Tuesday, March 12, 2013

စစ်မှန်သော ကိုးကွယ်မှုမှတစ်ပါး


ဗုဒ္ဓဘာသာမှာထေရ၀ါဒဗုဒ္ဓဘာသာနဲ့မဟာယာနဗုဒ္ဓဘာသာဆိုပြီးတော့နှစ်မျိုးရှိပါတယ်။ ကျနော်တို့မြန်မာလူမျိုးတွေကိုးကွယ်နေတဲ့ဗုဒ္ဓဘာသာဟာထေရ၀ါဒဗုဒ္ဓဘာသာပါ။ထေရ၀ါဒရဲ့ အဓိပ္ပါယ်ကတော့ထေရဆိုတာခိုင်မြဲခြင်း၊၀ါဒဆိုတာတော့အယူအဆပါ။ဘာတွေနဲ့ခိုင်မြဲလည်းဆိုတော့ သရဏဂုံသုံးပါး၊သိက္ခာသုံးရပ်၊မဂ္ဂင်(၈)ပါးတို့နဲ့ခိုင်မြဲပါတယ်။အဲ့ဒီ့သုံးရပ်တို့နဲ့ခိုင်မြဲတဲ့မထေရ်တို့ရဲ့ လက်ဆင့်ကမ်းသယ်ဆောင်ခဲ့တဲ့ဝါဒ(အယူအဆ)ကိုထေရ၀ါဒလို့ခေါ်ပါတယ်။ဗုဒ္ဓဘာသာဆိုတာကတော့ ဗုဒ္ဓဟုခေါ်သည့်သဗ္ဗညုဘုရားရှင်တော်မြတ်၏တရားတော်ကိုဗုဒ္ဓဘာသာလို့ခေါ်ပါတယ်။ ဗုဒ္ဓရှင်တော်မြတ်၏အဆုံးအမအတိုင်းလိုက်နာကျင့်ကြံနေထိုင်သူကိုတော့ဗုဒ္ဓဘာသာဝင်လို့ခေါ်ပါတယ်။
ထေရ၀ါဒဗုဒ္ဓဘာသာဝင်စစ်စစ်ဆိုတာကတော့ဘုရား၊တရား၊သံဃာဟူသောရတနာမြတ်သုံးပါးကို စစ်မှန်သောသဒ္ဓါတရားဖြင့်သက်ဝင်ယုံကြည်ပြီးသရဏဂုံဆောက်တည်ပါမှဗုဒ္ဓဘာသာဝင် စစ်စစ်ဖြစ်တယ်လို့ဆိုပါတယ်။ဒီလိုဆိုရင်ဗုဒ္ဓဘာသာဝင်တစ်ဦးစစ်စစ်ဖြစ်ဖို့ရတနာမြတ်သုံးပါး အကြောင်းကိုကောင်းစွာသိရှိထားရန်လိုအပ်သလိုပညာနဲ့ယှဉ်ပြီးကိုးကွယ်ဆည်းကပ်ပူဇော်တတ်ဖို့လည်း အရေးကြီးပါတယ်။
စစ်မှန်သောကိုးကွယ်မှုဆိုတာကတော့တရားနာမြတ်သုံးပါးဟုဆိုအပ်သောဘုရား၊တရား၊သံဃာမှတပါး အခြားသောမည်သည့်အရာမှကိုးကွယ်ဆည်းကပ်ခြင်းမပြုတာကိုခေါ်ပါတယ်။ဒါဆိုတခြားသော အရာတွေကိုကိုးကွယ်ဆည်းကပ်ရင်ဘာဖြစ်မလဲ?ဘုရား၊တရား၊သံဃာမှတပါးအခြားအရာတွေကိုကိုးကွယ် ဆည်းကပ်မယ်ဆိုရင်တော့ဗုဒ္ဓဘာသာဝင်စစ်စစ်လို့ပြောလို့မရတော့ပါဘူး။အဲ့လိုမျိုးဗုဒ္ဓဘာသာကိုတော့ မျိုးမစစ်ဗုဒ္ဓဘာသာလို့ခေါ်ပါတယ်။ဘာလို့ဒီအချက်ကိုအဓိကထားပြောရလဲဆိုတော့ကျနော်တို့တွေရဲ့ ဗုဒ္ဓဘာသာမှာသရဏဂုံဆိုတာအသက်ပါ။သရဏဂုံမှကောင်းစွာတည်မထားတဲ့လူတစ်ယောက်ဟာ ဘယ်လောက်ပဲတရားတွေအားထုတ်နေပါစေ...သရဏဂုံကောင်းစွာတည်မထားတဲ့အတွက်တရားရဖို့ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ဒါဘာလို့လည်းဆိုတော့ဘုရား၊တရား၊သံဃာမှတပါးအခြားအရာကို ကိုးကွယ်လိုက်ပြီဆိုတကည်းကသူ့မှာကံနဲ့ကံရဲ့အကျိုးကိုမယုံကြည်တော့ဘူးဆိုတာယူဆလို့ ရပါတယ်။နောက်ပြီးဘုရားမှတစ်ပါးအခြားအရာကိုကိုးကွယ်လိုက်ပြီဆိုကတည်းကဘုရားကိုသာမက ဘုရားရဲ့အဆုံးအမကိုပါမယုံကြည်ရာရောက်တဲ့အတွက်ဘုရားကိုစော်ကားရာရောက်ပါတယ်။
