွာ တကြိမ်သွားပါလိမ့်ကွယ်၊
တားမရဘူး။
ဟူသည်ကို ထပ်ဆင့်သံဝေဂ ပွားမိပါတော့သတည်း။

ဝင်းမောင် (မြိုင်သာ)

ဒူးရင်းသီး နှင့် အာလူးများ...

ကြော်ငြာ မကပ်ရ။
အမှိုက် မပစ်ရ။
ပန်း မခူးရ။
မြက်ခင်းပေါ် မနင်းပါနဲ့။
ပိုက်ဆံ မပေးပါနဲ့။
ဆေးလိပ် မသောက်ရ။

သူနဲ့သက်ဆိုင်ရာ ဆိုင်ရာနေရာများတွင် ထိုစာတန်းကလေးများကို ဆိုင်းဘုတ်၌ ရေးသား၍ ချိတ်ဆွဲထားသည်ကို၎င်း၊ စာရွက်တွင် ရေး၍ ကပ်ထားသည်ကိုသော်၎င်း၊ စာရှုသူများ သတိထားမိကြပါလိမ့်မည်။ ထိုစာတန်းများသည် တားမြစ်ချက်များ (တားမြစ်ထားသော စာတန်းများ) ဖြစ်၏။ ကျွန်တော့် သူငယ်ချင်း စာရေးဆရာ မောင်ညိုပြာ-ကမူ ထိုစာတန်းများကို “အသက်မဝင်သော စာတန်းများ”ဟု ခေါ်ဝေါ်ခြင်း ပြု၏။ အမှန်တကယ်လည်း ထိုစာတန်းများသည် ချိတ်ဆွဲထားရုံကလွဲ၍ တစ်စုံတစ်ရာ အသက်ဝင်ခြင်း မရှိသည်မှာ အမှန်ပင်ဖြဟ်၏။ လူအချို့သည် ထိုတားမြစ်ချက်များကို ပြောင်ပြောင်တင်းတင်း ကျူးလွန်ဖောက်ဖျက်ခြင်းပြုနေသည့်နောက် ထိုစာတန်းများ ရေးသားချိတ်ဆွဲ ထားခြင်း၊ သို့မဟုတ်-ကပ်ထားခြင်းသည်လည်း လုံးဝ အဓိပ္ပါယ်မရှိတော့ပြီ မဟုတ်သလော။

“ကြောငြာ မကပ်ရ”ဟူသော နေရာ၌ ကြော်ငြာ ကပ်ကြ၏။
“အမှိုက် မပစ်ရ”ဟူသောနေရာ၌ အမှိုက် ပစ်ကြ၏။
“ပန်း မခူးရ”ဟူသော ဥယျာဉ်၌ မိမိကိုယ်ကို မရွှေအထက်တန်းစားဟု ယူဆထားကြသော မိန်းမ ကြီး,ငယ် များက ပန်းတွေခူးကြ၏။
မြို့တော်၏ အလှအပအတွက် တမင်မွေးမြူ စိုက်ပျိုးထားသော မြက်ခင်းများကို မြက်ခင်းပေါ် မနင်းပါနဲ့ဟူသောာ စာတန်းအား မျက်ကွယ်ပြုလျက် ခြေဖြင့် နင်းကာကျော်ဖြတ်ကြ၏။
“ပိုက်ဆံ မပေးပါနဲ့”ဟူသော နေရာများတွင်လည်း တောင်းသည့်သူက တောင်းနေတော့ မပေး၍ မဖြစ်ပြန်၊ ထို့ကြောင့် “ပိုက်ဆံ မပေးပါနဲ့”ဟူသော  တားမြစ်ချက်ကို ချိုးဖောက် ပိုက်ဆံပေးခြင်းအမှုကို မလွှဲမရှောင်သာ ပြုမိကြပြန်၏။

“ဆေးလိပ် မသောက်ရ”ဟူသော စာတန်းသည်လည်း လုံးဝ အဓိပ္ပါယ်မရှိသယောင်၊ ကောင်ကလေးတချို့သည် ဆေးလိပ်ကြော်ငြာ မင်းသားဂိုက်ဖမ်းလျက် ငါးသုံးလုံး စီးကရက်ကို နှုတ်ခမ်းတွင်တေ့ကာ ကားပေါ်သို့တက်လာကြ၏။ ထို့ကြောင့် ကျွန်တော့်သူငယ်ချင်း စာရေးဆရာ (မောင်ညိုပြာ)က ထိုစာတန်းများကို “အသက်မဝင်သော စာတန်းများ”ဟု ပြောသည်မှာ မလွန်၊ အမှန်ကို အမှန်အတိုင်း ကြော်ငြာခြင်းသာ။ ယင်းသည် စာရေးဆရာ၏ တာဝန်ပင် မဟုတ်သလော။

တရားဝင်တားမြစ်ထားသည့် ရေးသားဖော်ပြထားသည့်၊ စာတန်းများ မရှိသော်လည်း မိမိ၏အသိစိတ်ဓာတ်ဖြင့် မိမိဘာသာ ဆင်ခြင်ရမည့် လုပ်ဆောင်ရမည့်  အရာတွေလည်း အများကြီးပင်ရှိပါသည်။
ဆိုပါတော့---
ကားပေါ်တွင် “သံဃာတော်များသာ”ဟူသော သီးသန့်စာတန်း ရှိ၏။ ကိုယ်ဝန်ဆောင် မိန်းမများအတွက်၊ သက်ကြီးရွယ်အိုများအတွက် ဟူ၍ကား သီးသန့်စာတန်း ရေးမထား၊ သို့သော် မိမိ၏ လူမှုရေးအသိ စိတ်ဓာတ်၊ ယဉ်ကျေးမှုအရ ကိုယ်ဝန်ဆောင် မိန်းမ၊ သက်ကြီးရွယ်အို ကလေးတွဲလောင်းနဲ့ သားသည်မိခင် အစရှိသည်တို့ကို ထိုင်နေသူအချို့က နေရာမှ ထပေးကြ၏။ ဦးစားပေးကြ၏။ တချို့ကတော့ မသိကျိုးကျွန် ပြုနေကြလေသည်။ 

ကျွန်တော်သည် ကားစီးရင်း တွေးမိတွေးရာ လျှောက်တွေးနေရာမှ ဆူးလေကားဂိတ်မှ အလုအယက် ဆူညံဆူညံဖြင့် တက်လာသောလူအုပ်ကြောင့် ရုတ်တရက် လန့်ဖျပ်သွားမိသည်။ ကျွန်တော့်ဘေးမှ ဆင်းသွားသော လူနှစ်ယောက်၏နေရာတွင် မိန်းမနှစ်ယောက် ဝင်ထိုင်သည်။ တစ်ယောက်က ကိုယ်လုံးကိုယ်ပေါက် ခပ်တောင့်တောင့်၊ ဆိုဖီယာလောရင်းလို ပုံစံမျိုး၊ သူတို့ ဝင်ထိုင်လိုက်သည်နှင့် သူတို့ဆီမှ ပြင်းထန်စူးရှသော အနံ့တစ်ခုကို သတိထားမိလိုက်သည်။ ကားထွက်သည်နှင့် ထိုမိန်းမနှစ်ယောက်သည် ၄င်းတို့၏ ဆွဲခြင်းတောင်းထဲမှ အထုပ်ကိုယ်စီကို ထုတ်ယူလိုက်ကြသည်။ ပြီးတော့ နှစ်ယောက်သား စကားတပြောပြောနဲ့ ၄င်းတို့၏အထုပ်ထဲမှ ဒူးရင်းသီးအမွှာများကို အားရပါးရ စားတော့သည်။ ခပ်တောင့်တောင့် မိန်းမ ဆိုဖီယာလောရင်းက အကဲဆုံး၊ ကျွန်တော် ကားပေါ်မှ ခုန်ချထွက်ပြေးချင်စိတ်ပင် ပေါက်လာ၏။ (လူတစ်ယောက်အတွက် အစားသည် အခြားလူတစ်ယောက် အတွက် အဆိပ်အတောက်) ဖြစ်နေတတ်သည်ဟူသော စကား၊ အသိတရား၊ ထိုမိန်းမနှစ်ယောက်တွင် ရှိဟန်မတူ။ သူတို့ မြိန်ရေယှက်ရေ စားနေသော ဒူးရင်းသီး၏အနံ့ကြောင့် ကျွန်တော့်မှာ ချက်ချင်း အကောင်းပကတိကနေ ခေါင်းတွေကိုက်၊ ဇက်ကြောတွေတက်လာကာ အလိုလိုနေရင်း စိတ်တွေ တိုလာတော့သည်။

ကျွန်တော့်တွင် အသင့်ပါလာသော ပရုတ်ဆီဘူးကလေးပါ၍ တော်သေးသည်။ ကျွန်တော်သည် လွယ်အိတ်ထဲမှ ပရုတ်ဆီဘူးကို ထုတ်ယူ၍ နှာခေါင်းကို ဦးဆုံးပွတ်၊ နားထင်နှစ်ဖက်ကို ပွတ်၊ ကုပ်ကြော နှစ်ဖက်စလုံးကို ပွတ်မိနေ၏။ ကျွန်တော့်အရှေ့ အလယ်တန်းခုံတွင် ထိုင်နေသော မိန်းမပျိုကလေး သည်လည်း နှာခေါင်းကို လက်ကိုင်ပုဝါဖြင့် အုပ်ထားသည်ကို တွေ့ရ၏။ ထို့ကြောင့် ကျွန်တော်သည် အလိုက်သိစွာဖြင့် သူ့ကို ပရုတ်ဆီဘူးကလေး လှမ်းပေးလိုက်မိသည်။ တခြားသူတွေကို လှမ်းကြည့်လိုက်တော့လဲ မျက်နှာတွေ ရှုံ့မဲ့လျက်။ စင်စစ် ဒူးရင်းသီးလို အစားအစာမျိုးမှာ မိမိအိမ်တွင်မိမိ ထမင်းတွေ ဘာတွေ စားသောက်ပြီးမှ အချိုတဲသည့်အနေဖြင့် အေးအေးဆေးဆေး စားသောက်ရမည့် အစားအစာမျိုး။ အခုလို လူပုံအလယ်တွင် စားရမည့် အစားအစာမဟုတ်၊ ယခုတော့ ၄င်းတို့နှစ်ယောက်၏ မဆင်ခြင်သော လွတ်လပ်မှု တစ်ကိုယ်ကောင်းဆန်မှုသည် လူအများအား အနှောင့်အယှက် ဖြစ်စေတော့၏။ သူတို့ကို တစ်စုံတစ်ယောက်က သူတို့၏ အပြုအမူကို ကန့်ကွက်ရှုတ်ချ ပြောဆိုသည်ဆိုပါအံ့ ထိုမိန်းမနှစ်ယောက်က ပြန်ပြောမည့်စကားကို ကျွန်တော် သိနေပြီးပြီ။ “ကိုယ့်ဘာသာကိုယ် စားတာ ဘာဖြစ်လဲ-ကားပေါ်မှာ ကားစီးရင်း ဒူးရင်းသီး မစားရဘူးလို့ တားမြစ်ထားတာ ရှိသလား၊ ဥပဒေကော ရှိသလား၊” ထိုသို့ အသိဉာဏ်မဲ့စွာ ကက်ကက်လန်အောင် ပြန်၍ ရန်တွေ့မည်မှာ သေချာ၏။ 

