Friday, March 1, 2013

ဗုဒ္ဓ၏ဓမ္မအသံဖြင့် နားကိုအလှ ဆင်ကြပါကုန်



အခါတစ်ပါး၌ဘုရားရှင်သည်နန္ဒမထေရ်တရားဟောနေသောနေရာသို့သွား၍ညဥ့်သုံးရံကာလပတ်လုံး တရားနာကြားပြီးသာဓုခေါ်ဆိုတော်မူ၏။နန္ဒမထေရ်သည်ထိုသို့ရပ်လျက်တရားနာကြားနေသော ဘုရားရှင်အားမြင်သော်လာရောက်ကာလက်အုပ်ချီမိုးရှိခိုးလျက်ဘုရားရှင်အားဤသို့လျှောက်ထား၏။
“ဘုန်းတော်ကြီးတော်မူသောမြတ်စွာဘုရား…အရှင်ဘုရားသည်အလွန်နူးညံ့သိမ်မွေ့ခြင်းရှိတော်မူပါလျက် လွန်စွာပြုနိုင်ခဲသောအမှုကိုပြုတော်မူပါပေစွ။”ဟူ၍ဖြစ်၏။
ထိုအခါဘုရားရှင်ကနန္ဒမထေရ်အားမိန့်ကြားတော်မူသည်မှာ-
“အိုချစ်သားနန္ဒ…သင်သည်တစ်ကမ္ဘာပတ်လုံးတရားဟောခြင်းငှာစွမ်းနိုင်အံ့။ငါဘုရားသည်လည်း ရပ်လျက်ပင်တစ်ကမ္ဘာပတ်လုံးတရားနာတော်မူအံ့။”ဟူ၍မိန့်တော်မူခဲ့လေ၏။
တရားအလုံးစုံကိုကိုယ်တော်တိုင်သိမြင်တော်မူသောမြတ်စွာဘုရားသည်ပင်တရားနာကြားခြင်းအမှုကိုဤမျှ အလေးအနက်ထားသော်ပုထုဇဉ်တို့မှာမူအဘယ်မှာလျှင်အလေးအနက်မထားဘဲနေသင့်ပါမည်နည်း။ နားကိုအဘယ်သို့သောသဒ္ဒါရုံအသံဖြင့်အလှဆင်ပါမည်နည်း။နားကိုအလှဆင်ရာ၌ဓမ္မအသံဖြင့်
အလှဆင်သင့်ပေ၏။မကောင်းမှု၌မွေ့လျော်နေသောစိတ်သည်မကောင်းသော သဒ္ဒါရုံသို့သာမွေ့လျော်နေတတ်ပေရာစိတ်ကိုစောင့်ရှောက်ပေးရပေမည်။စိတ်ကိုမစောင့်ရှောက်ဘဲ လိုရာသို့လွှတ်ပေးထားသော်ကိလေသာ၏ခြယ်လှယ်မှုကြောင့်မကောင်းသောသဒ္ဒါရုံသို့သာ
နှစ်သက်ရင်းနှစ်သက်ရင်းဖြင့်ကြာလျှင်ဥပါဒါန်သို့ရောက်လာပေ၏။၎င်းအဆင့်သို့ရောက်လာခဲ့သော်မရမက အားထုတ်မှုတို့သည်ဆက်၍လာပေမည်။ထိုသဒ္ဒါရုံကိုမကြားရမနေနိုင်ဖြစ်လာပေမည်။မကောင်းသော သဒ္ဒါရုံဆိုရာ၌စိတ်ကိုကိလေသာအနှောင်အဖွဲ့ဖြစ်စေသော၊အပြစ်လည်းမကင်းစေသောအသံတို့ကို ဆိုလိုခြင်းဖြစ်၏။ထို့ကြောင့်နားကိုအလှဆင်ရာ၌ဗုဒ္ဓ၏အဆုံးအမတော်များဖြစ်သည့်ဓမ္မအသံဖြင့် အလှဆင်သင့်ပေသည်။တရားနာကြားခြင်းကြောင့်ရရှိသောအကျိုးတို့မှာပြောပြ၍မကုန်နိုင်ပါပေ။ တရားနာကြားခြင်းကြောင့်ဦးစွာစိတ်ကိုငြိမ်းချမ်းစေပေသည်။ဓမ္မသည်မှန်ကန်သောဗုဒ္ဓ၏သစ္စာစကားများ
ဖြစ်ခြင်းကြောင့်ဓမ္မကိုနာကြားရခြင်းဖြင့်မှန်ကန်သောအသိပညာနှင့်ကောင်းမှု၌မွေ့လျော်လိုသော သတိတရားတို့ ဖြစ်လာပေသည်။သစ္စာစကားကိုနာကြားရမှသစ္စာတရားကိုရနိုင်ပေမည်။
ဘုရားရှင်လက်ထက်ကဖားနတ်သားဝတ္ထုကိုလူတိုင်ကြားဖူးကြပါသည်။ဗုဒ္ဓ၏အသံတော်ကို သာယာသောစိတ်ဖြင့်နာကြားနေချိန်နွားကျောင်းသား၏တုတ်ဖြင့်သေဆုံးပြီးနတ်ပြည်၌ နတ်သားဖြစ်ရပေသည်။ထို့နောက်နတ်ပြည်မှမိမိ၏ဘ၀ဟောင်းကိုပြန်ကြည့်ပြီးဗုဒ္ဓ၏တရားအသံ မဆုံးသေးခင်လူပြည်သို့ဆင်းကာဆက်လက်တရားနာကြားခြင်းကြောင့်သောတာပန်တည်ခဲ့လေ၏။
တဖန်လက်ယာတော်ရံအရှင်သာရိပုတ္တရာကိုယ်တော်ကြီး၏တပည့်ရဟန်းငါးရာတို့သည်လည်း တစ်ခုသောဘ၀မှာလင်းနို့ငါးရာဖြစ်ခဲ့ကြရာပဋ္ဌာန်းရွတ်ဆိုသောအသံကိုကြည်နူးဝမ်းမြောက်မှုဖြင့် နာကြားခဲ့ဘူးသောအထုံကြောင့်ကျွန်တော်တို့မြတ်စွာဘုရားလက်ထက်၌အဘိဓမ္မာဆောင် ရဟန္တာငါးရာဖြစ်ခဲ့ကြပေသည်။
လောက၌သေခြင်းတရားမရှိသောသန္တိသုခကိုရရှိသောသူလောက်ချမ်းသာသောပုဂ္ဂိုလ် အဘယ်မှာရှိအံ့နည်း။ထိုသုခကိုရရှိအောင်လမ်းညွှန်ပေးသောဗုဒ္ဓ၏ဓမ္မအသံဖြင့်နားကိုအလှဆင်ကြပါကုန်။ ဗုဒ္ဓ၏သစ္စာစကားတို့ကိုနာကြားခွင့်ရရှိကြသောသူတို့မှာလည်းအလွန်ရခဲလှစွာသောလူ့ဘ၀ကိုပိုင်ဆိုင် ထားသူတို့ဟူ၍မိမိကိုယ်ကိုသိရှိပြီးတရားတော်အတိုင်းလက်တွေ့ကျင့်ကြံနေထိုင်သွားကြပါဟူ၍လည်း ဤဓမ္မဘလော့ဘ်ပို့စ်ဖြင့်တိုက်တွန်းနှိုးဆော်ရင်းဓမ္မဒါနပြုလိုက်ရပါသည်။

No comments:

Post a Comment