ကျနော်တို့လူမျိုးတွေအများဆုံးဖြစ်နေကြတဲ့အယူစွဲတွေရှိပါတယ်။အတိတ်နမိတ်၊နက္ခတ်၊ဗေဒင်၊ယတြာ၊ လက္ခဏာ၊အိမ်မက်တိတ္တုံ၊ရက်ရာဇာ၊ပြဿဒါးစသည့်အယူအစွဲတွေတော်တော်ရှိကြပါတယ်။နောက်ပြီး.. ဘိုးတော်၊အမ်းကုန်း၊သူရဿတီ၊ဘိုးမင်းခေါင်၊အောင်မင်းခေါင်၊နတ်အမျိုးမျိုးစသည့်အရာတွေကို ကိုးကွယ်ကြတာတွေရှိပါတယ်...ပြောရမယ်ဆိုရင်တော့အများကြီးပေါ့။အထူးသဖြင့်မိန်းမတွေပေါ့ဗျာ၊
သူတို့ဘာသာသူတို့ဘာတွေပဲဖြစ်နေပါစေ...ဘုရား၊တရား၊သံဃာမှတပါးအခြားသောအရာတွေကို ကိုးကွယ်လိုက်ပြီဆိုရင်စစ်မှန်သောကိုးကွယ်မှုမဟုတ်တော့ပါဘူး။အဲ့လိုမျိုးဘုရား၊တရား၊သံဃာကို မျက်နှာလွဲပြီးအခြားအရာကိုကိုးကွယ်လိုက်ပြီဆိုကတည်းကဘုရားအဆုံးအမကိုပါမျက်နှာလွဲရာ
ရောက်သွားပါတယ်။
 အိမ်မှာဘုရားဆင်းတုရှိတယ်...ဘုရားရှင်ဆုံးမထားခဲ့တဲ့တရားတော်တွေရှိတယ်။ဒီဟာတွေကို မျက်နှာလွဲပြီးတော့ကိုယ်ကဗေဒင်သွားမေးမယ်ဆိုပါစို့။ဗေဒင်သွားမေးလိုက်ပြီဆိုကတည်းက ဘုရားရှင်အဆုံးအမကိုပါယ်လိုက်ပါပြီ။ဗေဒင်မေးပြီဆိုကတည်းကကံနဲ့ကံရဲ့အကျိုးကိုမယုံကြည်တော့ဘူး။ ဘုရားအဆုံးအမတွေကိုမယုံကြည်တော့ဘူး..။ဘုရားရှင်ဆုံးမခဲ့တဲ့ကောင်းတာလုပ်ရင်ကောင်းကျိုးပေးမယ်.. မကောင်းတာလုပ်ရင်မကောင်းကျိုးပေးမယ်ဆိုတာကိုလည်းမယုံကြည်တော့ပါဘူး။သူများကိုအားကိုးမှ ရမယ်ဆိုတဲ့စိတ်တွေဝင်လာတယ်..အချောင်ရချင်တဲ့စိတ်တွေဝင်လာတယ်..။ဒီလိုဆိုရင်ဘုရားဟောတဲ့ မိမိကိုယ်သာကိုးကွယ်အားကိုးရာဆိုတဲ့စကားကိုပယ်လိုက်ရာရောက်ပါတယ်။
နောက်ပြဿဒါး၊ရက်ရာဇာဆိုတာတွေလည်းဒီအတိုင်းပါပဲ။ဘုရားရှင်ကဆုံးမခဲ့တယ်..သုနက္ခတ္တံသုမင်္ဂလံ တဲ့.. ကောင်းတာလုပ်နေတဲ့အချိန်ဟာကောင်းတဲ့နက္ခပဲတဲ့။ဒါဆိုရင်မကောင်းတာလုပ်နေတဲ့ အချိန်ဆိုရင်တော့မကောင်းတဲ့နက္ခတ်ပေါ့။ဒီအချက်ကိုပါယ်ပြီးတော့နေ့ကောင်းရက်မြတ်ရွေးတာတို့.. ရက်ရာဇာရွေးတာတို့..ဒါတွေဟာဘုရားဆုံးမခဲ့တဲ့တရားကိုပါယ်ရာရောက်သွားပါတယ်။သကြားဟာ ဘယ်နေ့စားစားချိုသလိုပါပဲ..ဆားဟာလည်းဘယ်နေ့စားစားငန်မှာပါပဲ။ဒါကိုရက်ကောင်းတွေရွေးပြီးမှ လုပ်ကြတယ်ဆိုရင်..