ကျွန်တော်သည် မိမိငယ်စဉ် မူလတန်းကျောင်းသားဖြစ်မည်။ ထိုအထုပ်ကလေးကား ၅၀-သားခန့်ရှိမည့် အာလူးထုပ်ကလေး။ အဆင်သင့် အခွံသင်ပြီးသား၊ အာလူးခြင်းကြီးထဲမှ အပုပ်အနာများကို သီးသန့်ဖယ်ထုတ်ပြီး ကုန်စုံပိုင်ရှင်က လမ်းဘေးဈေးသည်ကို ရောင်းလိုက်၏။ လမ်းဘေးဈေးသည်က ထိုအာလူးများကို အိမ်သို့သယ်လာကာ အိမ်တွင်ပြန်၍ ပြုပြင်၏။ ပြုပြင်သည်ဆိုခြင်းမှာ အာလူးများ၏ မကောင်းသည့် အစိတ်အပိုင်းများကို ဓားဖြင့် လှီးဖြတ်ကာ အခွံသင်ခြင်း ဖြစ်၏။ ပြီးမှ လမ်းဘေးဈေးတွင် ဈေးပေါပေါဖြင့် ချရောင်းဖြင်းဖြစ်၏။ ထို့ကြောင့် ထိုအာလူးများသည် တချို့က တခြမ်း၊ တချို့က တစိတ်၊ စောင်းသည့်ဟာက စောင်း၊ စွေသည့်ဟာက စွေ ပုံသဏ္ဍာန်အထွေထွေ ဖြစ်နေခြင်းပင်။ ဒါတွေကို နံနက်တိုင်း ဈေးသွားနေရသော ကျွန်တော်က နောကျေပြီးဖြစ်၏။ သူ့ကို ကျွန်တော် ပြောပြလိုက်ချင်ပါသည်။

“အာလူးမလေးရေ၊ ဒါ ရှက်စရာမဟုတ်၊ ကိုယ့်အကြောင်းနဲ့ ကိုယ်၊ ကိုယ့်အထွာနဲ့ ကိုယ်၊ စားသုံးရတာပဲ၊ ဘယ်သူ့ကိုမှ ထိခိုက်စေတာမှ မဟုတ်တာ၊ ရှက်ဖို့ကောင်းတာက ဟို-ဒူးရင်းသီးမတွေလို” သူသည် ၄၉-အစိမ်းပေါ်သို့ ကမန်းကတန်း ပြေးတက်သွား၏။ ကျွန်တော်ကား ဒဂုံထဲသို့ဝင်မည့် ကျွန်တော်တို့အပိုင်းကို ရောက်မည့် ၆၁-ကားကို ရှာဖွေရဦးမည်။ ကားတွေကား ရှုပ်ယှက်ခပ်လျက်၊ သို့သော် တွေ့သည့်ကားတိုင်း တက်စီး၍ရသည် မဟုတ်၊ သူ့အပိုင်းနဲ့သူ၊ သူ့လိုင်းနှင့်သူပါတကား။
                                                                                                      
                                                                                                ဇော်နောင်



ဆွမ်းအကျိုး

ကိုလတ်သည်အသက်၂၅-နှစ်အရွယ်လူငယ်တစ်ဦးဖြစ်သည်။ဘွဲ.တစ်ခုရရှိထားပြီးအလုပ်ရှာသော်လည်း မည်သည့်အလုပ်မှမရဖြစ်နေသည်။အလုပ်အင်တာဗျူးများဖြေတိုင်းမဖြေနိုင်သောကြောင့်အလုပ်ခန်.စာ၌ သူ၏နာမည်သည်လည်းလုံးဝပါမလာပေ။                                                                                                              
မကြာသောနေ.တစ်နေ.။ထိုနေ.သည်လည်းအခြားအလုပ်တစ်ခု၌အလုပ်အင်တာဗျူးဖြေဆိုရမည့်
နေ့ ဖြစ်သည်။ထိုနေ.တွင်ကိုလတ်သည်မနက်စောစောထ၍ဘုရား ရှိခိုးသည်။ထို့ နောက်နံနက် ၁၀-နာရီတွင် အိမ်မှ ထွက်လာခဲ့သည်။လမ်း၌ နေ့ လယ်စာကိုအင်တာဗျူးဖြေဆိုရမည့်နေရာနှင့် နီးသောမြန်မာထမင်းဆိုင်တစ်ဆိုင်တွင်ဝင်၍စားသည်။ကိုလတ်ထမင်းစားနေစဉ်ထမင်းဆိုင်ထဲတွင် ခရီးသွားဦးပဉ္စင်းနှစ်ပါးဆွမ်းဘုဉ်းပေးနေသည်ကိုမြင်လိုက်ရသည်။ထိုအခါကိုလတ်က ဦးပဉ္စင်းတို့ အနားသွားပြီး...“အရှင်ဘုရား၊ပြည့်စုံအောင် ဘုန်းပေးတော် မူပါဘုရား။တပည့်တော်၊ဤဆွမ်းပွဲကိုဒကာခံပါရစေဘုရား”ဟု လျှောက်ထားလေသည်။ဦးပဉ္စင်းက
 ကြည်ဖြူစွာလက်ခံပြီး“ဒကာကြီး၊ဤသို့ လှူဒါန်းရတဲ့ ဆွမ်းအကျိုးကြောင့် အစစ အရာရာ အဆင်ပြေ ချောမောပါစေ”ဟုဆုပေးလေသည်။ကိုလတ်သည်သူလှူဒါန်း ခဲ့ရသောအလှူအတွက်ကျေနပ် ကြည်နူး ခဲ့ရလေသည်။နေ့ လယ်၁၂-နာရီ၌ကိုလတ်အင်တာဗျူးဖြေသောအခါမေးခွန်းများကိုတစ်ခုမကျန် လွယ်ကူစွာဖြေဆို နိုင်ခဲ့သည်။ထို့ နောက်အလုပ်ခန့် စာ၌လည်းကိုလတ်နာမည်ထိပ်ဆုံးက ပါလာလေသည်။                                                                                                    ဤကဲ့သို့ လုပ်ရခြင်းသည်မိမိလှူခဲ့သောဆွမ်းအကျိုးကြောင့်ပင်ဖြစ်သည်ဟုကိုလတ်ယုံကြည်ယူဆနေပါသည်။ ညီလေးငယ်(လယ်တော်)                                                                                                                                                        မြတ်မင်္ဂလာ--------၂၀၁၂-ခုနှစ်၊ဧပြီလ                                                                                                        

ရုက္ခစိုးနှင့်အဘွားအို

တစ်ခါက ရွာတစ်ရွာတွင် အဘွားအိုတစ်ဦး ရှိသည်။ အဘွားအိုသည် သူ၏သား၊ ချွေးမတို့နှင့်အတူ နေထိုင်သည်။ ချွေးမဖြစ်သူသည် အဘွားအိုအား မကြည်ဖြူပေ။ အဘွားအို အစားကြီးသဖြင့် ဆန်အလွန်ကုန်သည်။ ထို့ကြောင့် အဘွားအိုအား အိမ်တွင် ကြာရှည်ဆက်မထားနိုင်တော့”ဟုဆိုကာ ခင်ပွန်းသည်အား အမြဲ ကုန်းချောစကား ဆိုသည်။ ရန်လုပ်သည်။


နောက်ဆုံးတွင် ချွေးမ၏စကား အောင်လေသည်။ မိုက်မဲသောသားသည် ဇနီးသည်၏ စကားအတိုင်း လိုက်နာကာ အဘွားအိုအား တောထဲတွင် ကျားစာအဖြစ် သွားရောက်စွန့်ပစ်ထားရန် ဆုံးဖြတ်လိုက်လေတော့သည်။ နောက်တစ်နေ့သို့ ရောက်သော် သားဖြစ်သူသည် အဘွားအိုအား တောထဲသို့ ခေါ်သွားသည်။ ကြီးမားသော မန်းကျည်းပင်ကြီး တစ်ပင်၏ ခြေရင်းတွင် ကြိုးဖြင့်တုပ်ကာ ထားပစ်ခဲ့လေသည်။

ညအချိန်သို့ရောက်သော် တောထဲရှိ ကျားများသည် လူနံ့ရသဖြင့် သစ်ပင်အနီးသို့ ချဉ်းကပ်လာကြသည်။ ထိုစဉ် သစ်ပင်စောင့် ရုက္ခစိုးနတ်သည် ရုတ်တရက် ပေါ်လာပြီး “အသင် ကျားတို့၊ ခဏနေကြပါဦး၊ ဒီအဘွားအိုဟာ ဘယ်လိုပုဂ္ဂိုလ်မျိုးလဲဆိုတာ ကျွန်ုပ်အရင် စမ်းသပ်ပါရစေဦး။ တကယ်လို့ အဘွားအိုဟာ သူတော်ကောင်းတစ်ဦး ဖြစ်ခဲ့ရင် သူ့ကို သင်တို့စားခွင့် မပေးနိုင်ဘူး။ အဘွားအိုဟာ သူတော်ကောင်းတစ်ဦး မဟုတ်ခဲ့ဘူးဆိုရင်တော့ သင်တို့ကို စားခွင့်ပေးမယ်”ဟု ပြောသည်။

ကျားများလည်း ရုက္ခစိုး၏စကားကို နာခံကြသည်။ ရုက္ခစိုးသည် ကြက်တောင်တစ်ချောင်းကိုယူ၍ အဘွားအို၏ နှာခေါင်းကို ကလိလိုက်သည်။ အဘွားအိုသည် နှာခေါင်း ယားလာသဖြင့် နှာချေကာ “ဟတ်ချိုး၊ ဟတ်ချိုး၊ ဘုရား၊ ဘုရား”ဟု နှုတ်မှ ရေရွတ်လိုက်သည်။

ထိုအသံကိုကြားသည်နှင့် ရုက္ခစိုးသည် ကျားများအား ကဲ-သင်တို့ကြားပြီမဟုတ်လား။ ဒီအဘွားအိုဟာ သူတော်ကောင်း တစ်ယောက်ပဲ။ ဒါကြောင့် သင်တို့အား သူ့ကိုစားခွင့် မပြုနိုင်ဘူး။ သင်တို့ပြန်ကြတော့”ဟု ပြောလိုက်သည်။ ကျားများလည်း အဝေးသို့ ပြန်လည်ထွက်ခွါသွားကြသည်။
အဘွားအိုသည် ရုက္ခစိုးနှင့် ကျားများ အပြန်အလှန် ပြောဆိုကြသည်များကို ကြားလည်းမကြားရ၊ မြင်လည်း မမြင်ရပေ။ ကျားများရောက်လာ၍ ပြန်ထွက်သွားသည်ကို မြင်ရသည်။

အတန်ကြာသော် အဘွားအို အိပ်ပျော်သွားသည်။ အိပ်ရာမှ နိုးလာသောအခါ နံနက် အရုဏ်တက်နေပြီဖြစ်ကြောင်း တွေ့ရသည်။ သူ့ကိုယ်ပေါ်တွင် ချည်ထားသော ကြိုးများမှာလည်း ပြေနေပြီ။ သူ့ခြေရင်းတွင်လည်း ရွှေအိုးတစ်လုံး ချထားသည်ကို တွေ့ရသည်။ အဘွားအိုသည် ရွှေအိုးကို မ,ကာ ရွာသို့ ဝမ်းသာအားရ ပြန်လာခဲ့လေသည်။ သို့သော် အဘွားအိုသည် ရက်စက်သော သားနှင့်ချွေးမတို့ထံသို့ မပြန်တော့ပေ။ ပါလာသော ရွှေများကို ထုခွဲ၍ အိမ်ကြီးအိမ်ကောင်းတစ်လုံး ဝယ်ကာ စည်းစိမ်အပြည့်ဖြင့် နေထိုင်လေသည်။

ချွေးမသည် အဘွားအို အသက်မသေဘဲ ပြန်ရောက်လာရုံမက ကြွယ်ဝချမ်းသာနေကြောင်းကို ကြားသိရသောအခါ အလွန်ပင် မနာလို ဖြစ်မိသည်။ ထို့ကြောင့် သူ၏ခင်ပွန်းအား အဘွားအို ရွှေအိုးရလာသည့် အကြောင်းရင်းကို သွားရောက်မေးမြန်းရန် စေလွှတ်လိုက်သည်။ ခင်ပွန်းသည်သည် အဘွားအိုထံ သွားရောက်ကာ ရွှေအိုးရခဲ့သည့် အကြောင်းစုံကို မေးမြန်းသည်။ အဘွားအိုသည် သူ့သားက သူ့အား သေကြောင်းကြံခဲ့သည် မှန်သော်လည်း သားအပေါ်ချစ်ခင်သည့် မိခင်မေတ္တာကြောင့် သားအား ရွှေအိုးရခဲ့ပုံကို ပြန်ပြောခဲ့သည်။

ထိုနေ့ နေ့လည်ပိုင်းသို့ရောက်သော် ချွေးမသည် သူ့အား တောတွင်းသို့ ခေါ်သွားကာ မန်ကျည်းပင်တွင် ကြိုးချည်ထားခဲ့ရန် ခင်ပွန်းသည်အား ပူဆာသည်။ ခင်ပွန်းသည်လည်း သူ့စကားအတိုင်း လိုက်နာခဲ့သည်။ ချွေးမဖြစ်သူလည်း စိတ်ရှည်လက်ရှည်ဖြင့် စောင့်ဆိုင်းနေသည်။ ညအချိန်ရောက်သော် ကျားများ ရောက်ရှိလာသည်။ သို့သော် ချွေးမဖြစ်သူသည် ကျားများကို လုံးဝ မကြောက်သည့်အပြင် မကြာမီ ရွှေအိုးရတော့မည်ဟု တွေးကာ ဝမ်းမြောက်ဝမ်းသာပင် ဖြစ်နေမိသည်။

ထိုစဉ် ရုက္ခစိုးနတ် ရောက်လာသည်။ သူက ကျားများအား “အသင်ကျားတို့ ခဏနေကြပါဦး၊ ဒီအမျိုးသမီးဟာ ဘယ်လိုပုဂ္ဂိုလ်မျိုးလဲဆိုတာကို ကျွန်ုပ် စမ်းသပ်ပါရစေဦး”ဟု ပြောသည်။ ထို့နောက် ချွေးမဖြစ်သူ၏ နှာဝကို ကြက်တောင်ဖြင့် ကျပ်လိုက်သည်။ ထိုအခါ ချွေးမသည် လောဘကြီးသူ ဖြစ်သည့်အတွက် “ဟတ်ချိုး ဟတ်ချိုး ဘယ်မလဲ ငါ့ရွှေအိုး, ဘယ်မလဲ ငါ့ရွှေအိုး”ဟု ချေလိုက်သည်။

ရုက္ခစိုးသည် စိတ်ဆိုးသွားသည်။ သူက ကျားများအား “ဒီအမျိုးသမီးဟာ သူတော်ကောင်း မဟုတ်ဘူး။ အလွန်လောဘကြီးတဲ့ သူယုတ်မာဖြစ်တယ်။ ဒါကြောင့် သူ့ကို သင်တို့ စားကြပေတော့”ဟု ပြောကာ ပျောက်ကွယ်သွားလေတော့သည်။
ချွေးမဖြစ်သူကား လူကြီးသူမကို စော်ကားမှု၊ လောဘကြီးမှုတို့ကြောင့် ရွှေအိုးမရဘဲ အသက်ဆုံးရလေတော့သည်။
                                                                          ( မြန်မာပုံပြင်)
                                                                              ခင်ရီဝင်း

စိတ်နယ်လွန် စိတ်စွမ်းအားကမ္ဘာ

ဘီဘီစီ ချန်နယ်လ်မှာ ပြသွားတာလေး တစ်ခုပါ။ အဲဒီမှာ Dr. Carián O’keeffee ဆိုတဲ့ Parapsychologist (ပရစိတ်ပညာရှင်) ကိုဖိတ်ပြီး အကူညီတောင်းပါတယ်။ သူဟာ သရဲဖမ်းတဲ့သူတွေ၊ သရဲမြင်တယ် ဆိုတဲ့ လူတွေကို ၁၅ နှစ်လုံးလုံး ရှာဖွေသုတေသန လုပ်နေတဲ့ သူပါ။

အစီအစဉ် တာဝန်ခံက... “သိပ္ပံပညာတွေကို ခဏခေါက်ထားပြီး ခင်ဗျားရဲ့ အတွေ့အကြုံနဲ့ပဲ ဆိုမယ်။ သရဲ၊ တစ္ဆေ စတဲ့ Medium တွေဆိုတာ တကယ်ရှိသလား” လို့ Dr. Carián O’keeffee ကိုမေးပါတယ်။ သူက “ဖြစ်နိုင်ချေရှိတာကိုတော့ ကျွန်တော် လက်ခံပါတယ်။ ဒါပေမယ့် ကျွန်တော်တော့ တစ်ခါမှ ကိုယ်တိုင် မတွေ့ကြုံဖူးသေးပါဘူး” လို့ ဆိုပါတယ်။

ဒါနဲ့ အစီအစဉ် လုပ်တဲ့သူတွေဟာ ဒီလို သရဲ၊ တစ္ဆေ စတာတွေနဲ့ ဆက်သွယ်နိုင်တာဟာ တကယ်လား၊ လိမ်ညာနေတာလား ဆိုတာကို သိဖို့အတွက် ပထမဆုံး Dr. Carián O’keeffee ကို စိတ်ကူးယဉ် ဇာတ်လမ်းတစ်ပုဒ် ရေးခိုင်းလိုက်ပါတယ်။ ဇာတ်လမ်းမှာ ချောကလက် လုပ်တဲ့ စက်ရုံတစ်ရုံအကြောင်း သမိုင်းပါတဲ့ သတင်းတစ်ပုဒ်ကို ရေးပါတယ်။ အဲဒီမှာ George Bull ဆိုတဲ့ ရက်စက်တဲ့ အမေရိကန် မန်နေဂျာတစ်ယောက် အကြောင်းပါတယ်။ သူက ဟာ စက်ရုံကို ပစ္စည်းလာပို့တာကို စီမံခန့်ခွဲနေတုန်း မြင်းလှည်းကြိတ်လို့ ခြေထောက် ပြတ်သွားခဲ့တယ်... စသဖြင့် ဇာတ်လမ်းကို ဖန်တီးလိုက်တယ်။

ပြီးတဲ့အခါမှာ အဲဒီဇာတ်လမ်းကို သူတို့ Theatre ရဲ့ Website မှာ တင်လိုက်ပါတယ်။ ဒါ့အပြင် ရှေးတုန်းက ဓာတ်ပုံတစ်ပုံကို ရှာပါတယ်။ George Bull လို့ တပ်ပြီး အဝင်ဧည့်ဆောင်မှာ ချိတ်လိုက်တယ်။ တစ်ပတ်လောက် ကြာတဲ့အခါမှာတော့ Psychic Medium လို့ခေါ်တဲ့ ပရစိတ်နယ်လွန် အကြားအမြင်သမား ၃ ယောက်ကို ဖိတ်ပါတယ်။ ကဲ... သူတို့တွေ ဘာများ ပြောကြမှာပါလဲ...။သုံးယောက်စလုံးက ရောက်ရောက်ချင်းပဲ ဂျော့်ခ်ျ (George) ဆိုတဲ့ နာမည်ကို ဆက်သွယ်လို့ ရတယ်လို့ ဆိုပါတယ်။ မြင်းသံတွေ ရုန်းရင်းဆန်ခတ်သံတွေ ကြားရတယ်လို့ ဆိုပါတယ်။ ဒေါသဖြစ်တဲ့ အငွေ့အသက်တွေလည်း ခံစားရတယ် ပြောတယ်။ တကယ်တမ်း... အဲဒီ George ဆိုတာကော မြင်းကန်ခံရတာကော အကုန်က... လွန်ခဲ့တဲ့ တစ်ပတ်က Website မှာသူတို့ လန်ကြုတ်ထားတဲ့ ဇာတ်လမ်းထဲကပါ။ (အကြားအမြင်သမားတွေလည်း မခေဘူးပဲ၊ မလာခင် Internet မှာ Search လုပ်ပြီး ဖတ်လာသေးတာကိုး...)

အဲဒီထဲမှာ ဒေါ်လ်တီဆိုတဲ့ မိန်းမကြီးက Trance ဆိုတဲ့ တစ်ခုခု ဝင်ပူးသလိုမျိုးတောင် လုပ်ပြသေးတယ်။ ပြီးတော့ ပြောတယ်... Bull ဆိုတာလည်း ပါတယ်။ နာမည်ဟာ... Geroge Bull ဖြစ်ရမယ် ဆိုပဲ။ ကဲလ်ဗင်ဆိုတဲ့ လူကြီးက ဧည့်ခန်းထဲက ဓာတ်ပုံကြီးကိုတွေ့တော့ အောက်မှာ ချိတ်ထားတဲ့ George Bull ဆိုတဲ့ စာတန်းကိုခိုးဖတ်တယ်။ ပြီးတော့မှ... ကျွန်တော် ခံစားရတာ ဒီဓာတ်ပုံထဲက လူပဲ ဖြစ်ရမယ်လို့ ဆိုသတဲ့။

ကိုင်း... ကောင်းကြသေးရဲ့လား ပရိသတ်ကြီးလို့ပဲ အော်ရမလား... ကယ်ကြပါဦး အရပ်ကတို့လို့ပဲ အော်ရမလား။ စိတ်ကုန်တယ်ဗျာ...။ သိပ္ပံပညာတွေနဲ့ ခေတ်မီပါတယ် ဆိုတဲ့ အနောက်နိုင်ငံတွေမှာတောင် ဒီလို လိမ်စားနေကြရင်ဖြင့်... ကျွန်တော်တို့လို အရှေ့ဖျားက နိုင်ငံတွေမှာဆို ဘယ်ပြောကောင်းလိုက် လေမလဲဗျာ။
ဒေါ်လ်တီဆိုတဲ့ မိန်းမကြီးကို နောက်ဆုံးမှာ ခင်ဗျားကျွန်တော်တို့ Website ကို ဖတ်သလားဆိုတော့ မဖတ်ဖူးဘူးတဲ့။ ဘယ်လို သိသလဲ ဆိုတော့... မိတ်ဆွေ တစ်ယောက်က ပြောပြလို့ ဆိုပဲ။

မိုက်ကယ်ဆိုသူက... အရှက်ပြေ ဘာပြောသလဲဆိုတော့... “အဲဒီ ဇာတ်လမ်းက ခင်ဗျား ဖန်တီးထားတယ်ပေါ့... ထားပါလေ၊ ဘယ်လို ဆိုဆိုပါ... Telepathic Link (စိတ်နယ်လွန် ဆက်သွယ်ချက်အရ) စိတ်တွေကို စောင့်ကြပ်နေတဲ့ Spirit ဆိုတဲ့ ဝိဉာဉ်တွေ ရှိတယ်လေ... အဲလိုပဲ ခင်ဗျားကို စောင့်နေတဲ့ ဝိဉာဉ်တွေက ပြောပြတာကို ကျွန်တော့် ဝိဉာဉ်တွေရဲ့ ဆက်သွက်ချက်အရ ပြန်ပြောပြရတာပဲလေ... ဒါကြောင့် ဒီလို ဖြစ်တာပေါ့ဗျာ...” လို့ ဆိုပြန်တယ်။

အဲဒီ ဘီဘီစီက အစီအစဉ်က နောက်ဆုံးပိတ် ဘာပြောသွားသလဲ ဆိုရင်ဖြင့်... “Psychic Medium ဆိုတဲ့ အကြားအမြင်သမားတွေ အားလုံးတော်ကြပါတယ်။ ဘယ်လိုတော်လည်း ဆိုရင်ဖြင့်... သုတေသန လုပ်တဲ့နေရာ၊ ပုံပြောကောင်းတဲ့ နေရာ... ပုံဆိုတာတောင် ကျွန်တော်တို့ ဖန်တီးထားတဲ့ လံကြုတ်ကိုမှ ပြန်ပြောတဲ့နေရာမှာပါ...” တဲ့။ အသေးစိတ်ကိုဖြင့် အပေါ်က ဗီဒီယိုမှာ ပြန်ကြည့်လို့ ရပါတယ်။