ဒီအချက်ဟာလည်းကံနဲ့ကံရဲ့အကျိုးကိုမယုံကြည်တော့တာပါပဲ။ဒါဆိုရင် အဲ့ပုဂ္ဂိုလ်ဟာဘုရားအဆုံးအမကိုပါယ်သွားပြီ။ဒီအချက်တွေဟာမြင်သာအောင်အနည်းငယ်လောက်ကိုပဲ ထုတ်ပြလိုက်တာပါ။တခြားဟာတွေကိုလည်းဖြန့်တွေးလို့ရလောက်ပါပြီ..။ကိုယ့်ကိုကိုယ် တိုးတက်အောင်..ကြီးပွားအောင်..အောင်မြင်အောင်..ဘယ်သူမှမစလို့မရနိုင်ပါဘူး။ဘယ်နတ်၊ ဘယ်ဘိုးတော်၊ဘယ်ဗေဒင်ဆရာ၊ဘယ်နက္ခတ်မှလည်းအားကိုးလို့မရပါဘူး။မိမိကိုယ်သာလျှင် အားကိုးရမှာပါ။ဘုရားရှင်ကလည်းသူ့ကိုတိုင်တည်..သူ့ကိုသာအားကိုးလို့မမှာခဲ့ပါဘူး။ဒါပေမယ့် ဘုရားရှင်ကနည်းလမ်းတော့ပေးခဲ့ပါတယ်။မင်းတို့ရဲ့ကံ၊ဥာဏ်၊၀ရိယကိုအားကိုးပါတဲ့။တုနှိုင်းမဲ့တဲ့ တန်ခိုးတော်အနန္တနဲ့ပြည့်စုံတဲ့ဘုရားရှင်တောင်သူ့ကိုအားမကိုးခိုင်းခဲ့ဘူးနော်။သူများကိုအားကိုးဖို့ဆိုရင်တော့ မပြောပါနဲ့တော့။
 ဒီလောက်ဆိုရင်သရဏဂုံသုံးပါးမှတပါးအခြားအရာတွေကိုမကိုးကွယ်ထိုက်ဖူးဆိုတာလက်ခံလောက်ပြီ ထင်ပါတယ်။ဘုရား၊တရား၊သံဃာကိုယုံကြည်ကိုးကွယ်ရင်..စိတ်လည်းရှင်းတယ်..ခေါင်းလည်းရှင်းပါတယ်။ ဘယ်သူ့ကိုမှအားမကိုးပဲကိုယ့်အားကိုယ်ကိုးတဲ့အတွက်လည်းကိုယ့်ကိုကိုယ်ယုံကြည်မှုရှိလာပါတယ်။ ဟိုဗေဒင်ဆရာပြောဟုတ်နိုးနိုး..ဒီဘိုးတော်ပြောဟုတ်နိုးနိုး...ပြဿးဒါးရက်ရာဇာရွေးရဟုတ်နိုးနိုးနဲ့ ကိုယ့်ကိုကိုယ်အားမကိုးပဲသူများပြောဟုတ်နိုးနိုးလိုက်နေရတဲ့အရူးဘ၀ကလည်းလွတ်ကင်းပါတယ်။ အရူးဘ၀ကကင်းလွတ်တဲ့အတွက်လည်းစိတ်ချမ်းသာပါတယ်။စိတ်ချမ်းသာတဲ့အတွက်လည်းတရားထူး တရားမြတ်ရဖို့လွယ်ကူပါတယ်။ဒါ့ကြောင့်စစ်မှန်သောရတနာမြတ်သုံးပါးကိုးကွယ်မှုမှတစ်ပါး..အခြားသော မည်သည့်ပုဂ္ဂိုလ်၊မည်သည့်နက္ခမည်သည့်အယူမှအားမကိုးပဲကိုယ့်အားကိုယ်ကိုးပြီး ဗုဒ္ဓရဲ့ဆုံးမသြ၀ါဒတွေကိုလက်ကိုင်ထားနိုင်ကြဖို့အရေးကြီးပါတယ်။ဗုဒ္ဓဘုရားရှင်ရဲ့ ဆုံးမသြ၀ါဒတွေကတော့..

အားကိုးရာအစစ်ကား ဗုဒ္ဓ၊ ဓမ္မ၊ သံဃာ
မိတ်ဆွေအစစ်ကား ကံ၊ ဥာဏ်၊ ၀ရိယ
ရန်သူအစစ်ကား လောဘ၊ ဒေါသ၊ မောဟ
နေ့စဉ်အလုပ်ကား ဒါန၊ သီလ၊ ဘာဝနာ
အမြဲနှလုံးသွင်းရန်ကား အနိစ္စ၊ ဒုက္ခ၊ အနတ္တ
အမြဲလက်ကိုင်ထားရန်ကား ခန္ဓီ၊ မေတ္တာ၊ သစ္စာ

စစ်မှန်သောကိုးကွယ်မှုဖြင့်ဗုဒ္ဓဘုရားရဲ့ဆုံးမသြ၀ါဒများကိုလက်ကိုင်ထားလိုက်နာကျင့်သုံးပြီး မဂ်ဖိုလ်နိဗ္ဗာန်သို့တက်လှမ်းနိုင်ကြပါစေ…။

No comments:

Post a Comment