ခုတလောမှာ... အမေရိကားက TV Channel တွေမှာ အကြားအမြင်တွေ၊ စိတ်စွမ်းရည်တွေ ရှိတယ်လို့ နာမည်ကြီးနေသူက John Edward ဆိုသူပါ။ သူဟာ သေဆုံးသူတွေရဲ့ ဝိဉာဉ်တွေနဲ့ ဆက်သွယ်နိုင်တယ်လို့ ဆိုပါတယ်။ နမူနာအနေနဲ့ သူ့ရဲ့ ဗီဒီယို တစ်ခုကို ကြည့်ပါ။

Example of John Edward >>> http://www.youtube.com/watch?v=Qx0Jt2jnLOQ

အခြားတစ်ဘက်မှာ ပရလောကကို လက်တွေ့ကျကျ လေ့လာနေတဲ့ ပညာရှင် အသိုင်းအဝိုင်းက John Edward ဟာ လိမ်ညာနေတယ်လို့လည်း ဆိုကြပါတယ်။ John Edward လုပ်ပြတာမျိုး တစ်ထပ်တည်း တူအောင် လုပ်ပြနိုင်တာကတော့ မျက်လှည့်ပညာရှင် Derren Brown ပါပဲ။ Brown က သူဟာ ဘယ်ဝိဉာဉ်နဲ့မှ မဆက်သွယ်နိုင်ပါဘူးလို့ ဆိုပါတယ်။ ဒါဟာ စိတ်ပညာထဲက နည်းတစ်ခုဖြစ်တဲ့ Cold Reading Technique ကို အသုံးပြုတာပါလို့ ဆိုပါတယ်။ Derren Brown ရဲ့ ဗီဒီယိုကို ဒီအောက်မှာ ကြည့်နိုင်ပါတယ်။
 
  Why psychic readers are fake >>> http://www.youtube.com/watch?v=idVxRE8uM-A


John Edward ဟာ တကယ်တော့ ဘာအစွမ်းမှ မရှိပါဘူးလို့ အခိုင်အမာ ဆိုနေသူကတော့ မျက်လှည့်ပညာရှင် တစ်ယောက်ဖြစ်တဲ့ James Randi ဆိုသူပါ။ သူဟာ သူ့ဘဝတလျှောက်လုံး နီးပါး ပရလောကပညာရှင်တွေ၊ အကြားအမြင်သမားတွေရဲ့ လှည့်ဖြားမှုတွေ၊ သံသယဝင်စရာ ကောင်းတာတွေကို ဖော်ထုတ်တဲ့ Skeptic (သံသယဝင်သူများ) စာအုပ်တွေကို ရေးသားနေတဲ့သူပါ။


(Amazing Randi, Source: http://www.wired.com/news/images/full/amazingrandi1_f.jpg)

James Randi ရဲ့ “The Truth About Uri Geller” ဆိုတဲ့ စာအုပ်မှာ ဆိုရင် စိတ်စွမ်းအားနဲ့ ဇွန်းတွေကို ကွေးတဲ့ ယူရီဂယ်လာဟာ ဘယ်လို လိမ်တယ်ဆိုတာကို ပြောပြထားပါတယ်။ အသေးစိတ်ပါပဲ။ တကယ်တော့ ယူရီဂယ်လာဟာ ဘာအစွမ်းမှ မရှိပါဘူး။ မျက်လှည့်ပညာနဲ့ လှည့်စားချက်တချို့ကို အသုံးချသွားတယ်ဆိုတာကို အဲစာအုပ်မှာ ဖတ်နိုင်ပါတယ်။

(Source: http://upload.wikimedia.org/wikipedia/en/c/c0/Thetruthuri.jpg)

James Randi ရဲ့ စိမ်ခေါ်မှုတွေထဲမှာ တရုတ်ကွန်ဖူးတွေ၊ ရှောင်လင်ကျင့်စဉ်တွေကနေ အတွင်းအားတွေ ရပြီးတော့... ခံတံကို ရွှေ့နိုင်တယ်။ တယ်လီဖုန်း Directory ရဲ့ စာမျက်နှာကို မထိဘဲ လှန်နိုင်တယ် ဆိုတဲ့ James Hydrick ဆိုတဲ့သူလည်း ပါပါတယ်။ ပထမ တစ်ခေါက်မှာ James Hydrick ဟာ စာရွက်ကို လေနဲ့ မှုတ်ပြီး လှန်သွားတယ်လို့ ထင်ရပါတယ်။

ဒါကြောင့် James Randi က ထပ်မံ စမ်းသပ်တဲ့အခါမှာ... Phone Directory ရဲ့ ဘေးမှာ ဖော့အပိုင်းအစ လေးတွေကို ချထားလိုက်ပါတယ်။ တကယ်လို့ လေနဲ့မှုတ်ရင် သိသာအောင်ပါ။ အဲဒီမှာ James Hydrick က ဒီဖော့တွေဟာ Static Electricity ဆိုတဲ့ တည်ငြိမ်လျှပ်စစ်ကို ဖြစ်စေတဲ့အတွက် ဖုန်းစာအုပ်ရဲ့ စာရွက်တွေဟာ ကပ်နေတယ်လို့ ဆိုပါတယ်။ အခြား တက်ရောက်လာတဲ့ သိပ္ပံနယ်ပယ်က ဒိုင်တွေကတော့ သူပြောတာကို လက်မခံပါဘူး။ ဒါနဲ့ပဲ သူ့ရဲ့ အစွမ်းကို မပြနိုင်ခဲ့ပါဘူး။ ဒီဗီဒီယိုကို ကြည့်ချင်ရင်ဖြင့် ဒီအောက်ကလင့်ခ်မှာပါ။

James Randi exposes James Hydrick >>> http://www.youtube.com/watch?v=QlfMsZwr8rc


Amazing Randi လို့ ကလောင်အမည်တွင်တဲ့ မျက်လှည့်ဆရာ James Randi ဟာ သူရဲ့ JREF (James Randi Educational Foundation) ကနေ... စိတ်နယ်လွန်၊ ပရစတာတွေကို သင့်လျော်တဲ့ စောင့်ကြည့်ခံ အနေအထားမျိုးမှာ သက်သေပြနိုင်သူ မည်သူမဆို ဒေါ်လာ မီလျံ တစ်သန်းကို ရယူနိုင်ပါတယ်လို့ ဆိုပါတယ်။


"a one-million-dollar prize to anyone who can show - under proper observing conditions - evidence of any paranormal, supernatural, or occult power."

အသေးစိတ်ကို ဒီမှာ ဖတ်ပါ။
Randi $1,000,000 paranormal challenge >>> http://www.skepdic.com/randi.html

James Randi က ပရလောကနဲ့ ဆက်သွယ်နိုင်တဲ့ John Edward နဲ့ ပတ်သက်ပြီး Princeton 2001 မှာ ဒီလိုပြောပါတယ်။

John Edward ဆိုတဲ့လူက သေသွားတဲ့လူတွေနဲ့ ဆက်သွယ်နိုင်တယ် ဆိုပဲ... အော်... တကယ်လားဗျ၊ သူအဲလိုမျိုး ပြောနေတဲ့ ဗီဒီယိုတစ်ခုကို မိတ်ဆွေ တစ်ယောက်က ထင်မြင်ချက်ပေးပါဆိုလို့ ကျွန်တော်ကြည့်ခဲ့တယ်။ အဲဒီ ဗီဒီယိုမှာ သူ့မျက်နှာချင်းဆိုင်ထဲက လူတစ်ယောက်က သေသွားတဲ့ သူ့အဖေနဲ့ ဆက်သွယ်ချင်တယ်လို့ ပြောတယ်။

စစချင်း ၄၅ စက္ကန့် ဆိုတဲ့ အချိန်တွင်းမှာ... “ကလေးတစ်ယောက်၊ လေယာဉ်ပျံပျက်ကျ၊ နွားတစ်ကောင်၊ ပင်လယ်ပြင်၊ ဝတ္ထုစာအုပ်...” စတဲ့ ဘာညာဘာညာ တွေကို ပြောသွားတာ ကျားလိုက်သလိုပဲ အရမ်းကို မြန်တယ်... ဒါကို ကျွန်တော် Pause လုပ်တယ် ပြန်ရစ်ကြည့်တယ်... ၄၅ စက္ကန့်အတွင်းမှာ သူ ရမ်းပြီး ပြောသွားတဲ့ အရာဝတ္ထု စုစုပေါင်း ၂၃ ခုရှိတယ်... သူ့စကားလည်း ဆုံးရော သူ့ရှေ့က လူကငိုပြီး သူ့ဘေးနားက မိန်းမကို ပြောတယ်... “ဟုတ်တယ်၊ သူပဲ၊ သူပဲ...” လို့ ပြောတယ်။

၄၅ စက္ကန့်မှာ မှန်းပြီး ပြောသွားတာ ၂၃ ခုရှိတယ်။ အဲဒီမှာ မှန်တာဆိုလို့ ၃ ခုပဲရှိတယ်။ ၂၃ ခုမှာ ၃ ခုတည်း မှန်အောင် ပြောနိုင်တာနော်... ၈၇% က မှားတယ်။ ခင်ဗျားတို့ ကလေးက ကျောင်းမှာ သင်္ချာဖြေလို့ ၁၀၀ မှာ ၁၃ မှတ်တည်း ရရင် ခင်ဗျားတို့ ချောက်ခြားသွားကြမှာ မဟုတ်ဘူးလား။ ခု John Edward ဆိုတဲ့ ပရပညာရှင်က ၁၃ ရာခိုင်နှုန်းပဲ မှန်အောင် ပြောနိုင်တာကို ခင်ဗျားတို့က ဟုတ်တယ်လို့ ထောက်ခံတယ်။

ဟုတ်ပါပြီ... ၂၃ ခုပြောတာမှာ ၃ ခုမှန်တာကျတော့ ဘယ်လိုလဲလို့ မေးကြမယ်မဟုတ်လား။ မှန်တာတွေကို ကြည့်ပါဦး... “ခင်ဗျားအဖေ ရောဂါနဲ့သေတယ်၊ သူဟာ အသက်တော်တော် ကြီးတယ်ဗျ၊ လူငယ်တွေက မမေ့နိုင်သေးဘူး” တဲ့...။ ကိုင်း ကြည့်ဦး မှန်တဲ့ သုံးခုကိုလဲ... ၃ ခုတည်းပါဗျာ...။ ဟိုလူ့အဖေနဲ့ ပတ်သက်လို့ ဘာမှ ထူးထူးခြားခြား မပြောနိုင်ဘဲနဲ့ ဟိုလူက ငိုတယ်။

ဒါမျိုးလုပ်တာဟာ လွယ်ပါတယ်။ ကျနော်တို့တွေ ပြောနေတဲ့ Cold Reader ဆိုတဲ့ လှည့်စားမှုပါဗျာ။ ဒါလုပ်လို့ ရတဲ့ နည်းပါ။ ဒီတော့ ကျွန်တော်တို့ John Edward ကို မီလျံဒေါ်လာ လာယူဖို့ အကြိမ်ပေါင်းမနည်းဘူး စိမ်ခေါ်ခဲ့ပြီးပါပြီ...။


(Source: http://psychiccoldreading.com/images/ebook_3d.jpg)

John Edward ကတော့ “Amazing Randi ဆိုတဲ့ ငပေါကြီးဆီမှာ ဘာလို့ သွားစမ်းသပ်ခံရမှာလဲ။ အဓိပ္ပာယ် မရှိတာလို့ ဆိုပါတယ်။ ပိုက်ဆံစကားပြောတဲ့ နေရာတွေနဲ့ ကျွန်တော် မပတ်သက်ချင်ပါဘူး” လို့ ဆိုပါတယ်။ အဲဒီ ဗီဒီယိုကတော့ ဒီလင့်ခ်မှာပါ။


   John Edward - James Randi (2) >>> http://www.youtube.com/watch?v=2EBqlpJb1Xg

 အမေရိကားက James Randi နဲ့ နောက်ထပ် မတည့်တဲ့သူကတော့ John Edward လိုပဲ ပရလောကနဲ့ ဆက်သွယ်နိုင်တယ် ဆိုတဲ့ အင်္ဂလန်က Doris Collins ဆိုတဲ့ အဖွားကြီးပါ။ အဲဒီအဖွားကြီးက သိပ္ပံနည်းကျ စမ်းသပ်ချင်တဲ့ James Randi ကို ဘာပြောလဲ ဆိုရင်ဖြင့်...

“He hasn’t got the qualification to do it, and I don’t think anybody has the qualification to test me... သူ့မှာ ဒါမျိုးလုပ်ဖို့ အရည်အချင်း မရှိပါဘူး။ အဲလိုပဲ ဘယ်သူ့မှာမှ ကျွန်မကို စမ်းသပ်ဖို့ အရည်အချင်း ရှိတယ်လို့ မထင်ပါဘူး” လို့ ဆိုပါတယ်။ အဲဒီ ဗီဒီယိုကို ကြည့်ချင်ရင်တော့ အောက်က လင့်ခ်မှာပါ။


    James Randi & Doris Collins >>> http://www.youtube.com/watch?v=Vwy4yB8cSwE

 မျက်လှည့်ပညာရှင် James Randi ဟာ အခုလို ဒေါ်လာ မီလျံ တစ်သန်း မပေးခင်က ဒေါ်လာ တစ်သောင်းတန် ချက်လက်မှတ်ကို သွားလေရာ ထည့်သွားပြီး စိမ်ခေါ်လေ့ ရှိပါတယ်။ JREF က ဆုငွေကို ရဖို့ လိုက်နာရမယ့်... တောင်းဆိုထားတဲ့ under proper observing conditions သင့်လျော်တဲ့ စောင့်ကြည့်ခံ အနေအထား ဆိုတာက ရှင်းပါတယ်။ တကယ်လို့ သင်ဟာ စိတ်တန်ခိုးနဲ့ ဇွန်းကွေးနိုင်တဲ့သူဆိုရင်... သင့်အိမ်ကနေ ကိုယ့်ဘာသာ သယ်လာတဲ့ ဇွန်းကို အသုံးမပြုရပါဘူး။ Stigmata လို့ခေါ်တဲ့ ယေရှုသခင်ခံစားရသလိုမျိုး အလားတူ ဒဏ်ရာတွေ ကိုယ်ခန္ဓာမှာ ဖြစ်လာတာမျိုး လုပ်ပြမယ်ဆိုရင် ကင်မရာတွေ ပတ်လည်ဝိုင်းနေတဲ့ နေရာမှာ လုပ်ပြရပါမယ်... စတာမျိုးတွေပါ။

James Randi ရဲ့ တောင်းဆိုမှုက ရိုးရှင်းသလို ရလာဒ်ကလည်း ရှင်းပါတယ်။ ဒီအောက်က ဂရဖ်ထဲက အတိုင်းပါပဲ။ Supernatural Power တွေရှိတယ်ဆိုပြီး လာရောက်တဲ့လူတွေကို Experiment တွေနဲ့ အတည်ပြုတဲ့အခါမှာ ခုချိန်ထိ တစ်ခုမှ ဖြစ်မြောက်တာ မတွေ့သေးပါဘူးတဲ့ဗျာ။


(Source: http://xkcd.com/373/)

အထက်ကဟာတွေကို ကြည့်ပြီးတဲ့အခါ ကမ္ဘာပေါ်မှာ လူလိမ်တွေချည်းပဲလားလို့ တွေးမိလာတယ်။ ကျနော်တို့ မြန်မာလိုနိုင်ငံမှာကော ဘာတွေ ရှိမှာလဲ ဆိုတာကို “ကမ္ဘာကျော်လျှို့ဝှက်ချက်များ” ဆိုပြီး ဆောင်းပါးတွေ ရေးနေတဲ့ မြန်မာမျက်လှည့်ပညာရှင် ကျွန်တော့်မိတ်ဆွေ “ကိုဂျူပီတာ” ကို မေးခွန်းလေး ၂ ခု လမ်းပို့လိုက်ပါတယ်။ စိတ်ရှည်လက်ရှည် ပြန်လည်ပေးပို့လာတဲ့ သူ့ရဲ့ အဖြေတွေကတော့ အောက်က အတိုင်းပါပဲ။

မျက်လှည့်ပညာနဲ့ စိတ်စွမ်းအားတွေနဲ့ ဘယ်လို ပတ်သက်ပါသလဲ။ မျက်လှည့်ပညာရှင်တွေမှာ စိတ်စွမ်းအား၊ စိတ်တန်ခိုး ရှိပါသလား။

မျက်လှည့်ပညာနဲ့ စိတ်စွမ်းအားက သပ်သပ်ဆီပါ။ မျက်လှည့်ပညာရှင် ဘယ်သူ့ဘယ်သူဆီမှာမှ စိတ်စွမ်းရည်၊ ဆဌမအာရုံ စတာတွေ မရှိပါဘူး။ မျက်လှည့်ပြကွက်တချို့မှာ စိတ်စွမ်းရည်ကို ပြသတာ... သူတစ်ပါးစိတ်ကို ဖတ်တာတွေကို တွေ့ရပါမယ်။ ဒါတွေဟာ စိတ်စွမ်းအားရှိလို့ လုပ်နေတာ မဟုတ်ပါဘူး။ မျက်လှည့်ပညာနဲ့ အဲလိုရှိတယ် ထင်အောင် လုပ်ပြတာပါ။

ကြုံလို့ မျက်လှည့်ပညာအကြောင်း ပြောချင်ပါတယ်။ မျက်လှည့်ဆိုတာဟာ လှည့်စားတဲ့ အတတ်ပညာပါ။ ခပ်လွယ်လွယ်ပြောရင် လိမ်လည်တာပါပဲ။ ဒါပေမယ့် ဒါဟာ အတတ်ပညာတစ်ခုပါ။ Profession တစ်ခုပါ။ ကျနော်တို့ လေ့လာနေတာ၊ သင်ယူနေတာ၊ ဖျော်ဖြေနေတာတွေဟာ အနုပညာလို့လည်း ဆိုနိုင်ပါတယ်။ “လှည့်စားခြင်း အနုပညာ” နဲ့ ကျနော်တို့ ဖျော်ဖြေတာပါ။ လူအများစုက ကျနော်တို့ကို လူလိမ်တွေလို့ ခေါ်ကြပါတယ်။ တကယ်က ကျနော်တို့ ဖျော်ဖြေနေတာပါ။ ဒီလို ဖျော်ဖြေနိုင်ဖို့အတွက် အချိန်တွေရင်းနှီးခဲ့ရတယ် အတတ်ပညာတွေလေ့လာခဲ့ရပါတယ်။

လူတွေက ကမ္ဘာကျော် လူလိမ်ကြီးလို့ ဆိုကြတဲ့ David Copperfield ဟာ အဲလို လိမ်ဖို့အတွက် လေ့လာခဲ့ရတာ ဟို ငယ်စဉ်ဘဝထဲကပါ။ အသက် ၁၆ နှစ်အရွယ်မှာ သူဟာ New York University မှာ မျက်လှည့်ပညာကို သင်ကြားတဲ့ ဆရာ လုပ်နေခဲ့ပါပြီ။ ဒါကြောင့်ပါ မျက်လှည့်၊ လက်လှည့်စတာတွေဟာ အတတ်ပညာပါ၊ အနုပညာပါလို့ ပြောချင်ပါတယ်။ ဟယ်ရီပေါ်တာ ထဲကလို တံမြက်စည်းပျံတွေ၊ မှော်လက်ကိုင်ပဝါတွေ စတာတွေကို အပြင်မှာ၊ တကယ့်လက်တွေ့မှာ ရင်သပ်ရှုမောရအောင် ကျနော်တို့က ဖျော်ဖြေရတာပါ။ ဘောလုံးလေး လက်ထဲမှာ ပျောက်သွားဖို့အတွက် ကျနော်တို့မှာ အကြိမ်ကြိမ်လေ့ကျင့်ခဲ့ရပါတယ်။

ပြောချင်တာ နည်းနည်းများသွားတယ်၊ မေးခွန်းကို ပြန်ဖြေရရင် ကျနော်တို့ မျက်လှည့်ပညာရှင်တွေမှာ ရှိတာ မျက်လှည့်အတတ်ပညာပါ။ ဘာတန်ခိုး ဘာစွမ်းအားမှ မပိုင်ဆိုင်ပါဘူး။ ကျနော့်သိသလောက်အထိပါ။ မျက်လှည့်နဲ့ စိတ်စွမ်းအားနဲ့ကလည်း ဘာမှ မဆိုင်ပါဘူး။ စိတ်စွမ်းအားကို ပြနိုင်တာ မျက်လှည့်ပညာကြောင့်ပါ။ မျက်လှည့်ပညာရဲ့ လှည့်စားချက်ပါလို့ ဆိုချင်ပါတယ်။

မျက်လှည့်ပညာနဲ့ မဆိုင်တဲ့ တခြားနယ်ပယ်တွေမှာ စိတ်စွမ်းအားနဲ့ ပတ်သက်တာတွေ၊ အကြားအမြင်ပေါက်တာတွေ ရှိမယ်လို့ ထင်ပါသလား။

ကျနော် ဗုဒ္ဓဘာသာပါ။ ဒါပေမယ့် အဲလိုမျိုး စွမ်းအားရှိတာတွေကို မယုံကြည်ပါဘူး။ သရဲ၊ တစ္ဆေ၊ ပြိတ္တာတွေ ရှိကောင်းရှိပါမယ်။ တကယ်မြင်တဲ့လူလည်း ရှိချင်ရှိပါမယ်။ ကျနော်တော့ တစ်ခါမှ မမြင်ဖူးသေးပါဘူး။ အဲဒီမှာ ပြောချင်တာက အဲလိုမြင်တဲ့လူတွေဟာ လိမ်နေတာလည်း ဖြစ်နိုင်တယ် ဆိုတာပါ။ ကျနော်က တချို့ အကြားမြင်ဆရာတွေကို ကြည့်ရတာ မျက်လှည့်ဆရာတွေနဲ့ တူနေသလိုလိုပဲ၊ အဲလို ခံစားရတယ်။

မြန်မာပြည် အနှံ့အပြားက မြို့ရွာတွေမှာ ဆေးလှည့်ရောင်းတဲ့လူတွေ ရှိတယ်။ သူတို့တွေက ဆေးကို လူတွေဝယ်အောင် အစွမ်းတွေ ရှိကြောင်းပြတတ်တယ်။ တကယ်က သူတို့တွေလုပ်ပြနေတာဟာ စိတ်စွမ်းအားလည်း မဟုတ်ပါဘူး၊ အကြားအမြင်လည်း မဟုတ်ပါဘူး။ မျက်လှည့်ပညာပါ။ ဒါကိုတော့ မျက်လှည့်ပညာကို စိတ်ဝင်စားတဲ့သူတစ်ယောက်အနေနဲ့ အာမခံပါတယ်။

စိတ်တန်ခိုးတို့၊ နတ်မျက်စိတို့ အကြားအမြင် စတဲ့ ဟောတာတွေတော့ ကျနော့်နယ်ပယ်က မဟုတ်တော့ တပ်အပ်မပြောနိုင်ပါဘူး။ ဒါပေမယ့် ကျနော့်အမြင်ကို ပွင့်ပွင့်လင်းလင်းပြောရရင် အားလုံးနီးပါးက လူလိမ်တွေချည်းပဲလို့ ထင်တယ်။ မျက်လှည့်လို့ သူတို့ ဝန်မခံကြဘူး... မွေးရာပါ ဘုရားပေးတဲ့ ပါဝါတွေလို ပါရမီတွေလို သူတို့ ပြောကြတာကတော့ သိပ်မကောင်းတာအမှန်ပါ။ တကယ်တော့ သူတို့လည်း လူထဲက လူတွေပါပဲ။ ကျနော်ပြောတာ ဗေဒင်နဲ့ မှန်မှန်ကန်ကန် လုပ်စားနေတဲ့ လူတွေကို ပြောတာမဟုတ်ပါဘူး။ လိမ်တဲ့လူတွေကိုပါ။ မရှိတာကို ရှိသလိုမလုပ်ပါနဲ့လို့ ပြောချင်တာပါ။ ဒါပါပဲ။ ပြောချင်တာလေးတွေ ပြောလိုက်ရတာ ကျေးဇူးပါပဲ။


ကျွန်တော့် မိတ်ဆွေ ကိုဂျူပီတာရဲ့ မှတ်ချက်လိုပါပဲ... အမေရိကားက လက်ရှိနာမည်ကျော် မျက်လှည့်ပညာရှင်ဖြစ်တဲ့ Criss Angel က NBC Channel ကနေ သူဖန်တီးခဲ့တဲ့ စိတ်ပညာပြိုင်ပွဲကြီး အပြီးမှာ ဘာပြောလဲ ဆိုတော့ “... လူတွေက Psychic Abilities လို့ခေါ်တဲ့ စိတ်စွမ်းအားတွေကို ဖန်တီးကြတယ်၊ ဒီနေရာမှာ... လာအစွမ်းပြကြတယ်။ အဲဒါမျိုးတွေ ကျွန်တော်လည်း နှစ်အတော်ကြာ ပြသခဲ့ပါတယ်။ အောင်မြင်မှုတွေလည်း ရခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော့်မှာ ဘာအစွမ်းမှ၊ ဘာစိတ်နယ်လွန် အစွမ်းမှ မပိုင်ဆိုင်ပါဘူး... ဘယ်သူမှလည်း ဒီလိုအစွမ်းတွေ မပိုင်ဆိုင်ပါဘူး...” လို့ ဆိုပါတယ်။ ဗီဒီယိုကတော့ ဒီအောက်က လင့်ခ်မှာပါ။

    No one has magical powers >>> http://www.youtube.com/watch?v=qt_H-F3hlKY


ဒါဆိုရင်ဖြင့် တို့မြန်မာတွေ လက်ခမောင်းခတ်နေတဲ့... သိပ္ပံပေတံနဲ့ တိုင်းထွာလို့ မရနိုင်တဲ့ ဝိဇ္ဇာယာန လောကီပညာတွေ ဆိုတာကရော။ “ဗားမဲ့ - ဗားတမော့ လက်တွေ့အစီအရင်ကျမ်း” မှာ... ကျမ်းပြုသူ ဆရာညိုက အောက်ပါအတိုင်း ဆိုပါတယ်။


နက်နဲမှု - ဆန်းကြယ်မှု

ဝိဇ္ဖာယာန လောကီပညာရပ်များမှာ နက်နဲသည်၊ ခက်ခဲသည်၊ ဆန်းကြယ်သည်၊ သိမ်မွေ့သည်၊ အဘယ်မျှလောက် နက်နဲသနည်း ဆိုလျှင် ယခုခေတ် သိပ္ပံပညာ ပေတံဖြင့် တိုင်းထွာကြည့်၍ မမီနိုင်အောင် နက်နဲ ဆန်းကြယ်လှသည်။ နက်နဲဆန်းကြယ်သလောက်လည်း ထက်မြက်သည်၊ စူးရှသည်၊ ထိရောက်မှုလည်း ရှိသည်။

ဘာကြောင့် သိပ္ပံပေတံဖြင့် တိုင်းထွာ၍ မမီရသနည်း။

သို့ဖြစ်ရာ ဤ ဝိဇ္ဇာယာန လောကီပညာရပ်များကို သိပ္ပံပေတံဖြင့် တိုင်းထွာလျှင် မီချင်မှ မီမည်။ တိုင်းထွာ၍ မမီတိုင်း မယုံကြည်နိုင်လျှင်တော့ ယင်းသို့ မယုံကြည်မှုကို “မှန်ကန်သော အဖြေ” ဟု ဆို၍ မဖြစ်ပေ။ ဆို၍ မဖြစ်သော်လည်း ယင်းပညာရပ်များကို “ယုံကြည်ပါ” ဟုတော့ ဤကျမ်းဆရာ အနေဖြင့် မတိုက်တွန်းလိုပေ၊ မတိုက်တွန်းချင်ပေ။

အဖြေမှန်ကို ဆွဲထုတ်ကြည့်ရအောင်

သို့သော် “ကိုယ်တိုင် ရဲရဲတင်းတင်းကြီး လုပ်ကိုင်စီရင် ကြည့်စမ်းပါ” ဟုတော့ အလေးအနက် တိုက်တွန်းလိုပေသည်။ ယင်းသို့ ကိုယ်တိုင် ကိုယ်ကျ လုပ်ကိုင် စီရင် ကြည့်သောအခါ ကျမှသာ မိမိ ယုံကြည်ချက် မှန်-မမှန်ကို မိမိ လုပ်ရပ်က အဖြေမှန် ပေးနေလိမ့်မည် ဖြစ်ပေသည်၊ အဖြေမှန်ကို ဆွဲထုတ်ကြည့်နိုင်လိမ့်မည် ဖြစ်လေသည်။


ဆရာညိုရဲ့ ပြောစကားက ဘယ်လောက်အထိ မှန်ကန်သလဲ။ James Randi ဆိုတဲ့ သံသယသမားကြီးကို “ဗုဒ္ဓသရဏံ ဂစ္ဆာမိ” ရွတ်ခိုင်းပြီး အဆောင်လက်ဖွဲ့ ဆွဲခိုင်းရမှာလား။ Criss Angel ဆိုတဲ့ လူဆိုးလေးကို ပရိတ်ရေ သောက်ခိုင်းရမှာလား... သူတို့တွေ မယုံကြည်လို့ အစွမ်းမထက်ဘဲ ရှိနေမှာလား... စသဖြင့် တွေးစရာတွေ အများကြီး ရှိပါလိမ့်မယ်။

ရန်ကုန်မြေနီကုန်းက ပုဏ္ဏကတိုက်တယ်ဆိုတဲ့ တီဗွီအရောင်းဆိုင်၊ ကန်တော်ကလေးက ဆေးလိပ်ပြာခွက်နဲ့ လှမ်းပေါက်တယ်ဆိုတဲ့ သရဲရှိတဲ့အိမ်၊ အလောင်းတွေ ပျောက်တယ် ဆိုတဲ့ သန်လျင်က ရင်ခွဲရုံ၊ အမျှအတန်းပေးမှ ကျွတ်သွားတယ်ဆိုတဲ့ ပုံပြင်တွေ.. အဲလို အဲလို နေရာတွေ၊ အဖြစ်အပျက်တွေ၊ ဇာတ်လမ်းတွေ စတာတွေကို ကြားတိုင်းကြားတိုင်း... မယုံဘူးဆိုတဲ့ အနောက်ခြမ်းက သိပ္ပံသမားတွေရဲ့ စိမ်ခေါ်မှုတွေကို ကြားတိုင်းကြားတိုင်း...

အင်း... အဲဒီ ရှေ့နဲ့နောက် နှစ်ခုကို ခေါ်ပြီး ပေးသာတွေ့ပေးလိုက်ချင် ပါတော့တယ်ဗျာ။

အားလုံးအဆင်ပြေမယ်လို.မျှော်လင့်ပါတယ်ဗျာ...
                                                             ကိုညီညီအောင်





ချစ်သူဖွဲ.

(၁) သွေးမရှိသည့်နှယ် ဖြူသောအသားအရည်၊မနိမ့်မမြင့်အရပ်နှင့်နီထွေးသောနှုတ်ခမ်းပါးတို့သည်ချစ်သူ၏ အသွင်အပြင်များဖြစ်ပါသည်။ကိုယ့်အနေနှင့်ဆိုလျှင်မူချစ်သူ၏စူးရှသည်နှင့်အမျှသိမ်မွေ့တည်ငြိမ်သော ထိုမျက်လုံးအစုံတို့ကိုပိုမိုထည်ဝါစေသောမျက်မှန်တစ်လက်နှင့်ပိန်လျသည်နှင့်အမျှချည့်နဲ့ဟန်အပြည့်ရှိသော လက်အစုံတို့ကိုသာပိုမိုစွဲမက်သည်ဟုဆိုချင်ပါသည်။တည်ငြိမ်ထည်ဝါသည့်မျက်ဝန်းအစုံကကိုယ့်အပေါ် တွယ်တာမှုကိုပြပြီးချည့်နဲ့ဟန်အပြည့်ရှိသောလက်အစုံကကိုယ့်လက်ဖ၀ါးကိုဆုပ်ကိုင်ကာအားအင်အပြည့် ရရှိစေသောကြောင့်ပင်ဖြစ်သည်။ကိုယ့်ချစ်သူတွင်မိန်းမလှလေးများမက်မောလေ့ရှိသည့်အရှိန်အ၀ါများ မရှိလှပါ။သို့သော်မိန်းမကောင်းများမက်မောတတ်သည့်အရည်အသွေးများကိုမူချစ်သူပိုင်ဆိုင်ထားပါသည်။ စိတ်ဖြူသောချစ်သူသည်ရိုးသားသည်နှင့်အမျှပတ်ဝန်းကျင်၏လှည့်စားမှုကိုနားမလည်တတ်သူ၊ မခံယူနိုင်သူလည်း ဖြစ်ပါသည်။ 

(၂)ချစ်သူသည်ဦးနှောက်ကောင်းကောင်းတစ်စုံကိုပိုင်ဆိုင်သည်။ရိုးသားသောမျက်လုံးအစုံကပတ်ဝန်းကျင်၏ ရုပ်ဒြပ်အလှကိုကြည့်မြင်နိုင်သည်။နှုတ်ခမ်းပါးပါးကအမှန်တရားကိုသာပြောပာတတ်သည်။ (ထို့ကြောင့်လောကနှင့်အဆင်မပြေ)။ချည့်နဲ့နဲ့လက်တစုံကအနုပညာများစွာကိုဖန်တီးသည်။(သီချင်းရေး၊ ကဗျာရေး၊ပန်းချီဆွဲသည်)။သန်မာသောခြေအစုံကဦးတည်ရာကိုတည့်မတ်စွာလှမ်းကာခန္ဓာကိုယ်ကို ခိုင်မာအောင်ပံ့ပိုးသည်။စိတ်ဓါတ်မာကျောသည်နှင့်အမျှစိတ်ထားသိမ်မွေ့သည့်ချစ်သူသည်လောက၀န်းကျင် အတွင်းတွင်ဝင့်ကြွားလောက်ဖွယ်ဟူ၍မိန်းမပျိုတို့ရင်ခုန်နိုင်ဖွယ်မျက်နှာအသွင်အပြင်နှင့် ဆံနွယ်ခွေလေးများရှိသည်။ထို့အပြင်သ၀န်တိုတတ်သောချစ်သူတစ်ယောက်လည်းရှိသည်။ ထိုချစ်သူကတော့ ကိုယ်ပဲ ဖြစ်ပါသည်။
(၃)အနုပညာအလှအပများစွာဖန်တီးနိုင်စွမ်းသည့်ချစ်သူတွင်မလှမပသောချစ်သူများစွာရှိနေသည်မှာ ထူးဆန်းသယောင်ဖြစ်သည်။သို့သော်ကိုယ်သည်ချစ်သူကိုအလွန်တရာချစ်ကြောင်းသိနိုင်လျှင်မူ ကိုယ်နှင့်ချစ်သူတို့၏နှစ်ယောက်တွဲဘ၀ကထူးဆန်းတော့မည်မဟုတ်ပါ။ကိုယ်ချစ်သူကိုသိပ်ချစ်ပါသည်။
ဖြူစင်သောချစ်သူကိုကလေးငယ်သဖွယ်လည်းသံယောဇဉ်ကြီးရပါသည်။အင်အားမျှဝေပေးသူဖြစ်၍လည်း အားကိုးတွယ်တာရပါသည်။ထို့ကြောင့်ပင်ချစ်သူနှင့်ကိုယ်သည်အဆင်မပြေလှသည့်ကြားမှပင် တည်မြဲနေကြရပါသည်။
(၄)ချစ်သူသည်မပြည့်မစုံသူတစ်ယောက်လည်းဖြစ်ပါသည်။စိတ်အင်အားချို့တဲ့ကာဘ၀ကို တစောင်းတိုက် ဖတ်နေရသူလည်းဖြစ်ပါသည်။ချစ်သူ၏ဘ၀သည်ကျဉ်းကျဉ်းလေးဖြစ်သည်။ချစ်သူ၏ဘ၀လေးထဲတွင် သားသမီးကိုစည်းစနစ်ကြီးလွန်းစွာအုပ်ချုပ်သော(ချုပ်ချယ်လှစွာသော)အဖေနှင့်သားကို အလွန်ချစ်သည်နှင့်အမျှလင်ယောက်ျားကိုအလွန်ရိုးကျိုးသောအမေတို့ရှိနေပါသည်။(ချစ်သူဘ၀တွင်ညီနှင့် ညီမလေးက အရေးမပါလှပါ)။
ဖခင်ထံမှနည်းစံနစ်မမှန်သော မိဘမေတ္တာပေးအပ်မှုနှင့် လင်ယောက်ျားနှင့်သားအကြားဗျာများရတတ်သည့်မိခင်မေတ္တာအကြားတွင် ချစ်သူလူလားမြောက်ခဲ့ရပါသည်။ချစ်သူ၏ငယ်ဘ၀သည်ကျန်းမာရေးချို့တဲ့မှု၊ အပြင်းအထန်စာကြိုးစားရကာအိမ်တွင်းအောင်းနေရမှုနှင့်လူငယ်ဘ၀ပျော်ရွှင်လွတ်လပ်ခြင်းဟူသည်ကို မသိရမှုတို့နှင့်အတူစိတ်ပျက်ငြီးငွေ့ဖွယ်ကုန်ဆုံးသွားခဲ့ရပါသည်။ပညာသင်အဆင့်အတန်းအသင့်မြင့်လာကာ အတန်လွတ်လပ်စွာပျော်ရွှင်ရသောတက္ကသိုလ်ပညာသင်နှစ်များသို့ရောက်လာသောအခါတွင်ကား ချစ်သူသည်မည်သည့်လူငယ်များနှင့်မှမတူလှစွာအလွန်ပျော်ပါး ခဲ့သည်။လှောင်အိမ်အတွင်းမှ လွတ်လာသောငှက်သို့ပင်ဖြစ်သည်။သို့သော်ချစ်သူ၏ရင်တွင်း၌မူကားငယ်စဉ်ဘ၀ဒဏ်ရာများစွာက
နေရာယူခဲ့ပြီဖြစ်သည်။ငယ်စဉ်ကလေးဘ၀ကကစားရမည့်အရွယ်တွင်စာအုပ်များနှင့်ကျင်လည်ခဲ့ရသော ချစ်သူသည်ပတ်ဝန်းကျင်သဘောကိုနားမလည်နိုင်သည့်စိတ်သဘောနှင့်အရာရာကိုသိနိုင်စွမ်းသော ဆင်ခြင်ဥာဏ်တို့ကိုပိုင်ဆိုင်ကာအဆင်မပြေဖွယ်ဘ၀အတွင်း၌ဘာသာပျော်မွေ့နေရရှာပါသည်။ ချစ်သူသည်လွတ်မြောက်ခြင်းနှင့်လွတ်လပ်ခြင်းတို့ကိုခွဲခြားမသိစွာပျော်နေရှာသူလည်းဖြစ်ပါသည်။
(၅)တဘက်စွန်းရောက်သောမိဘမေတ္တာ၏ချစ်ခြင်းသည်သားသမီး၏စိတ်အင်အားဖွံ့ဖြိုးမှုနှင့် စိတ်ဓါတ်လုံခြုံမှုကိုထိပါးစေနိုင်ကြောင်းချစ်သူ၏ပညာတတ်မိဘများကမသိကြပါ။သားဖြစ်သူကို စည်းဘောင်များစွာအတွင်းတင်းကျပ်စွာထိန်းသိမ်းပျိုးထောင်ခြင်းကြောင့်ရင်သွေးတွင်စိတ်အင်အားချို့တဲ့မှု၊ ကိုယ့်ကိုယ်ကိုမယုံကြည်မှုနှင့်အတွေးအခေါ်မညီမျမှုများဖြစ်တတ်ပါသည်။ဒါကိုလည်းဒက်ဒီနှင့်မာမီ (ချစ်သူကအဲသည်လိုခေါ်ပါသည်)မသိကြပါ။စာအဖတ်များမှုကြောင့်ဆင်ခြင်နားလည်နိုင်စွမ်း ထက်မြက်လှသောချစ်သူသည်၊တချိန်တည်းတွင်ပင်မသိစိတ်၏သိမ်ငယ်မှု၊စိတ်ဓါတ်နိမ့်ကျမှုတို့ကို အားဖြည့်မွမ်းမံပေးဖို့ရာကိုယ်သည်ချစ်သူ၏နံဘေးတွင်အဖော် ဖြစ်ခဲ့ရပါသည်။
ချစ်သူကကိုယ့်ကိုအလွန်တွယ်တာပါသည်။ချစ်သူ၏လိုအပ်သရွေ့သောလပ်ဟာမှုများစွာကိုကိုယ်က
သာဖြည့်ဆည်းပေးနိုင်သည်ဟုကိုယ်နှင့်အတူချစ်သူကလည်းယုံကြည်စွာလက်ခံထားပါသည်။ ကိုယ်သည်လည်းတဘက်စွန်းရောက်တတ်သောချစ်သူ၏ချစ်ခြင်း၊မချစ်ခြင်းများကြားတွင်စိတ်ညစ်တခါ၊ ၀မ်းသာကြည်နူးတလှည့်ဖြင့်ကျေနပ်စွာရှိနေခဲ့ပါသည်။
(၆) တခါတခါချစ်သူသည်အတွေးလွဲကာအသည်းကြောင်တတ်ပြန်ပါသည်။ဝန်းကျင်နှင့်လိုက်လျော ညီထွေမှုမရှိ၍စိတ်အခန့်မသင့်ရသည့်အခါချစ်သူသည်အတိုက်အခိုက်များအတွင်းတွင် တုန်လှုပ်တတ်ပြန်သည်။ထိုအခါကိုယ်၏မလှမပခြင်းနှင့်ချစ်သူ၏မပြည့်စုံမှု၊ကိုယ်၏ပြည့်စုံမှုနှင့်ချစ်သူ၏ အလိုမကျမှုတို့ကအစဉ်အမြဲပဋိပက္ခအဖြစ်ကြုံကြရပါသည်။ထိုအခါ...“မောင်ရယ် စိတ်ကိုဖော့ထားပါ... လူပြောမသန်..လူသန်မပြော..ဆိုတဲ့အတိုင်းပဲသဘောထားလိုက်ပါနော်” ဟု ချစ်သူ့စိတ်ကိုပြေလျော့စေရပါသည်။ထို့အပြင်...“မောင့်ကို ကိုယ်သိပ်ချစ်တယ်”ဟူသောစကားကို ဂါထာရွတ်သကဲ့သို့ ကိုယ်ရွတ်သည့်အခါတွင်လည်းမောင်ကစိတ်တုန်လှုပ်မှုတို့လွင့်ပါးကာ ကြည်လင်လာပြန်ပါသည်။ချစ်သူ၏ငယ်ဘ၀အငုံ့စိတ်များရိုက်ခတ်လာသည့်အခါတွင်လည်းချစ်သူသည် ကိုယ့်အားသူစိမ်းသဖွယ်ကြည့်ကာ“ကျနော်ခင်ဗျားကိုချစ်သူမတော်ချင်တော့ဘူး... တယောက်တည်းပဲအေးအေးနေချင်တယ်”ဟုဆိုတတ် ပါသေးသည်။ထိုစကားသည်ပင်ကိုယ်စိတ် ခက်ထန်မာကြောသောကိုယ့်အတွက်စိတ်ပျက်ဖွယ်ဖြစ်သော်လည်းချစ်သူကိုသိသော ကိုယ်သည် နှစ်နှစ်ခြိုက်ခြိုက်ပြုံးကာ“မောင်မချစ်လည်း ကိုယ်ကတော့ ချစ်မှာပဲ”ဟု မောင့်လည်ကို ခိုဖက်ကာမောင့်ရင်တွင်းသို့ တိုးဝင်မှီခိုကာပြန်ပြောဖြစ်သည်။ထိုအခါမောင်သည်အပြစ်ကင်းစင်စွာပြုံးကာ ကိုယ့်လက်ဖ၀ါးကို ဆုပ်ဖျစ်တတ်ပါသည်။
သို့နှင့်ပင်ချစ်သူနှင့်ကိုယ်သည်ခဏခဏနှုတ်ဆက်လျက်ကတစ်လက်မမျှပင်အဝေးမခံနိုင်ကြသော ချစ်သူစစ်များအဖြစ်ပို၍ပီပြင်လာခဲ့ပါသည်။
(၇)ချစ်သူ၏ဦးနှောက်တွင်တဘက်စွန်းရောက်သောအတွေးအခေါ်များစွာဖွဲ့စည်းပါဝင်နေသည်။ ချစ်သူသည်မိဘ၏အရှိန်အ၀ါတင့်တယ်မှုဖြင့်လုံခြုံနေရသည်နှင့်အတူတချိန်တည်းတွင်ပင် ပျက်စီးမည့်အရာများပဲဟုတွေးကာစိတ်သောကရောက်နေတတ်သောတဘက်စွန်းရောက်သူဖြစ်ပါသည်။ ထိုသို့သောအတွေးအခေါ်မှားယွင်းမှုများချစ်သူထံတွင်ရှိနေပါသည်။မိခင်ဖြစ်သူကချစ်သူ၏ကျန်းမာရေးကို အလွန်ဂရုစိုက်ပါသည်။ချစ်သူတွင်သုံးနှစ်ကြာပြီဖြစ်သောအစာအိမ်နာရောဂါရှိနေခဲ့ပါသည်။ထိုရောဂါကို ချစ်သူကအလွန်မုန်းတီးပါသည်။သို့သော်မိခင်ဖြစ်သူကထိုရောဂါကိုဂရုတစိုက်ဖြင့်ဆေးမှန်မှန်သောက်ခိုင်း
တတ်ရာချစ်သူသည်မိခင်၏ဂရုစိုက်မှုကိုလိုလားစွာအစာအိမ်နာရောဂါကိုမွေးမြူထားပြန်သည်။ချစ်သူသည် သနားစဖွယ်အစွဲအလန်းကြီးသူလည်းဖြစ်သည်။ထိုစိတ်အခြေအနေကြောင့်ပင်သူ၏စိတ်ခန္ဓာကို လုံခြုံမှုပေးထားနိုင်သည်ဖြစ်သော်လည်းသူ့ထက်အသက်အတန်းငယ်ကြီးမှု၊ပညာအနည်းငယ်မြင့်မားမှုတို့ကို အကြောင်းပြုကာကိုယ့်ကိုချစ်သူမဖြစ်စေချင်သောမာနကိုမွေးမြူသူလည်းဖြစ်သည်။ထိုမာနတို့ ကြီးမားလာသည့်အခါ...“မောင်ကမိဖုရားတစ်ပါးပဲလိုချင်တာ...ဘုရင်မကိုတော့မလိုချင်ဘူး...”ဟု ကိုယ့်နှလုံးကိုမငဲ့ညှာစွာပြောတတ်ပါသေးသည်။ထိုကြောင့်ချစ်သူသည်အလွန် စိတ်ပျက်အားမရဖွယ်ကောင်းသူလည်း ဖြစ်ပြန် ပါသည်။
(၈) ကိုယ်ကတော့သူ့နွံအတွင်းမှမလွတ်မြောက်နိုင်သူပဲဖြစ်ပါသည်။စိတ်နိမ့်ကျမှုနှင့်စိတ်ရောဂါ ရိုက်ခတ်မှုတို့ရှိနေသောချစ်သူကိုကြင်နာစွာမစွန့်ပစ်နိုင်သောသံယောဇဉ်တို့ဖြင့် ချစ်သူ့နွံအတွင်း နစ်နေသူလည်း ဖြစ်ပါသည်။ချစ်သူတွင်လိုအပ်နေသောနွေးထွေးသည့်မိဘအချစ်နှင့်သိပ်သည်းသော ချစ်သူတို့ကိုကိုယ်ကသာနားလည်စွာပေးအပ်နိုင်သည်ဟူသောသူရဲကောင်းစိတ်(ကိုယ့်ကိုယ်ကို အထင်ကြီးစိတ်)တို့ဖြင့် မောင့်နံဘေး တွင် ရပ်တည်နေမိသည်။ဝန်းကျင်တခုတွင်အတိုင်းအတာတစ်ခုအထိ လူသိများသော၊၀န်းကျင်ကသဘောကျသောချစ်သူစုံတွဲဘ၀ကိုတပ်မက်လှစွာနားလည်နိုင်သူတို့သာတန်ဖိုးထားသော မောင့်အနုပညာအောင်မြင်မှုကို မြတ်နိုးစွာ မောင့်ချစ်သူ ဘ၀ကိုခုံမင်စွာကိုယ်သည်ဘ၀တွင်ကျေနပ်စွာနေထိုင်နေခဲ့ပါသည်။ကိုယ်အတွက်မူ အချစ်ဆိုသည်မှာမောင်ဖြစ်ပါသည်။ချစ်သူဖြစ်ပါသည်။ချစ်သူနှင့်ကိုယ်၏ယိုင်လိုက် တည့်မတ်လိုက်ရှိနေသောဘ၀လေးပင်ဖြစ်ပါသည်။ချစ်သူ၏စိတ်ကိုထိန်းမတ်ပေးရသော ၀တ္တရားလေးလည်းဖြစ်ပါသည်။
(၉)ပန်းချီသမားပီသလှစွာသောချစ်သူသည်များသောအားဖြင့်ကိုယ့်ကိုအလိုမကျဖြစ်နေတတ်သည်။ လှပသောမိန်းမပျိုလေးများကိုပန်းချီကားချပ်များကဲ့သို့ငေးမောကြည့်လိုသောချစ်သူနှင့်အလွန် သ၀န်တိုတတ်သောကိုယ်သည်မကြာခဏပဋိပက္ခဖြစ်တတ်ပါသည်။ထိုအခါများတွင်ကိုယ်သည် ချစ်သူကိုဖေါက်ပြန်လိုသူဟုရင်တွင်းမှအကြိမ်ကြိမ်စွပ်စွဲကာအလွန်သောကများရပါသည်။
နှုတ်မှဖွင့်ပြောလျှင်အေးဆေးသောချစ်သူစိတ်ညစ်မည်ကိုစိုးမိပါသည်။သို့သော်ချစ်သူ၏ပွင့်လင်းရိုးစင်းမှုကို သိသောကိုယ်ဖြစ်သည့်အတွက်ကြောင့်လည်းအဆုံးတွင်ချစ်သူနှင့်အတူအလှအပတို့ကိုလိုက်ပါခံစား ရစမြဲပင် ဖြစ်သည်။
(၁၀) ချစ်သူသည် “မောင် အချစ်ကိုသိပ်တွယ်တာတာပဲ၊သိပ်အားကိုးတာပဲ၊အချစ်ရှိနေရင်သိပ်လုံခြုံတာပဲ” ဟုတဖွဖွပြောခြင်းဖြင့်ကိုယ့်ရင်ကိုချည်နှောင်နိုင်ပါသည်။ကိုယ်ကလည်းချစ်သူ့အပေါ်သံယောဇဉ်ကြီးစွာ သူ၏ဆိုးမျိုးကိုသည်းးခံနိုင်ခြင်းဖြင့်ချစ်သူကိုချည်နှောင်ထားပါသည်။ထိုချည်တွယ်မှုသည်ပင် အချစ်ဖြစ်သည်ကိုအလွန်ရိုးစင်းသောမောင်ကနားမလည်တတ်သေးပါ။ထို့ကြောင့်ပင်ကိုယ့်ကိုချစ်သည် ဟူသောအသုံးအနှုံးမျိုးမသုံးခြင်းဖြစ်မည်ဟုကိုယ်ကယူဆပါသည်ချစ်သူသည်မည်သို့မှအစားထိုးမရနိုင်သော အရည်အချင်းများစွာကို ပိုင်ဆိုင်သည်။ချစ်သူပီသသောအပြုအမူအနေအထိုင်နှင့်တကွစကားချိုတို့ကို မဖေါ်ပြတတ်သောမောင်သည်ဘ၀ဖွဲ.အချစ်ဖွဲ့ကဗျာများစွာကိုအောင်မြင်နိုင်စွာသီကုံးနိုင်သည်။
ဖန်တီးရခက်ခဲဟန်ရှိသောပန်းချီအလှများစွာကိုလည်းဖန်ဆင်းနိုင်သည်။နက်နဲသိမ်မွေ့သောအသိတရား များစွာကိုလည်းဆင်ခြင်နိုင်စွမ်းသည်။အထူးသဖြင့်အကြည့်တစ်ချက်အပြုံးတစ်ချက်မျှနှင့်ပင်သူ၏ချစ်သူ (ကိုယ့်)ကိုစည်းရုံးနိုင်စွမ်းသူ ဖြစ်ပါသည်။
(၁၁) ချစ်သူသည်ဆန့်ကျင်ခြင်းများစွာနှင့် ဒွန်တွဲဖြစ်တည်နေသူဖြစ်သည်နှင့်အတူ ကြောက်ရွံ့ နာကျင်နေခြင်း၊ မိမိပိုင်အရည်အချင်းကို ယုံကြည်စွာ ပတ်ဝန်းကျင်တွင် နေပျော်သည်နှင့်အတူ ၀န်းကျင်၏ပုပ်အဲ့မှုကို ရွံမုန်းစွာ စိတ်ပျက်နေတတ်ခြင်း၊ ချစ်သူ(ကိုယ့်)ကို ချစ်ခင် တွယ်တာမှုနှင့်အတူ အပူအပင်ကင်းစွာ အနှောင်အဖွဲ့ကင်းစွာ နေလိုခြင်းတို့နှင့် မောင်သည် ပူလောင်ခြင်းတလှည့် ငြိမ်းအေးခြင်းတလှည့်နှင့် နေရသူပင် ဖြစ်ပါသည်။ ချစ်သူသည် အလိုလောဘကြီးစွာဖြင့် ပူလောင်တတ်သူလည်း ဖြစ်ပါသည်။ချစ်သူကို...မာမီနှင့်ဒက်ဒီ နားမလည်နိုင်ပါ။ညီနှင့်ညီမကလည်း နားမလည်နိုင်ပါ။ချစ်သူ၏ရည်းစားဦးကလည်းနားမလည်နိုင်ပါ။ထို့အပြင်ကိုယ်ကလည်းနားမလည် နိုင်ခဲ့ပါ။ အဆုံးတွင်ချစ်သူသည်ကိုယ့်ကိုယ်ကိုပင်နားမလည်ပါ။ထိုအခါသူ၏အလိုမပြည့်သောဘ၀ကို တပ်မက်ဖက်တွယ်ကာမသိခြင်းများအကြားတွင်ချစ်သူသည်ယဉ်ပါးနေခဲ့ပါသည်။ 
(၁၂) ချစ်သူနံဘေးတွင်ကိုယ်အမြဲရှိနေပါသည်။ချစ်သူ၏စိတ်အာရုံနှင့်နှလုံးသည်းပွတ်တွင်ကိုယ်အမြဲ ရှိနေပါသည်။ချစ်သူ၏ နှုတ်ဖျားတွင်မည်သူ့ကိုမျှမချစ်ကြောင်းများရှိနေပါမည်။(ချစ်သူကမည်သူ့ကှိုမျှ မယုံပါ)။ချစ်သူ၏ရင်တွင်းတွင်လောကအတွင်းအနေရခက်မှုဟူသောဝေဒနာများရှိနေပါမည်။ချစ်သူ၏ နက်ရှိုင်းလှသောရင်တွင်းတနေရာတွင်သိမ်မွေ့သိုဝှက်လှသော“အချစ်”တရား ရှိနေပါမည်။ထိုအချစ်သည် ကိုယ်မဟုတ်ပါ။ဒက်ဒီမဟုတ်ပါ။မာမီမဟုတ်ပါ။ညီနှင့်ညီမလည်းမဟုတ်ပါ။ရည်းစားဦးလည်းမဟုတ်ပါ။ ချစ်သူကိုယ်တိုင်လည်းမဟုတ်ပါ။သေချာသည်မှာချစ်သူကိုယ်တိုင်ပင်မသိသောလိုအင်ဆန္ဒတစ်ခုသာဖြစ်ပါသည်။
(၁၃) သေချာသည်မှာချစ်သူ၏ရင်တွင်း၌ပုပ်သိုးသောစိတ်ထားမရှိပါ။ကောက်ကျစ်သောစိတ်ထား အကြံအစည်မရှိပါ။ညစ်ညမ်းသောစကားလုံးများလည်းမရှိပါ။ထိုအခါ...ကိုယ်သည်ချစ်သူကို တန်ဖိုးထားစွာမြတ်နိုးလှပါသည်။ထို့ကြောင့်ချစ်သူ၏လိုအင်ဆန္ဒကိုကိုယ်ဖြည့်ဆည်းရပါသည်။
ချစ်သူအတွက်စာကြိုးစားရပါသည်။အလှပြင်ရပါသည်။ချစ်သူနှင့်အတူလမ်းလျှောက်ရပါသည်။ စိတ်ကောက်တတ်သည့်အကျင့်ကိုဖျောက်ရပါသည်။ကဗျာရေးစာရေးခြင်းကိုချစ်သူလောက် မချစ်ဘဲနေရပါသည်။မိန်းမပီသစွာနူးညံ့သိမ်မွေ့ရပါသည်။ထို့အပြင်ချစ်သူအလိုမကျ၍ဖြုတ်သောလက်တွဲကို ဘာသာလိုက်လံဖမ်းယူဆုပ်တွဲရပါသည်။ချစ်သူ၏လက်ဖ၀ါးကိုကိုင်ဆုပ်ကာလမ်းလျှောက်ရပါသည်။ ၀မ်းနည်းသော်လည်းမငိုသည့်စိတ်ခိုင်မာမှုကိုမွေးယူရပါသည်။တနည်းတဖုံဖြင့်မူချစ်သူသည်ကိုယ့်ကို လက်နက်ကောင်းများစွာတပ်ဆင်ပေးသည်ဟုပင်ဆိုရမည် ဖြစ်ပါသည်။
ကိုယ့်အမြင်ဖြင့်မူ ချစ်သူသည် အရာရာကို ဖန်တီးနိုင်စွမ်းသော ဖန်ဆင်းရှင် ဖြစ်ပါသည်။ လောကကို အနုပညာဖြင့် အနိုင်ရနေသော သူရဲကောင်းလည်း ဖြစ်ပါသည်။ ချစ်သူမိန်းကလေးတစ်ဦးကို လိုရာပုံ သွင်းနိုင်သော ပန်းပုဆရာကောင်းတစ်ယောက်လည်း ဖြစ်ပါသည်။ ချစ်သူသည် ကိုယ့်ဘ၀တွင် ပန်းများကို ပွင့်စေသူ၊ နေခြည်သာကို ထွန်းတောက်စေသူ၊ စမ်းရေသံသာကို စီးဆင်းစေသူဟု ကိုယ်က ယူဆပါသည်။ ထိုအခါ...ချစ်သူသည် ကိုယ့်လူမှုလောကအတွင်းတွင် ကြီးကျယ်မြင့်မြတ်စွာ ခိုင်မာစွာ စွဲမြဲနေပါ တော့သည်။
      ချစ်သူဟူသည် ချစ်ရသောသူတဦးဖြစ်ရန်သာလိုအပ်သည်ဟုလည်းကိုယ်ကယူဆသည်လေ။
                                                ဒေါ်လေမေငြိမ်း